ဆရာကြီး ဦးသုခရဲ့ ဘ၀သံသရာ သီချင်းကို တော်တော်များများ နားထောင်ဖူးကြမယ်ထင်ပါတယ်။
သီချင်းက ဂီတသံစဉ် အနေနဲ့ နားထောင်လို့ ကောင်းသလို စာသားတွေကလည်း အဓိပ္ပါယ်တွေ ပြည့်နက်လို့ နေပါတယ်။
နဲနဲ စဉ်းစားရင်း နဲနဲ အဓိပ္ပါယ်ဘဲ ရနိုင်သလို မျာများ စဉ်းစားရင် များများ အဓိပ္ပါယ်ရနိုင်ပါတယ်။
အကျယ်ချဲ့ပြီးယူမယ်ဆိုရင် ယူသလောက် ရနိုင်ပါတယ်။
စာရေးသူတို့ ငယ်စဉ်ဘ၀ ဆရာကြီးဦးသုခရဲ့ ဘ၀သံသရာသီချင်းကို ကြားမိပြီဆိုရင်ပဲ အဓိပ္ပါယ် နားမလည် သည့်တိုင် ရင်ထဲမှာ တလှပ်လှပ်နဲ့ ကြက်သီးမွေးညင်းများ ထမိပါရဲ့။
အချိန်တန် လူလားမြောက်တဲ့အချိန်မှာ ဒီသီချင်းတစ်ပုဒ်ကို တော်တော်များများ နားထောင်ဖြစ်ပါတယ်။ ရိုးလို့မသွားပါဘူး။ စိတ်များများ ညစ်လေ နားထောင်လို့ ကောင်းလေပါပဲ။
စာဖတ်သူတို့ကိုလဲ ဆရာကြီး ဦးသုခရဲ့ ဘ၀သံသရာ သီချင်းကို မူရင်း စာသားအတိုင်း အဓိပ္ပါယ် မဖျက်၊ မစွက်ဘဲ မျှဝေခံစားလိုက်ရပါတယ်။ (စာသားများမှားသွားရင်တော့ ခွင့်လွှတ်ပေးကြပါ။ ကက်စက်ခွေက နားထောင်ပြီး ပြန်ကူးရေးရလို့ပါ။)
ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တစ်သွာတည်း သွားကြတာ . . . ။ (2-ကြိမ်)
ခရီပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ . . ။ (2-ကြိမ်)
လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ပျော်လိုက် ရွှင်လိုက်၊ ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ . . .။
အော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . . . တဲ့ ၊ ပျော်လိုက် ရွှင်လိုက်၊ ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ . . . ။
တွေ့ကြုံ ဆုံကွဲ ခရီးတည်း ၀မ်းနည်း ၀မ်းသာ ၀ိပ္ပလ္လာ။ ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာလဲ ဖြစ်ရမှာ . . . ။
အော် . . . ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ . . . ။
ဟင်း . . . သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေးဘုမ္မာ . . . အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ။
(ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တစ်သွာတည်း သွားကြတာ . . . ။ (2-ကြိမ်))
ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိ(မွေးဖွားခြင်း)အစ မရဏ(သေဆုံးခြင်း)အထိ အဲဒီကာလအတွင်းလို့ သိကြရပါတယ်။ အဲဒီ ဘ၀ဟာ တစ်ဘ၀ထဲနဲ့ အပြီးပြတ်မလား?
ဘ၀ပေါင်းများစွာ ရွေ့လျားခဲ့ရတဲ့အတွက် သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်။
အဲဒီလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ်၊ ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်၊ ဗြဟ္မာပြည် တ၀င်းဝင်း ၀က်စားကျင်း တရှုတ်ရှုတ် ကမ္မဆိုတဲ့ စက်ခလုပ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေရတာက . . .
(ခရီပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ . . . ။ (2-ကြိမ်))
အဲသလို သံသရာ မဆုံးမချင်း သွားကြရတာက ဘယ်သူတွေရဲ့ ပယောဂပါလဲ?
စဉ်းစားကြည့်လိုက်တော့ . . .
(အော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . . တဲ့ . . . ။ )
အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတဲ့အတိုင်း အလွန်ထူးဆန်း စုံလုံးကန်းတဲ့ အ၀ိဇ္ဖာကြောင့် သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ။ ဒါကို ဘ၀တိုင်း ဘ၀တိုင်း ပျော်ပျော်လိုက်တာ ကောင်းတာတွေ တွေ့လိုက်တော့ ပျော်လိုက်ကြ၊ ဒုက္ခဆင်းရဲတွေ့လိုက်တော့ ငိုလိုက်ကြ၊ ကိုယ်လိုချင်တာလေး ရတော့ ပျော်လိုက်ကြ၊ ဒါပေမဲ့ ဘယ်ဟာမှ မမြဲကြပါဘူး။
တွေ့တယ် ကြုံတယ် ဆုံတယ် ကွဲတယ် ၀မ်းနဲဝမ်းသာ ၀ိပ္ပလ္လာသတရားတွေမို့ ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်ကြမယ်။ မဖြစ်ချင်ပါဘူးဆိုတဲ့ အရာတွေလဲ ဖြစ်ကြရမယ်။
အဲဒီလို တေဘုမ္မက ၀ဋ်ဒုက္ခဆိုတဲ့ ၃၁-ဘုံက လွတ်ကင်းအောင်လို့ ဇွတ်အတင်းထွက်ဖို့ကလဲ သန်းခေါင်ကိုလကွယ် တောအုပ်ကျယ်မှာ လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ် ကရွတ်ပေါ် ကင်းများ လျှောက်သလို ၀ိုင်းကြီးပတ်လည် ဘ၀မဆုံးဘဲနဲ့ ဒုက္ခတုံးကြီး ရင်ဝယ်ပိုက်နေကြရတဲ့အတွက် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောသစ္စာ၊ မဂ္ဂသစ္စာတွေ ရင်ဝယ်ပိုက်နိုင်အောင် ကြိုစားကြဖို့.။
သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေးဘုမ္မာ . . .အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ။
မျိုးဇာနည် (မန်းတက္ကသိုလ်)
December 13, 2009
ဘ၀သံသရာ
Posted by http://www.myozarni.com/ at 9:37 AM 0 comments
Labels: ဆောင်းပါး
ကျွန်
ဒီကဗျာလေးက ကောင်းကင်ကို ရေးထားတဲ့ ကဗျာလေးပါ။
ကဗျာဆရာရဲ့ ခံစားချက်နဲ့ ခုခေတ် ရေစီးကြောင်းမှာ လွင့်မျောနေကြရသူတို့ အတွက်တော့
သောကဖြေရာ ဝေဒနာ ကဗျာလေးပါ။
ခံစားကြည့်ကြပါဦးနော်။
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။
Posted by http://www.myozarni.com/ at 9:04 AM 0 comments
Labels: ကဗျာ