October 19, 2010
ကောင်းမှုနှင့်တောင်းဆု
လောကလူသားမှန်သမျှ ဆုတောင်းကြသည်။ အမှန်တကယ်တော့ ဆုတောင်းခြင်းသည် မိမိ၏ ဆန္ဒကို ထုတ်ဖော်ခြင်း၊ တိုင်တည်ခြင်းဖြစ်၏။ တခါတရံ မိမိဖြစ်ချင်သည့် ဆန္ဒကို ပြည့်ဝဖို့ တောင့်တမိ၏။ ဖြစ်ချင်သည့် ဆန္ဒ၊ လိုချင်သည့်အရာတို့ကို ရယူဖို့ ဆိုသည်မှာလည်း ဖြစ်ချင် လိုချင်တိုင်း မရနိုင်။ လောကစကားနှင့် ဆိုရလျင် တစ်ခုပေးမှ တစ်ခု ရနိုင်မည် ဖြစ်သည်။ ဒါက လောကစကား။ ပစ္စည်းဝတ္ထုကို မူတည်ပြီး တွက်ချက်သည့် ပုံစံ။ ဤပုံစံနှင့် ကြည့်ပြန်လျှင်လည်း မိမိလိုချင်သင့် ဆုကို ရဖို့ ကောင်းမှု တစ်ခုခုကို ပြုလုပ်ရမည်မှာ အမှန်ပင်ဖြစ်သည်။
စိတ်ဓာတ်ဖြူလျှင်၊ သူတော်စင်၊ ယုတ်လျှင် သူယုတ်မာ
သို့သော် စိတ်ပိုင်းဆိုင်ရာနှင့် တွေးကြည့်ပြန်လျင် ပစ္စည်းဝတ္ထုက ပဓာနမကျ၊ စိတ်စေတနာ ဖြူစင်ဖို့၊ ယုံကြည်မှုများ ပြည့်ဝဖို့က ပိုမို အရေးကြီးလာပြန်သည်။ လောကကြီးကိုသာကမ ဘဝသံသရာကြီးကိုပါ စိတ်ကသာ ဦးဆောင်လွှမ်းမိုး အုပ်စိုးထားသည်ပင်။ လူသားတို့သည် စိတ်ကြောင့် အရာရာတိုးတက် ဖွံ့ဖြိုး စည်ပင်ခဲ့ကြသလို။ စိတ်ကြောင့်ပင်လျှင် အရာရာဆုတ်ယုတ် နှောင့်နှေး ပျက်စီးခဲ့ကြရပြန်၏။ ထိုကြောင့် “စိတ်ဓာတ်ဖြူလျှင်၊ သူတော်စင်၊ ယုတ်လျှင် သူယုတ်မာ” ဟု စိတ်ဓာတ်နှင့်လုပ်ရပ်ကို ဦးစားပေးကာ ဆို စမှတ် ပြုခဲ့ကြ၏။
မြန်မာ့စကားပုံ
မြတ်ဗုဒ္ဓကလည်း အရာကို စိတ်က ဦးဆောင်လွှမ်းမိုးသည်ဟု အတိအကျ ဟောတော်မူထားပြီးဖြစ်၏။ မိမိ ဘာကောင်းမှုကို ပြုလုပ်လိုက်သည် ဆိုတာထက် ဘယ်စေတနာမျိုးနှင့် ပြုလုပ်လိုက်သည် ဆိုတာက ပို၍ အရေးကြီး၏။ ကောင်းမှုက ငယ်သော်လည်း စေတနာကကြီးလျှင် အကျိုးပေးများ၏။ ကောင်းမှုကကြီးသော်လည်း စေတနာက ငယ်နေလျှင် အကျိုးပေးနည်းပေလိမ့်မည်။ “ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက် ရ၍၊ ညောင်ပင်ကြီးလောက် လှူသော်လည်း ညောင်စေ့လောက်သာ ရ၏”ဟု မြန်မာ့စကားပုံ၌ အသိအမှတ်ပြုထား၏။
အရိပ်သဖွယ်
ဘဝဘဝတိုင်းတွင် ပေးကမ်းလှူဒါန်းမှုသည် အရေးအကြီးဆုံးဖြစ်၏။ လူသားမှန်သမျှ ကူညီနားလည်မှု၊ ဖေးမစာနာမှုတို့ဖြင့် ပေးကမ်းလှူဒါန်းသင့်၏။ လူသား မှန်သမျှဖြစ်၏။ ဘာသာရေး ခေါင်ဆောင်၊ တရားကျင့်ကြံကြသည့် မည်သည့် ပုဂ္ဂိုလ်မဆို မိမိတို့ စွမ်းနိုင်သည့်ဖက်က စွန့်လွှတ်လှူဒါန်းမှု ပြုလုပ်သင့်ကြောင်း မြတ်ဗုဒ္ဓ၏ ပါရမီဖြည့်ကျင့်စဉ်ကာ အကိတ္တိရသေ့ဘဝတွင် အတုယူလိုက်နာစရာအဖြစ် တွေ့ရှိနိုင်သည်။ အထူးသတိထားသင့်သည်မှာ အလှူဒါန(သို့မဟုတ်) ကောင်းမှုတစ်ခုခု၏ နောက်တွင် တောင်းဆုသည် မဖြစ်မနေ အရိပ်သဖွယ် ကပ်လျှက်ရှိနေသည်ကိုတော့ သတိပြုသင့်၏။
ပွားများမိကြ သံဝေဂ
ဘုရားအလောင်း အကိတ္တိပုဏ္ဏား ဘဝဖြစ်စဉ်သမိုင်းမှာ လောကလူသားတို့အတွက် အတုယူစံထားစရာ၊ လိုက်နာကျင့်သုံးစရာ အမှန်ဖြစ်၏။ အကိတ္တိပုဏ္ဏားတွင် ညီမတစ်ယောက်ရှိ၏။ သူတို့သည် အရမ်းချမ်းသာ၏။ သူတို့မောင်နှမ အရွယ်ရောက်စဉ်မှာ မိဘနှစ်ပါး ကွယ်လွန်တိမ်းပါးသွားခဲ့၏။ မိဘတွေထားရစ်ခဲ့သော ပစ္စည်းဥစ္စာများကို ကြည့်ပြီး အကိတ္တိတို့ မောင်နှမ သတိသံဝေဂ များစွာပွားများမိကြ၏။ (အ. ကိတ်တိ-ဟု ဖတ်ပါလေ)
မိဘတွေရှာထားခဲ့တဲ့ ပစ္စည်း၊ မိဘတွေ ကွယ်လွန်တဲ့အခါ သူတို့သွားရာသို့ ယူဆောင်မသွားနိုင်သည်ကို မောင်နှမနှစ်ယောက် သတိပြုမိကြ၏။ မိဘတွေ၏ ပစ္စည်းဥစ္စာအမွေများကို ညီမလေးကို ဦးစားပေးပြီး အကိုဖြစ်သူ အကိတ္တိက စီမံခန့်ခွဲခိုင်း၏။ ညီမလေး အလိုရှိသလိုသာ စီမံခန့်ခွဲ သုံးဆောင်ပါဟု အကုန်အစင် ပစ္စည်းဥစ္စာတွေကို လွှဲပေးလိုက်၏။ ဒီပစ္စည်းဥစ္စာတွေကို ရှာဖွေးစုဆောင်းခဲ့ကြသော အဖိုးတွေအဖွားတွေ၊ မိဘတွေလည်း သူတို့ကွယ်လွန်သွားရာသို့ ဒီပစ္စည်းဥစ္စာတွေကို ယူမသွားနိုင်ကြသလို အကိုလည်း အချိန်တန်လို့ ကွယ်လွန်သွားရင် ဘာမှ ယူသွားနိုင်မှာ မဟုတ်လို့ အကိုကတော့ ဒီပစ္စည်းဥစ္စာတွေကို တွယ်တာမက်မော နှောင်ဖွဲမှု မရှိဘဲနဲ့ ရသေ့ရဟန်းပြုချင်ပါတယ်လို့ ညီမလေးဆီမှာ ခွင့်တောင်းပြီး သူ့ရည်ရွယ်ချက်ကို ညီမလေးအား တခါတည်း အသိပေးလိုက်၏။
ဒီစကားကို ယဝသတီလေးကြားပြန်တော့ စိတ်မကောင်းဖြစ်မိလို့ တွင်တွင်ငြင်းရှာ၏။ အကိုက မလိုချင်ဘဲ တံတွေးပေါက်ကဲ့သို့ စွန့်လွှတ်လိုက်တဲ့ ဒီပစ္စည်းတွေကို ညီမလေးက ဦးခေါင်းနဲ့ခံယူရမှာလား၊ အကို့လိုပဲ ညီမလေးလည်း ရသေ့ရဟန်းမဝတ်ပြီး တရားအားထုတ်မယ်လို့ အကိုအကိတ္တိကို ပြန်ပြောလိုက်၏။ ဒီလိုနဲ့ သူတို့မောင်နှမ နှစ်ယောက် မိဘတွေ ထားရှိခဲ့တဲ့ ဒီပစ္စည်းဥစ္စာတွေကို အကုန်လုံးစွန့်လွှတ် လှူဒါန်း။ ပြီးတော့ ရသေ့ဝတ်ကာ တောထဲမှာ တရားဓမ္မတွေကျင့်ကြံဖို့ ထွက်ခွါလာခဲ့ကြ၏။
သိကြားမင်း ထိုင်ခုံပူ
အကိတ္တိရသေ့လေးဟာ နောက်ဆုံးမှာ ညီမလေးနဲ့ လမ်းခွဲပြီး တရားဓမ္မများကို နေ့စဉ်မပျက် တစ်ကိုယ်တည်း တရားအားထုတ်ခဲ့၏။ သစ်သီးရှိရင် သစ်သီး၊ သစ်သီးမရှိရင် သစ်ရွက်၊ သစ်ရွက်မရှိရင် သစ်ခေါက်။ ဒါတွေကိုပဲ ခြိုးခြံချွေတာစွာ သုံးဆောင်ရင်းနဲ့ တရားအားထုတ်လို့ အကိတ္တိရသေ့လေးရဲ့ အကျင့်တရားတွေကြောင့် နတ်ပြည်က သိကြားမင်း ထိုင်ခုံပူပြီးတင်းလာတော့၏။ သိကြားမင်းလည်း စိုးရိမ်စိတ်နဲ့ လူ့ပြည်ကို ကြည့်မိတော့ အကိတ္တိရသေ့လေးကို တွေ့၏။ အကိတ္တိရသေ့လေးရဲ့ သဒ္ဓါတရားကို စုံစမ်းချင်တော့ အကိတ္တိရှိရာ တောထဲသို့ ပုဏ္ဏားယောင်ဆောင်ပြီး အလှူခံဖို့ ထွက်လာခဲ့၏။
သဗ္ဗညုဉာဏ် ရဖို့ရန်
အကိတ္တိရသေ့ရဲ့ ကျောင်းသင်္ခန်းဝမှာ သိကြားမင်းက ပုဏ္ဏားယောင်ဆောင်ပြီး အလှူခံဖို့ ရပ်စောင့်နေ၏။ အကိတ္တိရသေ့လေး ပုဏ္ဏားကို တွေ့တယ်ဆိုရင်ပဲ သူစားဖို့ ပြုလုပ်ထားတဲ့ ဆီမပါ ဆားမရှိ ပကတိအတိုင်း ပြုတ်ထားတဲ့ ကဗျည်းရွက်ပြုတ်အိုးကို တုန်လှုတ်တဲ့ စိတ်၊ တွန့်တိုတဲ့ စိတ် လုံးဝမရှိဘဲ သိကြားမင်းကို အကုန်လုံး လှူဒါန်းလိုက်၏။ အဲဒီလို လှူဒါန်းပြီးနောက် သူစားဖို့ ထပ်မပြုတ်တော့။ လှူလိုက်ရတဲ့ ကြည်နူးမှုလေးတွေနဲ့ တနေ့ကုန် တရားအားထုတ်နေတော့၏။
ပါဠိတော်မှာတော့ “အကမ္ပိတော့ အနောလီနော”လို့ ဆိုထား၏။ မြန်မာလိုပြောရင်တော့ ဒီပစ္စည်းကို လှူဒါန်းရဲတဲ့စိတ်၊ အဲဒီလို လှူဒါန်းခြင်းကြောင့် ကုန်သွားမှာပဲဆိုတဲ့တွန့်တို ဆုတ်နစ်တဲ့စိတ်။ အဲဒီလို စိတ်တွေ မရှိဘဲနဲ့ လှူလိုက်တာ။ ဂုဏ်ကို မက်လို့၊ စည်းစိမ်းချမ်းသာတွေကို လိုချင်လို့၊ ဆွေမျိုးမကင်းလို့၊ အားနာလို့၊ ခင်မင်ရင်နှီးချင်လို့၊ သူ့ဆီက တဖန် ပြန်ရချင်လို့၊ အခြွေအရံ အကျော်အစောတွေ ရချင်လို့၊ ဒီလိုစိတ်တွေနဲ့ လှူဒါန်းခဲ့တာ မဟုတ်ဘူး။ သတ္တဝါတွေကို မှန်ကန်တဲ့အသိ၊ မှန်ကန်တဲ့ အတွေးအခေါ်၊ မှန်ကန်တဲ့လေ့လာအားထုတ်မှုတွေ ရှိစေချင်တယ်။ ဆင်းရဲမှုအပေါင်းကနေ ထွက်မြောက်စေချင်တယ်။ အဲဒီလိုစေတနာတွေ ရှိပေမယ့် သဗ္ဗညုတဉာဏ် မရှိလေတော့ သူတို့ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် တရားမဟောနိုင်ဘူး။ အသိဉာဏ်တွေ မပေးနိုင်ဘူး။ အဲဒါကြောင့် သဗ္ဗညုတဉာဏ် ပညာရချင်တဲ့ စိတ်ကို ဦးတည်ပြီး လှူဒါန်းလိုက်၏။
ဆုပေးချင်လို့ပါ
အဲဒီလို ကောင်းမှူတစ်ခုကို အရင်းတည်းပြီး တောင်းဆုတစ်ခု ခြွေလိုက်တော့ သိကြားမင်း အရမ်းဝမ်းသာသွား၏။ သူဝမ်းသာတဲ့ အကြောင်းရင်းနောက်တစ်ခုက သူ့ရာထူးကို လိုချင်တဲ့အတွက် တရားကျင့်နေတာ မဟုတ်ဘူးဆိုတာ သူ ကောင်းကောင်းသိလို့လည်း ဖြစ်လိမ့်မည်ထင်ပါ၏။ အဲဒါနဲ့ သိကြားမင်းက သူ သိကြားမင်း ဖြစ်တဲ့အကြောင်း ကိုယ်ထင်ပြပြီး ဆုတွေ ပေးချင်လို့ ဆုတောင်းပါအုံးလို့ ပြောတော့။ သိကြားမင်း သင်တကယ်လို့ ဆုတွေပေးချင်တယ်ဆိုရင် ကဗျည်းရွက်ပြုတ်ကိုလှူဒါန်းရတဲ့ကောင်းမှုကို အကြောင်းပြုပြီး တောင်းဆုတွေ ခြေရမယ်ဆိုရင် . . .
လောဘစိတ် မဖြစ်ပါရစေနဲ့
လောဘဆိုတာ သံယောဇဉ်၊ သံယောဇဉ်ကို အကြောင်းပြုပြီး သားသမီး၊ ဇနီးမယားတွေ အတွက် ဥစ္စာစပါး၊ ရွှေငွေ၊ ကျောက်သံပတ္တမြားတွေကို အမြဲတမ်း ရှာဖွေနေရတယ်။ အဲဒီလို ရှာဖွေနေရတဲ့အတွက် ဘယ်လောက်ပဲ ရရ၊ ဘယ်လောက်ပဲ ရှိရှိ၊ တင်းတိမ်မှု ရောင့်ရဲမှုဆိုတာ ဘယ်တော့မှ မရှိကြဘူး။ ရလေ လိုလေ အမြဲတမ်း ဖြစ်နေကြတယ်။ အဲဒီလို တင်းတိမ်ရောင့်ရဲမှု မရှိတဲ့ လောဘမျိုး ဘယ်တော့မှ မရှိပါရစေ၊ မဖြစ်ပါရစေနဲ့။
ဒေါသမစိတ် မဖြစ်ပါရစေနဲ့
အဲဒီလောဘနဲ့ ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေ ပျက်စီးရမှာကို စိုးရိမ်ရမှု၊ ပျက်စီး ဆုံးရှုံးသွားတော့ ပူလောင်ခံစားရမှု၊ သံယောဇဉ်ကို အကြောင်းပြုပြီး ရရှိလာတဲ့ သားသမီး၊ ဇနီးတွေနဲ့ အသက်ရှင်လျက် ကွေကွင်းရမှု၊ ဆုံးရှုံးတိမ်းပါး သွားသည့်အတွက် ပူဆွေးသောက ရောက်ရမှု၊ မိမိနှင့် ဆက်စပ် ပတ်သက်နေသည့် လယ်ယာ ရွေငွေ၊ ပစ္စည်းဥစ္စာမှန်သမျှ ဆုံးရှုံးပျက်စီးရခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသစိတ်တို့ မိမိထံပါးမှာ ဘယ်တော့မှ မဖြစ်ပါရစေ၊ မရှိပါရစေနဲ့။
အသိ ဉာဏ်မဲ့သူ မဖြစ်ပါရစေနဲ့
ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်ပြီး မကောင်းတဲ့ နည်းလမ်းတွေ၊ အကြံ ဉာဏ်တွေကိုသာ ပေးတတ်တဲ့သူ၊ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စရပ်မျိုး၊ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ ကိစ္စရပ်မျိုး၊ မကောင်းတဲ့ ကိစ္စရပ်မျိုးတွေမှာ ပြုလုပ်ဖို့ တိုက်တွန်းအားပေးတတ်သူ။ မကောင်းမှုမှန်သမျှကို အထွဋ်အမြတ်ထားတတ်သူ၊ မှန်ကန်ကောင်းမွန်တဲ့ စကားကို အကျိုးအကြောင်း အဆိုးအကောင်း ပြောပြသော်လည်း စိတ်ဆိုးတတ်တဲ့သူ၊ နည်းမှန် လမ်းမှန်ကို ကောင်းကောင်း မွန်မွန် မသိသူ။ လူ့စည်းကမ်း လူ့ကျင့်ဝတ်များကို မသိသူ၊ နားမလည်သူ၊ မလိုက်နာတတ်သူ။ ဤကဲသို့သော ဒုစရိုက်အိုး လူမိုက်မျိုနှင့် ဘယ်သောကာလ၊ ဘယ်ဘဝ၊ ဘယ်ဌာန၊ ဘယ်အချိန်မှာမှ မကြားရ၊ မမြင်ရ၊ မပေါင်းရပါလို၏။ စကားနှီးနှောပြောဆိုခြင်းများ မပြုရပါလို၏။ ထိုကဲ့သို့သော လူမိုက်မှ ပြောဆိုလာသော စကားတို့ကို နှစ်သက် မြတ်နိုး တန်ဖိုးထားတတ်တဲ့သူ ဘယ်ဘဝမှာမှ မဖြစ်ရပါလို၏။
မိမိအကျိုး၊ သူတပါးအကျိုးကို မျှမျှတတ ကြည့်တတ် မြင်တတ်သော၊ တိုက်တွန်းတတ်သော၊ မကောင်းတာ မှန်သမျှ မလုပ်ဖို့၊ ကောင်းတာမှန်သမျှ လုပ်ဖို့၊ မလုပ်သင့် မလုပ်ထိုက်သော အကုသိုလ်မှန်သမျှ မလုပ်မိကြဖို့ တိုက်တွန်း ပြောဆို၊ နည်းလမ်းပေးတတ်သော၊ အကျိုးအကြောင်း အဆိုးအကောင်းပြောဆိုရာတွင် နားလည်မှု ရှိသော၊ စိတ်မဆိုးတတ်သော၊ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်များကို အလိုက်တသိ နားလည်ပေးတတ်သော၊ လိမ္မာမြင်သိ ပညာရှိတို့နှင် အချိန်တိုင်း နေရာတိုင်း ဒေသတိုင်းမှာ တွေ့ခွင့် ကြုံခွင့် ဆုံခွင့် စကားပြောဆို နှီးနှောခွင့် ရရပါလို၏။ ထိုသို့သော ပညာရှိများမှ ပြောဆိုသော စကားများကို တတ်သိနားလည်နိုင်သော၊ ဝေဖန်ဆန်းစစ်နိုင်သော ဉာဏ်ပညာတို့နှင့် ပြည့်စုံရပါလို၏။
ထာဝစဉ် ပေးလှူပါရစေ
ညဥ့်မှ လွန်မြောက်၍၊ နံနက်မိုးသောက် အလင်းရောက်သည်နှင့် နတ်ပြည်မှ နတ်သြဇာကဲ့ ကောင်းမွန် တင့်တယ်သော အစာအာဟာရများ ထင်ရှားရှိရပါလို၏။ ထိုပစ္စည်းမျိုးကို အလှူခံနိုင်သော စင်ကြယ်မြင့်မြတ် သူတော်စဉ်ဓာတ်တို့ ကိန်းအောင်းနေသော အလှူခံပုဂ္ဂိုလ်များ ကြွရောက်လာ၍ ထိုပုဂ္ဂိုလ်တို့အား ယုံကြည်စေတနာ ပြည့်ဝစွာဖြင့် လှူဒါန်းပါရစေ။ လှူဒါန်းနေစဉ် အချိန်အတွင်းမှာလည်း လှူဖွယ်ပစ္စည်းတို့ မကုန်ဆုံး မပျက်စီးရပါလို၏။ လှူဒါန်းပြီးသည့်နောက် လှူဒါန်းမှု အစုစုတို့ကို အစဉ်ကြည်နူး ရွှင်မြူးရပါလို၏။ လှူဖွယ်ဝတ္ထု အကြောင်းပြု၍ ဘယ်သောအခါမှ စိုးရိမ်ကြောင့်ကြ ဗျာပါရများ မရှိရပါလို၏။ ညစ်ကြေးနောက်ကျု အကုသိုလ်အစုတို့ ဝင်ရောက် နှောင့်ယှက်မှုမရှိဘဲ လှူစဉ်ကာလ ထိုခဏ၌ ကြည်းလင် စိတ်ထား၊ ဝမ်းမြောက်ဝမ်သာစွာ ကုသိုလ်တရားများ ပွားများလျက် ထာဝစဉ်လှူဒါန်းရပါလို၏။
အကျဉ်းချုပ်ကဗျာ
ထိုကဲ့သို့ အကိတ္တိရသေ့လေး၏ ကောင်းမှုနှင့် တောင်းဆုများ သဘောကျလှသောကြောင့် မင်းကွန်း ဆရာတော်ဘုရားကြီးက -
ဤသည့် ပုည၊ ကုသလကြောင့်၊ လောဘ ဒေါသ၊ မောဟ ကင်းကွာ။
သံသရာဝယ်၊ ကျင်ရပါဘိ၊ ပညာရှိနှင့်၊ ယှဉ်မိပေါင်းသင်း။
ဉာဏ်မဲ့ကင်း၍၊ ပြည့်လင်း လှူဖွယ်၊ လှူစဉ်ဝယ်လည်း။
သုံးသွယ်စေတနာ၊ ဖြောင့်ညီညာသည်။
ခေမာအထွဋ် တိုင်အောင်သော်ဝ် . . . ဟု စပ်ဆို ထားခဲ့ပါသည်။
သိကြားမင်းရေ ပြန်ပါတော့
အကိတ္တိရသေ့လေး၏ ကောင်းမှုနှင့် တောင်းသောဆုများက အလွန်ပင် နှစ်သက်မြတ်နိုး တန်ဖိုး ရှိလှသောကြောင့် သိကြားမင်းက အကိတ္တိရသေ့လေးအား ဆုထပ်ယူဖို့ တိုက်တွန်းပြောဆိုနေ၏။ သို့သော် ယခုအချိန်အခါသည် တရာဓမ္မများကို ဆက်လက်ကျင့်ကြံရန် အချိန်ကျရောက်နေပြီ ဖြစ်တဲ့အတွက် သိကြားမင်းအား တကယ်လို့များ သင်ဆုပေးချင်တယ်ဆိုရင်တော့ (န မံ ပုန ဥပေယျာသိ၊ ဧတံ သက္က ဝရံ ဝရေ) သင်သိကြားမင်းသည် နောင်တစ်ကြိမ် မိမိထံသို့ ပြန်မလာပါနဲ့တော့ဟု သိကြားမင်းအား နှင်လွှတ်လိုက်တော့သည်။
သိကြားမင်းကို မြင်ချင်လွန်းလို့
အကိတ္တိရသေ့လေးက နှင်လွှတ်ပေမယ့် သိကြားမင်းက မပြန်နိုင်သေး။ မေးစရာတွေက ရှိနေသေးသည်။ အကိတ္တိရသေ့လေး။ လူ့ပြည်လောက လူ့ဌာနတွင် ရှိကြသော ယောက်ျား မိန်းမ အတော်များများဟာ သိကြားမင်းကို မြင်ချင်တွေ့ချင်နေကြပေမယ့် သင်ကဘာကြောင့် သိကြားမင်းကို မတွေ့မမြင်ချင်ရပါသလဲ။ မတွေ့ချင် မမြင်ချင်ရတဲ့ အကြောင်းကို ရှင်းပါအုံး-ဟု မေးလိုက်၏။
(မြန်မာနိုင်ငံတွင် သိကြားမင်းအား တွေ့ချင်မြင်ချင်လွန်းသဖြင့် သိကြားမင်းအတွက် ကန်တော့ပွဲပေးခြင်း၊ သိကြားမင်းအား သူတို့အတွက် စောင့်ရှောက်ကူညီစေလိုသောကြောင့် ပင့်ဖိတ် အကူအညီ တောင်းခံခြင်း-စသည်ဖြင့် နည်းမျိုးစုံ ပင့်ဖိတ်ကြပါ၏ (စကားချပ်)။
အန္တရာယ်များလွန်းလို့
သိကြားမင်း ။ နတ်တို့ရဲ့ အဆင်းရူပကာယတွေဟာ အင်မတန်မှ လှပလွန်း၊ တောက်ပလွန်း၊ ကြည့်ကောင်းလွန်းလှပါတယ်။ လောကမှာ နှစ်သက်ဖွယ် အဆင်းရူပါရုံတွေကို မမြင်ချင် မတွေ့ချင် မခံစားချင်တဲ့သူဆိုတာ အတော် ရှားပါးပါလိမ့်မယ်။ တစ်ခါကြည့်လို့ ရှောင်တိမ်းနိုင်သော်လည်း မြင်ပါများလာပါက တပ်မက်သာယာတဲ့စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ သိကြားမင်းဆိုသည်မှာ အလိုရှိသလို ကာမဂုဏ်အာရုံ မြောက်များစွာနှင့် ပြည့်စုံတင့်တယ်သူ ဖြစ်ပါတယ်။ သင့်ကို ကြည့်ပြီး သိကြားမင်းဖြစ်ချင်တဲ့ စိတ်၊ အားကျတဲ့ စိတ်တွေ အလိုလို ဝင်လာရင် တရားဓမ္မများကို ကျင့်ကြံကြိုးကုတ် အားထုတ်ရာမှာ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ မေ့လျော့သွားနိုင်ပါတယ်။ သင်ကဲ့သို့ အဆင်းမျိုးစုံ ကုန်လုံကြွယ်ဝ လိုတ ရနေတဲ့ဘဝမျိုးကို ကြည့်ပြီး တောင့်တအားကျ ရာဂတရားတွေ တဖွားဖွားထနေမိတာဟာ တရားကျင့်ကြံရှာဖွေနေသူအဖို့ အလွန်ပဲ အန္တရာယ်များလွန်းလှပါတယ်။ ဤကဲ့သို့ များလွန်းလှတဲ့ ဘေးရန်အန္တရာယ်တွေကြောင့် သင့်ကို နောင်တစ်ကြိမ် ထပ်မလာဖို့ ပြောကြားရခြင်း ဖြစ်ပါတယ်လို့ အကိတ္တိရသေ့လေးက ပြောဆိုလိုက်၏။
ထိုကဲ့သို့ သိကြားမင်းစည်းစိမ်နှင့် ဆက်နွှယ်လာသဖြင့် သိကြားမင်းလည်း သူနေရာ နတ်ပြည်သို့ အမြန်ပင် မတုန့်မဆိုင်း ပြန်သွားလေတော့၏။
ကောင်းမှုနှင့် တောင်းဆု မမှားမိကြဖို့
ဗုဒ္ဓဘာသာဝင် သူတော်စင် အများအပြားမှာ နှုတ်ကြောင့် ဘဝသေရသည်-ကို သတိမထားမိကြ။ တခါတရံ အလွယ်တကူပင် ဘုရားစူး-ဟု ကိစ္စတစ်ခုခုကို အကြောင်းပြု၍ ဆုတောင်းသလိုလို ကျိန်တွယ်သလိုလို ပြုလုပ်မိတတ်ကြ၏။ ဘုရားစူး၏ အဓိပ္ပါယ်မှာ အလွန်ပင်လေးနက်လွန်းလှ၏။ ဘုရားစူးလို့ စိတ်လိုက်မာန်ပါ ပြောမိလိုက်လျှင် နောက်ဆက်တွဲ ဘဝပေးအကျိုးဆက်က မတွေးဝံ့စရာ။ ဘုရားနှင့်တွေ့သော်လည်း ဘုရားမှန်းမသိ၊ ကြည်ညို လေးစားရမှန်း မသိ။ တရားတော်တွေကို နာကြားရသော်လည်း တရားမှန်းမသိသော ဘဝမျိုးသည် ဘုရားစူးနေသော မိစ္ဆာဒိဋ္ဌိဘဝမျိုးဖြစ်ပြီး ကမ္ဘာပျက်သည့်တိုင် ဘဝအကြိမ်ကြိမ်နာ ဘဝကြိမ်ဖန်များစွာ သေနေရမည့် ဘဝမျိုးဖြစ်၏။ အထူးသတိထားသင့်ပါ၏။
အကိတ္တိရသေ့လေးကမူ ကောင်းမှုကို ဖြူစင်သန့်ရှင်းစွာ ပြုလုပ်၏။ လှူဖွယ်ဝတ္ထုအနေဖြင့် တန်ဖိုး နည်းပါးလှသော်လည်း သူ၏ ကြီးမားလှသော သဒ္ဓါတရားနှင့် တုန်လှုပ်မှုမရှိ၊ တွန့်တိုဆုတ်နစ်ခြင်းမရှိသော ဒါနစွမ်းအားတွေကြောင့် ကြီးမားလှသော သဗ္ဗညုတဉာဏ်ကို အရင်းခံလျက် တောင်းဆုတွေ သီချွေခဲ့၏။ ကောင်းမှုသည် ဖြူစင်သန့်ရှင်းဖို့လိုသလို တောင်းဆုကလည်း မမှားကြဖို့ စေတနာအရင်းခံဖြင့် တိုက်တွန်းလျက် ကောင်းမှုနှင့် တောင်းဆုဆောင်းပါးကို အဆုံးသတ်လိုက်ရပါတော့သည်။
မန်းပညာ
Posted by http://www.myozarni.com/ at 8:30 AM 0 comments
Labels: ဆောင်းပါး
October 7, 2010
ဘဝ လွန်ဆွဲပွဲ
ဘဝရဲ့ လွန်ဆွဲပွဲ၊
လဲမကျဖို့ အခါခါထိမ်း။
တိမ်းလိုက် ယိမ်းလိုက်၊
ယိုင်လိုက် ထိုင်လိုက်၊
တွေးလိုက် ရေးလိုက်၊
ငေးလိုက် ငိုင်လိုက်၊
ဝေးလိုက် နီးလိုက်။
အဆုံးမသတ်သေးတဲ့ ဘဝ၊
ပြုံးချက်လေးက မလှ၊
ရုန်းမထွက်သေးတဲ့ ဘဝ။
Posted by http://www.myozarni.com/ at 7:28 AM 0 comments
Labels: ကဗျာ
August 31, 2010
ဆည်ပူးပညာ မဟာချူလာသို့ ဖိတ်လို့သာပေ ချစ်မိတ်ဆွေ
ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်
ထိုင်းနိုင်ငံတွင် တည်ရှိသော မဟာချူလာလောင်ကွန်တက္ကသိုလ်အမည်ကို ၁၉၉၆ -နှစ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပထမနှစ်သင်တန်းသားအဖြစ် အဆောင်(၁၈)တွင် နေထိုင်၍ ပညာသင်စဉ်က ကြာဖူးမိခဲ့၏။ အဆောင် (၁၈) အဆောင်မှူး ဖြစ်သူ အရှင်သာဓိန(ယခု အိန္ဒိယမှ ဒေါက်တာဘွဲ့ပြီး) အထံတွင် အင်္ဂလိပ်စာ အခြေခံဝါကျ (၂၀) သင်ယူရင်း ကြားဖူးမိခဲ့ခြင်းဖြစ်၏။
ထိုစဉ်ကတည်းက မဟာချူလာလောင်ကွန်တက္ကသိုလ်ကို စိတ်ဝင်စားမိသည်။ “တချိန်ချိန်တွင် အခြေအနေများပေးလို့ တက်ရောက်ခွင့်ရရင် တက်ရောက်ချင်စမ်းပါဘိ” ဟု စိတ်ထဲမှလည်း ရည်မှန်းချက်များ ထားရှိမိသည်။ ယခုခေတ် အခါကဲ့သို့ ဆက်သွယ်ရေးများ မကောင်းသဖြင့်လည်း အချိန်ကာလ ကြာမြင့်သည်နှင့် ရည်မှန်းချက်များ ဝိုးတဝါးဖြင့် ပျောက်ကွယ်လု မတတ်ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုင်းနိုင်ငံမှ မဟာချူလာတက္ကသိုလ် အဘိဓမ္မာပါမောက္ခ မစ္စတာကျန်းဘရွန်း၏ စပွန်ဆာပေးမှု၊ မွှေးကော်အိတ် လုပ်ငန်းမှ ကိုကျော်မြင့်၏ စီစဉ်ပေးမှုတို့ဖြင့် ထိုင်းနိုင်ငံသို့ သာသနာပြုခရီး ရောက်ခဲ့ရ၏။ မိမိတက်ရောက်ချင်သည်ကား မဟာချူလာလောင်ကွန်တက္ကသိုလ်မှ မာစတာ(MA)တန်း။ သူတို့ ဖြစ်စေချင်သည်ကား ထိုင်းနိုင်ငံတွင် ထိုင်းစာကိုသင်၊ တတ်မြောက်လျှင် ပြန်လည် ပို့ချပေး။ ဤကဲ့သို့ဖြစ်၏။ ရည်ရွယ်ချက်နှင့် ရလဒ်ကား တခြားစီဖြစ်ခဲ့ပေပြီ။
လမ်းပန်းမြို့မှ မြန်မာဆရာတော်ကြီး
သည်လိုနှင့် ထိုင်းနိုင်ငံ ချင်းမိုင်(မြန်မာအခေါ်ဇင်းမယ်) မြို့အနီး မြန်မာနိုင်ငံတွင် ပြင်ဦးလွင်ခေါ် မေမြို့ကဲ့သို့ လှပချမ်းအေးလှသော လမ်းပန်းမြို့သို့ ထိုင်းစာပေများ သင်ယူရန် ရောက်ခဲ့ရပြန်၏။ လမ်းပန်းမြို့တွင် မြန်မာဆရာတော်ကြီး ဘဒ္ဒန္တဓမ္မာနန္ဒ သီတင်းသုံး နေထိုင်သော ကျောင်းဖြစ်၏။ ဆရာတော်ကြီးသည် ထိုင်းနိုင်ငံတွင် သီတင်းသုံး နေထိုင်၍ မြတ်ဗုဒ္ဓသာသနာ၊ မြန်မာ့ယဉ်ကျေးမှုတို့ကို ဖြန့်ဖြူးခဲ့သည်မှာ အနှစ်ငါးဆယ်နီးပါး ရှိခဲ့ပေပြီ။
ထူးခြားသည်မှာ ယခုအချိန်အထိ ဆရာတော်ကြီးသည် မြန်မာပတ်စ်ပို့ကိုင်၍ မြန်မာနိုင်ငံသားအဖြစ် ခံယူလျက်ပင် ထိုင်းနိုင်ငံတွင် သာသနာပြုနေဆဲဖြစ်၏။ မြန်မာဆရာတော်ကြီး၏ သာသနာပြုမှုတို့ကြောင့် ထိုင်းရဟန်းတော်တို့မှာ မြန်မာစာပေ သင်ကြားခွင့်ရ။ မြန်မာပြည်သို့ ကြွရောက်၍ စာပေးသင်ကြားခွင့်ရကြ၏။ ယခုဆိုလျှင် ဆရာတော်ဘုရားကြီး၏ တပည့် ထိုင်းလူမျိုးများမှာ အဆင့်မြင့်သော နေရာများတွင် အဆင့်မြင်သော မြန်မာနည်း မြန်မာ့ဟန်တို့ဖြင့် ထိုင်းနိုင်ငံတွင်လက်ဆင့်ကမ်း သာသနာ ပြုနေကြပေပြီ။
ထူးခြားသည်မှာ ယခုအချိန်အထိ ဆရာတော်ကြီးသည် မြန်မာပတ်စ်ပို့ကိုင်၍ မြန်မာနိုင်ငံသားအဖြစ် ခံယူလျက်ပင် ထိုင်းနိုင်ငံတွင် သာသနာပြုနေဆဲဖြစ်၏။ မြန်မာဆရာတော်ကြီး၏ သာသနာပြုမှုတို့ကြောင့် ထိုင်းရဟန်းတော်တို့မှာ မြန်မာစာပေ သင်ကြားခွင့်ရ။ မြန်မာပြည်သို့ ကြွရောက်၍ စာပေးသင်ကြားခွင့်ရကြ၏။ ယခုဆိုလျှင် ဆရာတော်ဘုရားကြီး၏ တပည့် ထိုင်းလူမျိုးများမှာ အဆင့်မြင့်သော နေရာများတွင် အဆင့်မြင်သော မြန်မာနည်း မြန်မာ့ဟန်တို့ဖြင့် ထိုင်းနိုင်ငံတွင်လက်ဆင့်ကမ်း သာသနာ ပြုနေကြပေပြီ။
မျက်ခုံးမွှေးရိတ်ခြင်း ပြဿနာ
ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ရဟန်းတော်တို့အတွက် အလွန်အရေးကြီးလှသောအရာမှာ မျက်ခုံးမွှေး ရိတ်ခြင်းပင်ဖြစ်၏။ မြန်မာပြည်သား ရဟန်းတော်တို့မှာ မြန်မာပြည်တွင် တစ်ခါမှ မျက်ခုံးမွှေးကို မရိတ်ခဲ့ဘူးကြချေ။ ထို့ကြောင့် မျက်ခုံးမွှေးရိတ်ဖို့ဆိုသည်မှာလည်း အခက်အခဲတစ်ခုလို ဖြစ်နေတော့၏။ ထိုင်းလူမျိုးတို့သည် သံဃာတော်တို့ကို ပထမမြင်တွေ့ခွင့် ရသည်နှင့် မျက်ခုံးမွှေးကို အရင်ကြည့်၏။ မျက်ခုံးမွှေး မရှိမှ သူတို့စိတ်ထဲတွင် သံဃာအစစ်ဟု ထင်မှတ်ကြပုံရ၏။ ထို့ကြောင့် ထိုင်းလူမျိုးသံဃာတော်တို့သည် ဆံပင်ကို တစ်လပြည့်၍ (လပြည့်နေ့တိုင်း) အလွန်ရှည်လျားမှ ရိတ်ကြသော်လည်း မျက်ခုံးမွှေးကိုကား သတိထား၍ တစ်ပတ်တစ်ခါ ရိတ်ကြ၏။
ဝပ်ထာ့မအိုးကျောင်းတိုက်သို့ ရောက်ပြီးသည်နှင့် တစ်ပတ်အကြာ ဆရာတော်ကြီး၏ သာသနာပြု အတွေ့အကြုံနှင့် မျက်ခုံးမွှေးကို ယခုအချိန်အထိ တစ်ခါမှ မရိတ်ခဲ့ဘူးကြောင်း၊ ဘမုခဝိနိစ္ဆယ (မျက်ခုံးမွှေးရိတ်ခြင်း၊ မရိတ်ခြင်း အဆုံးအဖြတ်) ကျမ်းကိုလည်း အင်္ဂလိပ်၊ ပါဠိ၊ ထိုင်းဘာသာတို့ဖြင့် စာအုပ်ထုတ်ဝေခဲ့ကြောင်း အမိန့်ရှိကာ ယင်းစာအုပ်ကို စာရေးသူအား စွန့်လိုက်၏။ ဆရာတော်ကြီး၏ ကျောင်းတိုက်တွင် မြန်မာနည်း မြန်မာ့ဟန် မြန်မာ့ယဉ်ကျေးမှုတို့ဖြင့် ကျောင်းတိုက်၊ စေတီများကို တွေ့ခွင့်ရခဲ့၏။ မြန်မာပြည်နှင့် မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသော ဆရာတော်၏ မျိုးချစ်စိတ်ကိုကား နိုင်ငံခြားသာသနာပြု မြန်မာရဟန်းတော်တို့ အတုယူသင့်လှ၏။ ဆရာတော်ကြီး၏ ဝပ်ထာ့မအိုးကျောင်းတိုက်တွင် တနှစ်တာမျှ ထိုင်းစာပေတို့ကို သင်ကြားခဲ့ရ၏။ ဆရာတော်ကြီး၏ အရိပ်အာဝါသ အောက်မှာ နေရသည်ကား အလွန်မှ ငြိမ်းချမ်းလှ၏။
ဗီဇာအခက်အခဲ
ဆရာတော်ကြီး၏ ကျောင်းတိုက်မှာ နေရသည်မှာ ပျော်ရွှင် ငြိမ်းချမ်းလှသော်လည်း မပျော်ရွှင်သည်ကား နေထိုင်ခွင့် ဗီဇာကိစ္စပင် ဖြစ်၏။ ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ရဟန်းတော်တို့အတွက် နေထိုင်ခွင့်ဗီဇာသည် အရမ်းခက်ခဲလှ၏။ မည်သို့ မည်ပုံ ဗီဇာကိစ္စလုပ်ရမည် ဟု မိမိအား ညွှန်ပြမည့်သူ မရှိ။ တက္ကသိုလ်တက်ခွင့်ရရေး ရည်ရွယ်ချက်ကား မည်သို့ရှိသည် မသိ။ လောလောဆယ်တွင် ဗီဇာကိစ္စ အဆင်မပြေ၍ မြန်မာနိုင်ငံသို့ ပြန်လှည့်ရမည့် အခြေအနေဖြစ်၏။ ထိုကဲ့သို့လည်း မဖြစ်ချင်။ ကြံရာမရ ဖြစ်နေစဉ် တစ်လအတွင်းမှာပင် လမ်းပန်းမြို့ ဝပ်ထာ့မအိုးကျောင်းတိုက်သို့ စာပေသင်ကြားရန် မြန်မာနိုင်ငံတွင် ရဟန်းဖြစ်ခဲ့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ဒီပလိုမာတန်းနှင့် ဘီအေတန်းတွင် သင်ကြားခဲ့ဖူးသည့် ဂျပန်လူမျိုး ရဟန်းတစ်ပါး ရောက်ရှိလာ၏။ တစ်ပတ်ခန့်အကြာတွင် ယင်းဂျပန်ရဟန်းတော်နှင့် ရင်းနှီး၍ စကားစပ်မိသဖြင့် ဗီဇာအကြောင်း သိခွင့်ရခဲ့၏။ စိတ်မပူဖို့အကြောင်းနှင့် သူကူညီမည့်အကြောင်း ပြောကြားလာ၏။
ထို့နောက် မြန်မာပြည်စာသင်ရာမှ ပြန်ကြွလာသော ထိုင်းလူမျိုး ရဟန်းတော်တစ်ပါး၏ ကူညီမှုကြောင့် ဗီဇာကိစ္စ အဆင်ပြေခဲ့၏။ သို့သော် လမ်းပန်းမြို့နှင့် ဘန်ကောက်မြို့မှာ (၉)နာရီကျော်ကြာ ကားစီးရ၊ ခရီးသွားရ၏။ အသွားအပြန် ဘန်ကောက်သို့ ရှစ်ကြိမ်ခန့် သွားရမှုကြောင့် ကျောင်းတက်ဖို့ စုစောင်းထားသည့် တက္ကသိုလ်တက်ဖို့ ကျောင်းစာရိတ်များမှာ တက်တက်စင်အောင် ကုန်သွားခဲ့ရပြန်ပါသည်။ သည်လိုနှင့် တစ်နှစ်အကြာ မြန်မာပြည်သို့ ကျောင်းစာရိတ်ရှာ ပြန်ခဲ့ရတော့သည်။
ဘန်ကောက်မြို့ ထိုင်းဘုန်းကြီးကျောင်းတွင် နေခွင့်ရဖို့
မြန်မာပြည်မှ ပြန်အလာ ဘန်ကောက်သို့ ပြောင်းရွှေ့ရန်နှင့် တက္ကသိုလ်တက်ခွင့်ရဖို့ရန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းခဲ့ရ၏။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက္ကသိုလ်တက်ခွင့်ရဖို့ အသာထား အရေးကြီးသည်ကား မိမိအတွက် ဘုန်းကြီးကျောင်းတစ်ခုခုတွင် ကျောတစ်နေရာစာ နေခွင့်ရဖို့ပင်ဖြစ်၏။ ထိုင်းနိုင်ငံရှိ ကျောင်းထိုင်ဘုန်းကြီး၏ ထောက်ခံစာရှိမှ တက္ကသိုလ်ဖောင်တင်ခွင့်၊ ဖြေခွင့်၊ တက်ခွင့်ရ၏။ ထိုင်းဘုန်းကြီးကျောင်းတွင် နေခွင့်ရဖို့ဆိုသည်မှာလည်း အလွန်ပင် ခက်ခဲလှ၏။ အဆက်အသွယ် မရှိလျှင် မည်သို့မျှ အဆင်မပြေနိုင်။ မိမိသည်ကား ထိုင်းလူမျိုးရဟန်းတော်တစ်ပါး၏ ကူညီမှုကြောင့် ဘန်ကောက်မြို့ရှိ မြဘုရားအနီးတွင် ကျောင်းတစ်ဆောင်တွင် အခန်းတစ်ခန်း ရရှိခဲ့၏။
မဟာချူလာ၏ မူလတည်နေရာ
မဟာချူလာလောင်ကွန်တက္ကသိုလ်၏ မူလတည်နေရာကား မြဘုရားအနီး ဝပ်မဟာထာ့ကျောင်းတိုက် ဧရိယာတွင် တည်ရှိသောကြောင့် သွားရ လာရ စုံစမ်းရသည်မှာ မိမိအတွက် အလွန်လွယ်ကူလှ၏။ အချက်အလက်တို့ကို သိခွင့်ရပြီးသည့်နောက် ကုန်ကျစာရိတ်တို့ကို တွက်ချက်ရပြန်၏။ အဆင်ပြေလောက်ပြီဆိုမှ ဖောင်တင်၊ ဝင်ခွင့်ဖြေ၊ အောင်စာရင်းထွက်၊ အင်တာဗျူးဖြေ စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင်ရတော့၏။ ဝင်ခွင့်ရပြီးနောက် စာမေးပွဲကြေး သွင်းပြီးသည်နှင့် ဗီဇာကိစ္စ၊ တက္ကသိုလ်မှ အဆောင်တွင် အခန်းရဖို့ကိစ္စ လွယ်ကူသွားတော့၏။ (ယခုအချိန် တက္ကသိုလ်တွင် အဆောင်မှ အခန်းရဖို့ အခက်အခဲရှိနေသေး၏။ ဆက်လက်ဆောက်လုပ်နေဆဲ။)
မာစတာတန်းအတွက် လိုအပ်သမျှ
မဟာချူလာလောင်ကွန်တက္ကသိုလ်၏ မာစတာခေါ် အမ်အေ (MA)တန်းအတွက် ဖောင်တင်ချိန်မှာ နှစ်စဉ် ဒီဇင်ဘာလ (၂၅)ရက်ဖြစ်၏။ ဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသည့် ညီတော်နောင်တော်တို့အတွက် အခက်အခဲ သိပ်မရှိလှချေ။ မူရင်းအောင်လက်မှတ်နှင့် အမှတ်စာရင်းတို့ကို မိတ္တူကူး၊ မြန်မာပြည်တွင် နေထိုင်သော ကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီး၏ ထောက်ခံစာတို့ကို နိုတြီပြန်ထားပြီးလျှင် ထိုင်းကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး၏ နေထိုင်ကြောင်းထောက်ခံစာတို့ ပူးတွဲ တင်ပြရ၏။ သည်လောက်ဆိုလျှင် ဝင်ခွင့်ဖောင်တင်ဖို့အတွက် လုံလောက်ပြီဖြစ်၏။ ဝင်ခွင့်ဖောင်အတွက် ဘတ်(၅၀၀)ငါးရာ (ကျပ် တစ်သောင်းခွဲခန့်) ဖြစ်၏။ သာသနာ့တက္ကသိုလ်မှ မဟုတ်သည့် ပြင်ပနည်းစနစ်တို့ကိုတော့ အတိအကျ မသိချေ။
ဝင်ခွင့်ဖြေချိန်မှာ မတ်လ (၁၉)ရက် နှင့် (၂၀)ရက်။ ဝင်ခွင့်ကို တခါတရံ တစ်ကြိမ် တစ်ရက်နှုံးဖြင့် နှစ်ချိန်၊ နှစ်ရက်ဖြေဆိုရ၏။ တခါတရံ တစ်ရက်တည်း ဖြေဆိုရ၏။ ပုံမှန်တော့ မရှိချေ။ နံနက် (၉)နာရီမှ (၁၁)နာရီအထိ အထွေထွေ ဗဟုသုတနှင့် နေ့ခင်း (၁)နာရီမှ (၃)နာရီအတွင်းအချိန်ကား အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတို့ကို ဖြေဆိုရ၏။ မတ်လ (၂၇)ရက်နေ့ နေ့ခင်း (၂)နာရီတွင် ဝင်ခွင့် အောင်စာရင်းထွက်၏။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သော သူတို့ မတ်လ (၂၈)နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရ၏။ အင်တာဗျူး အောင်စာရင်းကိုကား ဧပြီလ (၈)ရက် နေ့ခင်း (၂)နာရီတွင် ထွက်၏။
ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို ဧပြီလ (၁၈)ရက်နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်းတို့နှင့်အတူ ပေးသွင်းရ၏။ ထိုအချိန်တွင် နေရမည့် အဆောင်နှင့် အခန်းတို့ကို သက်ဆိုင်ရာမှ သတ်မှတ်ပေး၏။ ကျောင်းစတင် တက်ရမည့် ရက်ကား ဇွန်လ (၁၆)ရက်နေ့တွင်ဖြစ်၏။ တခါတရံတွင် ကြိုတင် သင်တန်းတက်ခြင်း၊ အစည်းအဝေးကျင်းပခြင်း၊ မိတ်ဆက်ခြင်းတို့ကို ကြိုတင် အကြောင်းကြား၍ ပြုလုပ်လေ့ရှိ၏။
ဘီအေတန်းအတွက် လိုအပ်သမျှ
မဟာချူလာလောင်ကွန်တက္ကသိုလ်၏ ဘီအေ (BA)တန်းအတွက် ဖောင်တင်ချိန်မှာ နှစ်စဉ် ဧပြီလ (၁)ရက်ဖြစ်၏။ ဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ အထက်၌ ဖော်ပြခဲ့ပြီးသာ အမ်အေ(MA) တန်းနှင့် အတူတူပင်ဖြစ်၏။ ပြင်ပမှ ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယ အောင်မြင်ပြီးသော သူတို့မှာ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံချက်များ အမှတ်စာရင်းများ နိုတြီပြန်ထားဖို့ အမှန်တကယ်လိုအပ်မည်ဖြစ်၏။
ဝင်ခွင့်ဖြေချိန်မှာ မေလ (၁၈)ရက်၊ နေ့ခင်း (၁)နာရီမှ (၅)နာရီထိ နှစ်ချိန်ခွဲ ဖြေဆိုရ၏။ ပထမအချိန်မှာ အထွေထွေ ဗဟုသုတကို ဖြေဆိုရပြီး ဒုတိယအချိန်မှာ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတို့ကို ဖြေဆိုရ၏။ မေလ (၂၃)ရက်နေ့ နေ့ခင်း (၂)နာရီတွင် ဝင်ခွင့် အောင်စာရင်းထွက်၏။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သော သူတို့ မေလ (၂၅)နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရ၏။ အင်တာဗျူး အောင်စာရင်းကိုကား မေလ (၂၈)ရက် နေ့ခင်း (၂)နာရီတွင် ထွက်တော့၏။
ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို ဇွန်လ (၁)ရက်နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်းတို့နှင့်အတူ ပေးသွင်းရ၏။ ထိုအချိန်တွင် နေရမည့် အဆောင်နှင့် အခန်းတို့ကို သက်ဆိုင်ရာမှ သတ်မှတ်ပေး၏။ ကျောင်းစတင် တက်ရမည့် ရက်ကား ဇွန်လ (၁၈)ရက်နေ့တွင်ပင် ဖြစ်တော့၏။
ကုန်ကျစာရိတ်များ
အမ်အေ(MA) တန်း တက်ခွင့်ရသူတို့သည် ကျောင်းတက် (၂)နှစ်၊ Thesis (၃)နှစ်ဖြစ်၏။ ကုန်ကျစာရိတ်များမှာ အမ်အေတန်း ပထမနှစ်အတွက် ပထမခြောက်လပတ် ဘတ် (၁၄၅၀၀) တစ်သောင်းလေးထောင့်ငါးရာ (ကျပ်ငွေငါးသိန်းခန့်)၊ ဒုတိယခြောက်လပတ် ဘတ်(၁၃၅၀၀)တစ်သောင်းသုံးထောင် (ကျပ်ငွေလေးသိန်းလေးသောင်းခန့်)၊ (၁)နှစ်လျှင် စုစုပေါင်း ကျပ်ဆယ်သိန်းနီးပါး ပေးသွင်းရမည်ဖြစ်၏။ ယင်းမှာ ပထမနှစ် သင်တန်းကြေးသက်သက်သာ ဖြစ်၏။ ဗီဇာကြေး၊ စာအုပ်၊ မိတ္တူ၊ အစားအသောက်နှင့် သွားလာစာရိတ်တို့ မပါသေးချေ။ ကျန်ရှိသော အတန်းတို့ကိုလည်း ပထမနှစ်လောက် မများသော်လည်း ပထမနှစ်နီးပါး ပေးသွင်းရမည်ဖြစ်သည်။
ဘီအေ (BA) တန်းအတွက် ပထမနှစ် ပထမခြောက်လပတ်အတွက် ဘတ်(၆၅၀၀) ခြောက်ထောင်ငါးရာ(ကျပ်နှစ်သိန်းနှစ်သောင်းခန့်)၊ ဒုတိယခြောက်လပတ် ဘတ်(၅၅၀၀) (ကျပ်နှစ်သိန်းနီးပါးခန့်)၊ တစ်နှစ်လျှင် ကျပ်လေးသိန်းနှစ်သောင်းခန့် ပေးသွင်းရမည်ဖြစ်သည်။ ယင်းမှာ ပထမနှစ် သင်တန်းကြေးသက်သက်သာ ဖြစ်၏။ ဗီဇာကြေး၊ စာအုပ်၊ မိတ္တူ၊ အစားအသောက်နှင့် သွားလာစာရိတ်တို့ မပါသေးချေ။ ကျန်ရှိသော အတန်းတို့ကိုလည်း ပထမနှစ်ထက်အနည်းငယ် ပိုမိုလျက် ပေးသွင်းရမည်ဖြစ်သည်။
လိုအပ်သော အင်္ဂလိပ်စာ အရည်းအချင်း
အထက်ပါ နှစ်တန်းလုံးအတွက် အင်္ဂလိပ်စာ အထူးကျွမ်းကျင်စွာ ရေးတတ်၊ ပြောတတ်၊ နားထောင်တတ်ရမည်ဖြစ်သည်။ အထူးသဖြင့် နားထောင်နိုင်စွမ်းရှိဖို့ ပိုမိုလိုအပ်မည် ဖြစ်ပြီး သို့မှသာ မိမိသဘောပေါက်သလို ပြန်လည် ပြောဆို ရေးသားနိုင်မည် ဖြစ်သည်။ အတန်းတိုင်းတွင် အဆိုင်းမင့်များ ရေးသားခြင်း၊ ပါဝါပွိုင့်များပြုလုပ်ကာ ပရော်ဂျက်တာဖြင့် တင်ပြခြင်းတို့ကို ဘာသာရပ်တိုင်းတွင် ပြုလုပ်ရမည်ဖြစ်သည်။
အင်္ဂလိပ်စာဝေါဟာရကျွမ်းကျင်မှုကလည်း မိမိတို့အတွက် ပိုမို အထောက်အပံ့ ရနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော ဘီအေတန်း ပထမနှစ်တွင် Economics in Daily Life, Techniques of Higher Education, Language and Communication, Introduction to Linguistics, Introduction to Philosophy, Introduction to Logic နှင့် Basic mathematics ကဲ့သို့သော ဘာသာရပ်များနှင့် ဝေါဟာရများမှာ မြန်မာပြည်သား ရဟန်တော်များအတွက် တရင်းတနှီး မရှိသောကြောင့် ဝေါဟာရကြွယ်ဝမှုများလည်း လိုအပ်လှပါသည်။ ဘာသာရပ်များ၏ အသေးစိတ်ကို မဟာချူလာ၏ ဆိုဒ်ဖြစ်သည့် http://inter.mcu.ac.th နှင့် မဟာချူလာလောင်ကွန် တက္ကသိုလ်၏ ပုံရိပ်များ၊ သင်ကြားရမည့် အချိန်၊ ဘာသာရပ်အသီးသီးတို့ကိုလည်း မြန်မာဘာသာဖြင့် ရေးသားထားသည့် http://www.pyinnyarzarni.com/ ဆိုဒ်တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။
တက္ကသိုလ်ပေါင်းများစွာ
အချိန်လည်းရ ငွေကြေးလည်း အဆင်ပြေသူတို့အတွက် ဘီအေအတန်းမှ စတင်တက်ရောက်ခြင်းဖြင့် (ဘွဲ့အတွက်သာမဟုတ်) မိမိတို့၏ အတတ်ပညာပိုင်းဆိုင်ရာ အသိပညာပိုင်းဆိုင်ရာများမှာ ဘဝအတွက်သော် လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက်သော်လည်းကောင်း များစွာမှ အထောက်အကူပြုမည် ဖြစ်သည်။ အထက်၌ တင်ပြခဲ့သည်မှာ မဟာချူလာလောင်ကွန် တက္ကသိုလ်မှ အင်တာနေရှင်နယ် အင်္ဂလိပ်အစီအစဉ်အတွက် သီးသန့်ဖြစ်၏။ အခြားတက္ကသိုလ်များဖြစ်သော အိုင်ဘီစီတက္ကသိုလ်၊ မဟာမကုဋ်တက္ကသိုလ်။ မဟီဒေါတက္ကသိုလ်၊ အေဘက်တက္ကသိုလ်၊ စိတ်ဂျွန်းတက္ကသိုလ်၊ အယုဒ္ဓယတက္ကသိုလ်၊ ရန်ခါမ်ဟိန်းတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်ပေါင်းများစွာ ကျန်ရှိနေပါသည်။ ယင်းတက္ကသိုလ်များတွင် မိမိတို့၏ အင်္ဂလိပ်စာ အရည်အချင်း၊ တတ်နိုင်သည့် ငွေကြေးပေါ်မူတည်၍ တက်ရောက်နိုင်ပါသေးသည်။
သင်တန်းချိန်များ
မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် အမ်အေ(MA)တန်းအတွက် တပတ်လျှင် နှစ်ရက်(သို့) သုံးရက် သင်ကြားရမည်ဖြစ်ပြီး၊ ဘီအေ (BA) တန်းတွင် လေးရက် (သို့) ငါးရက် သင်ကြားရမည်ဖြစ်သည်။ အတန်း စတင်ချိန်မှာ နံနက်ကိုးနာရီ ဖြစ်ပြီး သင်တန်းဆင်းချိန်မှာ ညနေ ငါးနာရီဖြစ်သည်။ အင်္ဂလိပ်စာ ထပ်မံလေ့လာလိုသူတို့အတွက် အခြေခံအတန်း၊ အလယ်တန်း၊ အဆင့်မြင့်တန်း စသည်ဖြင့် အတန်းလိုက် ငွေကြေးပေးသွင်း၍ ညနေပိုင်းအချိန်တွင် ထပ်မံသင်ကြားဆည်းပူးကာ အောင်လက်မှတ်များ ရယူနိုင်ပါသေးသည်။
ဝင်ခွင့်အတွက် မသေချာ
ဝင်ခွင့် စာမေးပွဲကိုတော့ ကန့်သတ်သည့် အရေအတွက်ဖြင့်သာ လက်ခံ၏။ ဝင်ခွင့် ဖြေသည်က အရေအတွက်အားဖြင့် တစ်ရာ၊ သို့သော် လက်ခံသည်ကား တစ်ရာလုံး လက်ခံမည် မဟုတ် သုံးဆယ့်ငါး(၃၅)၊ (သို့) လေးဆယ်(၄၀)ဝန်းကျင်သာ လက်ခံမည်ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ဝင်ခွင့် လက်ခံသည့် ပုံစံကဲ့သို့ ဖြစ်၏။ မိမိက မည်မျှတော်သည် ဖြစ်စေ မိမိထက် ပို၍ တော်သော သူတို့ မိမိအထက်မှာ ရှိနေလျှင်ကား ဝင်ခွင့်အတွက် မသေချာပေ။
မြန်မာပြည်မှ ဗီဇာအတွက်လိုအပ်ချက်များ
မြန်မာနိုင်ငံမှ ထွက်ခွါခွင့်ရရန်အတွက် ထိုင်းသံရုံးသို့ ဗီဇာတင်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထောက်ခံစာ၊ သက်ဆိုင်ရာ တက္ကသိုလ် မော်ကွန်းထိန်းဌာနမှ ထောက်ခံစာ၊ ထိုင်းနိုင်ငံမှ မြန်မာရဟန်းတော် တစ်ပါးပါး၏ သာသနာဝင် မှတ်တမ်း၊ ပတ်စ်ပို့နှင့် နေရပ်လိပ်စာတို့ ရယူပြီး မြန်မာနိုင်ငံရှိ သာသနာရေးရုံးနှင့် ဆက်သွယ်လျက် လိုအပ်သည့်အချက်သည့်အချက်အလက်တို့ကို မြန်မာနိုင်ငံရှိ ထိုင်းသံရုံးသို့ စုစောင်း တင်ပြရမည်ဖြစ်သည်။
မြန်မာရဟန်းတော်များအတွက် အခက်အခဲ
ထိုင်းဘုန်းကြီးကျောင်းများတွင် မြန်မာရဟန်းတော်တို့အဖို့ အဆင်ပြေပြေ နေခွင့်ရဖို့ဆိုသည်မှာ အလွန်ခက်ခဲသလို နေခွင့်ရပြီးသည့်နောက် သူတို့၏ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ နေတတ်ဖို့ရန်မှာလည်း အလွန်ပင်ခဲယဉ်းလှ၏။ ပထမအခက်အခဲမှာ သင်္ကန်းဝတ်ရုံခြင်းဖြစ်၏။ သူတို့၏ အခမ်းအနားတွင် ဝတ်ရုံခြင်း၊ ဘုရားရှိခိုးရာတွင် ဝတ်ရုံခြင်း၊ ဆွမ်းစားရာတွင် ဝတ်ရုံခြင်းတို့မှာ မြန်မာရဟန်းတော်တို့အတွက် အလွန်ပင် စိတ်ပင်ပန်းလွန်းလှ၏။ ဆွမ်းစားရာတွင်လည်း တစ်နာရီခန့်ကြာမြင့်ခြင်း၊ အေးဆေးစွာ ဘုဉ်းပေးသုံးဆောင်တတ်ခြင်းတို့မှာလည်း မြန်မာရဟန်းတော်တို့အတွက် အခက်အခဲတစ်ခုပင် ဖြစ်၏။
ထိုင်းရဟန်းတော်တို့သည် ညနေစောင်းသည်နှင့် မြို့ရွာတွင်းသို့ သွားခြင်း၊ လိုင်းကားစီးခြင်း၊ ဈေးဝယ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို မတွေ့ရတော့ချေ။ ည (၈)နာရီခန့် ရောက်သည်နှင့် မီးပိတ်၍ အိပ်စက်တော့သည်သာ။ နံနက်စောစောထကာ ဘုရားရှိခိုး၊ ဆွမ်းခံထွက်၊ သန့်ရှင်းရေးလုပ်။ ညနေပိုင်းတွင်လည်း ဘုရားရှိခိုး သန့်ရှင်းလုပ်။ တခါတရံ နေ့ခင်းပိုင်းတွင်ပါ ဘုရားရှိခိုးတတ်ကြသေးသည်။ ဘုရားရှိခိုးပြန်တော့လည်း ဒူးထောက်၍ ရှိခိုးရ၏။ တစ်နာရီခန့်ကြာမြင့်၏။ ထိုင်းရဟန်းတော်များမှာ မကြာမကြာ ဘုရားရှိခိုးလေ့ရှိကြ၏။
မြန်မာတက္ကသိုလ်ကျောင်းသား ရဟန်းတော်များအဖို့ စောစောအိပ်စက် အနားယူဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သလို ဘုရားရှိခိုးခြင်း၊ သန့်ရှင်းလုပ်ခြင်း သက်သက်ဖြင့်လည်း အချိန်ကုန်ခံဖို့မလွယ်၊ ဖြစ်နိုင်လျှင် တက္ကသိုလ်မှ အဆောင်တွင် အခန်းရပါက ယင်းအဆောင်တွင် ရက်သတ္တပတ်လျှင် ငါးရက်နေ။ ထိုင်းဘုန်းကြီးကျောင်းများတွင် စနေ၊ တနင်္ဂနွေနှစ်ရက်နေခြင်းက မြန်မာရဟန်းတော်အဖို့ ပို၍ အဆင်ပြေတော့သည်။
ထိုနေရာများတွင် မနေနိုင်၍ အိန္ဒိယနိုင်ငံ၊ သိရီလင်္ကာနိုင်ငံများကဲ့သို့ တိုက်ခန်းများတွင် ငှါး၍ နေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့်တည်း။ ထို့ထက်ပို၍ သတိထားသင့်သည်မှာ မာတုဂါမ(အမျိုးသမီး)များနှင့် တရင်းတနှီး နေလေ့မရှိဘဲ၊ သူတို့ လှူသော ပစ္စည်းဝတ္ထုများကိုလည်း တိုက်ရိုက်အလှူခံခွင့်မရှိ။ လက်ကိုင် ပဝါကဲ့သို့သော ပဝါစ တစ်ခုခုပေါ်တွင် တင်၍ အလှူခံခြင်းပင်ဖြစ်တော့သည်။
ဝပ်တစ်လုံးကျောင်းတိုက်
ယခုအချိန်အခါတွင် မြန်မာကျောင်းသားရဟန်းတော်တို့အတွက် အားကိုးရာ ကျောင်းတိုက်တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်၏။ ယင်းကျောင်းတိုက်မှာ ဝပ်တစ်လုံးကျောင်းတိုက်ဖြစ်၏။ ယင်းကျောင်းတိုက်၏ ကျောင်းထိုင်းဆရာတော်သည် မြန်မာလူမျိုးများကို ချစ်ခင်၏။ မြန်မာလူမျိုးတို့၏ အရေးကိစ္စများကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ပေး၏။ မြန်မာကျောင်းသား ရဟန်းတော်တို့၏ ဘဝကို စာနာ နားလည်ပေး၏။ အချိန်နှင့် လုပ်ဆောင်ချက်တို့ကိုလည်း သိထား၏။
ယင်းကျောင်းတိုက်တွင် ယခုအခါ မြန်မာကျောင်းသားရဟန်းတော်များ သီတင်းသုံးနေထိုင်သည်မှာ (၁၀၀)တစ်ရာကျော်ရှိ၏။ ကျောတစ်နေရာစာ ရဖို့ပင် အခက်အခဲများစွာရှိလှ၏။ တစ်လလျှင် ရေဖိုးမီးဖိုး အင်တာနက်ဖိုး ဘတ်(၅၀၀) ငါးရာ (ကျပ်တစ်သောင်းခွဲ) ပေးရ၏။ အင်တာနက်အသင်းဝင်ကြေးမှာ ဘတ်ရှစ်ရာ(ကျပ်နှစ်သောင်းခွဲခန့်)ပေးရ၏။ သို့သော် ယင်းကျောင်းတိုက်တွင် မြန်မာရဟန်းတော်တို့ နေထိုင်ရသည်မှာ များစွာ အဆင်ပြေလှ၏။ မည်သည့် မြန်မာရဟန်းတော်မဆို ယင်းကျောင်းတိုက်တွင် နေထိုင်ခွင့်တောင်းပါက နေထိုင်ခွင့်ရကြ၏။ သို့သော် ကျောချစရာ နေရာ အခက်အခဲကိုတော့ သတိပြုရမည်ဖြစ်၏။
ပညာသင်ကြားနိုင်ရေး အထောက်အပံ့များ
မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသော တက္ကသိုလ်ကျောင်းသားရဟန်းတော်များ စုပေါင်း၍ Myanmar Student Monks Organization in Thailand (MSMO) ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ရှိ၏။ ယင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ခွဲခန့် ရှိပြီ ဖြစ်၏။ မြန်မာပြည်သူ ပြည်သားများ လှူဒါန်းထားသည့် ဝတ္ထုငွေများကို ယင်းအဖွဲ့အစည်းမှ ထိမ်းသိမ်းထား စောင့်ရှေက်ထား၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြန်လည် ခွဲဝေလှူဒါန်းပေး၏။ ကျောင်းသား အနည်းအများပေါ် မူတည်၍ ဘတ်သုံးထောင်မှလေးထောင်အကြား ရရှိကြ၏။ ရံဖန်ရံခါ ဝါဆိုဦးပွဲတော်၊ ကထိန်ပွဲတော်၊ သင်္ကြန်ပွဲတော် စသည့် ပွဲတော်များတွင်လည်း ပညာသင်ကြားဖို့ရန် အထောက်အပံ့များ ရရှိနိုင်ပါသေးသည်။
တိုက်တွန်းချက်
ထိုင်းနိုင်ငံသည် ယခုအချိန်အခါတွင် လွန်စွာမှ ဖွံ့ဖြိုးတိုးတက်နေပြီး ဒီမိုကရေစီထွန်းကားသည် နိုင်ငံတစ်နိုင်ဖြစ်၏။ ထိုင်းနိုင်ငံ ပညာသင်ကြားရသည်မှာ လွတ်လပ်ခွင့်အပြည့်အဝ ရရှိကြ၏။ ဆရာနှင့် တပည့် စာသင်ခန်းထဲတွင် စာပေနှင့်ပတ်သက်သမျှတို့ကို ငြင်းခုံခွင့် အပြည့်ရှိ၏။ ဆရာကလည်း သူမှားရင် သူမှားကြောင်း ဝန်ခံဖို့ ဝန်မလေး။ တပည့်ကလည်း သူမှန်လျှင် မှန်ကြောင်း ပြောဖို့ ဝန်မလေး။ ပြီးတော့လည်း စာသင်ခန်းထဲမှာပင် ပြီးသွားကြ၏။
ရင်ထဲမှာ ဘာမျှ မရှိ။ အမုန်းမရှိ။ အငြှိုးမရှိ။ ချစ်တော်မရှိ။ ပကတိဖြူစင်သော စိတ်ထားများဖြင့် တွေ့ကြ၊ ဆုံကြ၊ အချိန်တန်တော့လည်း ခွဲခွါသွားကြပြန်၏။ ချစ်စရာကောင်းသည် ထူးခြားချက်မှာ တပည့်ကြောင့် ဆရာတည်မြဲခြင်းပင် ဖြစ်၏။ စာသင်နှစ်၏ ပထမခြောက်လပတ် တဝက်ကျိုးသည်နှင့် တပည့်တွေကို သင်ကြားပေးခဲ့သည် ဆရာတို့၏ အရည်အချင်းကို တပည့်တွေက မှတ်ချက်ပေးရ၏။ ကောင်းသလား၊ အလွန်တော်သလား၊ သာမန်တော်သလား၊ ညံ့သလား စသည်တို့ကို ရွေးချယ် မှတ်ချက်ပေးရ၏။ တပည့်တွေ မှတ်ချက်၌ အဆင်မပြေသော ဆရာများသည် နောင် ဒုတိယ ခြောက်လပတ်တွင် ပြန်လည်သင်ကြားခွင့် မသေချာတော့ပေ။
သင်ကြားရေးနှင့် ပတ်သက်သမျှ မိမိထင်မြင်ရာ မှန်သမျှကို စိတ်ထဲမှာ ရှိသည့်အတိုင်း တင်ပြခွင့်ရှိ၏။ စကားပြော၍ တစ်မျိုး၊ စာရေး၍ တစ်ဖုံ၊ တင်ပြချင်သလို တင်ပြခွင့် ရှိ၏။ ပါမောက္ခချုပ်ကို မည်သူမဆို တွေ့ခွင့်ရှိ၏။ မိမိ ပြောဆိုတင်ပြလိုသော အကြောင်းအရာ အချက်အလက်တို့ကို ပါမောက္ခချုပ်ထံ တင်ပြတောင်းဆိုနိုင်၏။ အင်တာနက်မှာ (၂၄)နာရီအပြည့် စိတ်ကြိုက် သုံးခွင့်ရှိ၏။
ဆရာတို့၏ အရည်အချင်းမှာလည်း ဗုဒ္ဓအဘိဓမ္မာစာပေများမှလွဲ၍ အလွန်ပင် ပြည့်ဝလှ၏။ တပည့်တွေက နိုင်ငံစုံသလို ဆရာတွေမှာလည်း နိုင်ငံစုံလှ၏။ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ ကိုးရီးယား၊ အိန္ဒိယ၊ သိရီလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်စသည်ဖြင့် စုံလင်လှ၏။ ဗုဒ္ဓစာပေကို ခေတ်အမြင် ခေတ်အတွေးဖြင့်သင်လိုသော၊ နိုင်ငံတကာ ဗဟုသုတရလိုသော၊ အင်္ဂလိပ်စာ ကျွမ်းကျင်လိုသော၊ လောကီစာပေပေါင်စုံတို့ကို အင်္ဂလိပ်လို လေ့လာလိုသော ၊ နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု အောင်လက်မှတ် ဘွဲ့တံဆိပ် ရရှိလိုသော သုတေသီတို့အား အရောက်လှမ်းလို့သာ မဟာချူလာလောင်ကွန်တက္ကသိုလ်သို့ ကြွလှမ်းလာခဲ့ပါဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
မောင်ပညာ (မန်းတက္ကသိုလ်)
မဟာချူလာလောင်ကွန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ
pyinyar08@gmail.com
မှတ်ချက်။ ။
ဤဆောင်းပါးကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်အတွက် ရည်ရွယ်ရေးသားခဲ့ကာ တက္ကသိုလ်သို့ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
Posted by http://www.myozarni.com/ at 10:46 AM 0 comments
Labels: မဟာချူလာ
August 20, 2010
ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်၏ ပုံရိပ်များ
Posted by http://www.myozarni.com/ at 1:00 AM 0 comments
Labels: မဟာချူလာ
August 19, 2010
Subscribe to:
Posts (Atom)