June 24, 2010

အိပ်မက်အကြောင်းကို လေ့လာခြင်း (၁)


အိပ်မက်

လူသားတိုင်း အိပ်မက်မက်ကြ၏။ အိပ်မက် မမက်သူ အလွန်နည်းပါးကြ၏။ အကြံအစည်များလေ အိပ်မက်များများ မက်လေပင်။ အိပ်မက်မက်သူများမှာ အထင်အမှတ်မှားတတ်ကြသူ၊ အတွေးအကြံ၊ အယူအဆ မှားတတ်ကြ(ဝိပလ္လာသရှိ)သူ လူသားမှန်သမျှ မက်ကြသည်မှာ ဓမ္မတာပင်။ အိပ်မက်၏ အဓိပ္ပါယ်ကို ပညာရှင်ကြီးများ အဘိဓာန်ကျမ်းကြီးများမှ ဖွင့်ဆိုပုံများကို ထုတ်နှုတ်၍ လေ့လာ တင်ဆက်သွားပါမည်။

ပါဠိပဒ ပိဋကကျမ်း ဖွင့်ဆိုချက်

ပါဠိပဒ ပိဋကကျမ်းညွှန်းတွင် အိပ်မက်ကို “သုပိန” (ပု-န) (Sup+in)၊ သုပန္တိ ဧတေနာတိ သုပိနံ။ နိဒ္ဒါ၊ သုပန္တေန ဒိဋ္ဌဉ္စ။ ဏွာဒိ။ ၁၀၃ (ပု) (svapna -သံ) - - -
၁။ အိပ်မက်။
၂။ အိပ်မက်ကျမ်း။
၃။ အိပ်ငိုက်၊ အိပ်ပျော်ခြင်း။
၎။ အိပ်မက်၍ သုတ်လွတ်ခြင်း - ဟု ဖွင့်ဆိုထား၏။
(ပါဠိပဒ ပိဋကျမ်းညွန်း၊ အ-၀ဂ်၊ အပိုင်း-၄၊ နှာ-၄၅၄။)

မြန်မာ အဘိဓာန်အဖွင့်

မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်မှာ အိပ်နေစဉ် စိတ်အာရုံ၌ ထင်ဟပ်လာသော အကြောင်းအရာ၊ အဖြစ်အပျက်၊ အိပ်နေစဉ် အကြောင်းအရာ အဖြစ်အပျက်စသည်တို့ စိတ်အာရုံ၌ ထင်ဟပ်လာသည်ကို အိပ်မက်မက်သည်-ဟု ရှင်းပြထား၏။
(မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ-၅၊ နှာ-၁၉၀)

Oxford Advanced Learner’s အဘိဓာန်အဖွင့်

ယင်းအဘိဓာန်တွင် အိပ်မက်ဟု ခေါ်ဆိုသော Dream ကို
၁။ အိပ်ပျော်နေစဉ် စိတ်ထဲ၌ ဖြစ်နေသော ခံစားချက်များ၊ အဖြစ်အပျက်များ၊ ရုပ်ပုံလွှာ အစဉ်အတန်းများ၊
၂။ ရဖို့ရန် ခက်ခဲသည်ဟု ထင်ရသော တစ်စုံတစ်ခုကို ရချင် ဖြစ်ချင်သောဆန္ဒ။
၃။ တကယ်မမြင်ရသော စိတ်အခြေအနေတစ်မျိုး၊ (သို့) တကယ် မမြင်ရသော ပုံမှန်ဘဝ၏ အစိတ်အပိုင်းတစ်မျိုး။
၎။ လှပသော ပုဂ္ဂိုလ်၊ အရာဝတ္ထု။ ထူးဆန်းအံ့သြဖွင်ကောင်းသော ပုဂ္ဂိုလ်၊ အရာဝတ္ထု- ဖွင့်ဆိုထား၏။
(Oxford Advanced Learner’s P-383)

Webster’s New Collegiate Dictionary ဖွင့်ဆိုချက်

ယင်းအဘိဓာန်၌ Dream (အိပ်မက်)ကို နာမ်ပုဒ်အနေဖြင့်
၁။ အိပ်ပျော်နေစဉ် ဖြစ်ပေါ်လာတတ်သော စိတ်ကူးအတွေးများ၊ ပုံရိပ်များနှင့် စိတ်လှုပ်ရှားမှုများ။
၂။ စိတ်ကူးတစ်ခု၌ သတ္တိထူးများ ပါဝင်နေသော နိုးကြားနေသည့် ဘ၀၏ အတွေ့အကြုံ။
၃။ လှပကောင်းမွန်၊ ပျော်ရွှင်ဖွယ်ကောင်းသည့် အရည်အသွေးကြောင့် သတိပြု၊ သတိထားမိလောက်သော   အရာဝတ္ထု။
၎။ (က) ပြင်းပြင်းထန်ထန် တောင့်တလိုလားသည့် ပန်းတိုင်၊ (သို့မဟုတ်) ရည်ရွယ်ချက်။
    (ခ) ပြည့်ပြည့်ဝဝ ကျေနပ်ဖွယ်ကောင်းသည့် ဆန္ဒ - ဟု ဖွင့်ဆို ရှင်းလင်းထား၏။

Dream (အိပ်မက်)ကို ကြိယာပုဒ်အနေဖြင့်

၁။ အိပ်မက် မက်သည်။
၂။ ဖြစ်နိုင်ခြေ အားဖြင့် တွေးတော စဉ်းစားသည်။
၃။ အတွေးကမ္ဘာ၊ (သို့မဟုတ်) လက်တွေ့မပါသော စိတ်ကူးမှုနှင့် အချိန်ကုန်စေသည်- ဟု ဖွင့်ဆို ရှင်းလင်းထား၏။
(Webster’s New Collegiate Dictionary P-344)

Encyclopedia စွယ်စုံကျမ်းအဖွင့်

ယင်းစွယ်စုံကျမ်းကြီး၏ ဖွင့်ဆိုချက်မှာ အစဉ်အလာအားဖြင့် အိပ်မက်ဆိုသည်မှာ အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပေါ်သော သိမှု အခြေအနေများဟု ဖွင့်ဆိုထား၏။
သို့သော် အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပေါ်သော သိမှုအခြေအနေတိုင်းကို အိပ်မက်မက်နေသော အခြေအနေဟု မသတ်မှတ်နိုင်။ ထို့အတူ အိပ်မက်မက်စဉ် သိမှုအခြေအနေများ ပေါ်ပေါက်ရန်အတွက် လိုအပ်သော အခြေအနေ ဆိုသည်မှာ သာမန်ပြောရိုး ပြောစဉ် အိပ်ပျော်မှုမျိုးကို ဆိုလိုသည်မဟုတ် - ဟု ထပ်ဆင့် ဖွင့်ဆို ရှင်းပြထား၏။
(Encyclopedia Britannica Volume 7 P-664)
ဆက်လက်ရေးသားပါမည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

0 comments:

 

blogger templates | Make Money Online