July 9, 2011

အိပ်မက်နဲ့ လူသား



လူသားတစ်ယောက်ရဲ့ ရည်မှန်းချက်
ဒါကိုပင် အိပ်မက်လို့ ခေါ်သည်တဲ့။
အကောင်အထည် လက်သည်ပေါ်
အိပ်မက်တွေ ရှင်သန်လာပြီနော်တဲ့။
တခါတခါ ခါးသီးတဲ့ အိပ်မက်ဆိုး
လူတောထဲတောင် တိုးလို့ မရသလိုဘဲ။
မခေါ်ဘဲနဲ့ သူရောက်လာ
နှိပ်စက်မှုတွေက များပါဘိ။
တခါတခါ ချိုမြိန်တဲ့ အိပ်မက်
မနိုးတမ်းသာ မက်လိုက်ပါတော့လားတဲ့။
အိပ်မက်နဲ့ လူသား
အမြဲတမ်း နှစ်ပါးသွားနေရတယ်။
ဘဝနဲ့ အိပ်မက်
ဗိုက်နဲ့ချက်လို ကပ်ပြီးတော့ နေနေရတယ်။
အိပ်မက်ကို ပစ်ပယ်
အဖြစ်သနစ်ကို မစူးစမ်း
ဝေဖန်မှုက နတ္ထိ
အချက်ထိမှ နောင်တရ
သောကတွေ မပွားရအောင်။
အိပ်မက်က ဘဝဖြစ်စဉ်တွေကို
အမှန်တကယ် သုံးသပ်
အမှားတွေ မဖက်ရအောင်။
မှားတာတွေကို ပြုလို့ပြင်
မှန်တာကို ဆင်လို့ယင်ပြီး
ပြုပြင် ဆင်ယင်ကြပါစို့ကွယ်။
မျိုးဇာနည် (မန်းတက္ကသိုလ်)

April 2, 2011

ကမ္ဘာကြီး မယိမ်းယိုင်စေဖို့


သတင်းကို အထိတ်တလန့် ဖတ်၊
ကမ္ဘာကြီး ပျက်တော့မယ်တဲ့။
ကမ္ဘာပျက်ဖို့ အစ၊
ကောလာဟလ တဲ့။
လွန်ခဲ့တဲ့ (၁) နှစ်၊
ဟာသ အဖြစ် ရုပ်ရှင်တောင် လုပ်လိုက်ကြသေးတယ်။
နှစ်ထောင့်ဆယ့်နှစ် ကမ္ဘာပျက်ခြင်း ဖြစ်မည် - တဲ့။
သူ သူ ငါ စမ်းတဝါး၊
လမ်းသလားတောင် မပျက်ခဲ့ကြပါဘူး။
ပျော်ရွှင်စရာ ဟာသများ၊
သူရော ငါပါ ပြောခဲ့ကြသေးတာပဲ။
ခုများတော့ နှစ်ထောင့်ဆယ့်တစ် အလယ်၊
မျက်စိ သူငယ်၊ နားသူငယ် ဖြစ်ရတော့မယ်။
စာပေကို ပြေးလှန်၊
အင်း… 
ဒါဟာ ကမ္ဘာပျက်ခြင်း အမှန်တော့ မဟုတ်နိုင်ပေဘူး။
နိဒါန်းအစ သရုပ်ပြခြင်းကတော့ ဖြစ်နိုင်တယ်၊
သူသူ ငါ မကယ်နိုင်တာလည်း ကျိန်းသေတယ်။
မကောင်းမှုတို့ ဦးတည်ရာ၊
အရှက်နဲ့ အကြောက်၊
သူ့တို့ကို စောင့်ရှောက်ရင်ခဲ့ရင်ပေါ့။
မေတ္တာတရားကို အရင်းတည်၊
စာနာမှု ညှာတာမှုတွေ ကိုယ်စီနဲ့ပေါ့။
သောကရောက်တုန်း အားပေး၊
ပျော်ရွှင်မှုလေးတွေ ရှိစေဖို့ပေါ့။
သူချမ်းသာတာ ကိုယ်ဝမ်းမြောက်၊
မနာလိုစိတ်တွေ မရောက်ခဲ့ဘူး ဆိုရင်ပေါ့။
ငြိမ်းချမ်းမှုတွေ ကိုယ်စီရ။
ကမ္ဘာကြီးလည်း လှပနေမှာပဲပေါ့။
သူသူ ငါငါလည်း သောက မရောက်နိုင်တော့ဘူးပေါ့။
စိမ်းလန်းလို့ စိုပြေ၊
ဘဝအခြေတွေ တင့်နေကြစေဖို့ပေါ့။
ဓန အခြေတွေ မြင့်လို့ ဝေဆာကြစေဖို့ပေါ့။
သူလည်း ထိန်း၊
ငါလည်း သိမ်း၊
ကမ္ဘာကြီး မယိမ်းယိုင်စေဖို့၊
တို့များ စောင့်ရှောက်ကြပါစို့ကွယ်။

ပြေးထွက်သွားပြီ

 
သဘာဝ မဟုတ်တဲ့ အေးခဲမှုတွေကြားမှာ၊
ငါ ကိုယ်တိုင် မအေးစက်နိုင်။
ခန္ဓာကိုယ်က အေးစက်
စိတ်တွေက ချွေးထွက်နေတယ်။
ဘာလုပ် ရမှာလဲ?။
ဒါဟာ ဘဝ၊ ဒါဟာ အစ၊
ကမ္ဘာ ပျက်ခြင်းရဲ့ နိယာမလား။
သမိုင်း ပညာရှင်၊ သိပ္ပံ ပညာရှင်တွေက ကာကွယ်၊
ဘယ်အချိန်မှာ ဘယ်လိုဖြစ်၊
ရှေးဖြစ်တွေ ကြိုတွက်ကြပေမယ့်၊
ရှေးသနစ်တွေ ကြိုချက်ကြပေမယ့်၊
အချိန်တန်တော့ ဆွဲယူ၊
လဲသူက လဲ၊ ကွဲသူက ကွဲ၊ မွဲသူက မွဲ၊ ဆဲသူက ဆဲ။
မြေသြဇာကို ငါတို့သုံး၊
ခုတော့ လူလုံးလည်း မလှနိုင်တော့။
တဖန် ပြန်လည်ကာ ပေးဆပ်၊
သဘာဝရဲ့ ဒဏ်ရာ ဒဏ်ချက်ပေပဲ။
သြော် . . .  တွေးတုန်း ငေးတုန်း ငေးတုန်း ရေးတုန်း။
“ဝုန်း”ဆို အသံမြည်လာတယ်။
အတွေးစတို့ အပိုင်းပိုင်း ပြတ်၊ တွေးမရလို့ ဒီအတိုင်းတိုင်း ရပ်။
ကြောက် ကြောက် လန့် လန့် ထအကြည့်၊
ဘာမှ မရှိပါဘူး။
ကိုက်မိသည့် ကြောင် နှစ်ကောင်က ပြေးထွက်သွားပြီ။

January 25, 2011

ဘဝတစ်ခုရဲ့ သတိရမှုများ



နံနက် အိပ်ယာထလို့ မျက်လုံးဖွင့်တိုင်း
မတပ်မဖြစ် တပ်နေရတဲ့ မျက်မှန်လေးကို သတိရတယ်။။
တိုက်ဆိုင်မှုတွေနဲ့ ကြုံတိုင်း
အတိတ်က ဖြစ်တည်မှုကို သတိရတယ်။
မပြေလည်မှုတွေနဲ့ ကြုံတိုင်း
အနာဂတ်မှာ တောက်ပလာမယ့် မျှော်လင့်ချက်ကို သတိရတယ်။
ဝမ်းသာမှုတွေနဲ့ ကြုံတိုင်း
တည်တံ့ခိုင်မြဲစေဖို့ ပစ္စုပ္ပန်ကို သတိရတယ်။
နှစ်သက်တာတွေနဲ့ ကြုံတိုင်း
ခင်မင်သူကို သတိရတယ်။
ဝမ်းနည်းမှုတွေနဲ့ ကြုံတိုင်း
အားပေးနှစ်သိမ့်သူကို သတိရတယ်။
စာအုပ်ကောင်းတွေနဲ့ ကြုံတိုင်း
တက္ကသိုလ်က စာကြည့်တိုက်ကို သတိရတယ်။
အင်တာနက်ကို ကြည့်တိုင်း
မလွတ်လပ်မှုကို သတိရတယ်။
ဘလော့ဂ်မှာ စာရေးတိုင်း
မပြည့်စုံမှုကို သတိရတယ်။
ကဗျာတွေ စပ်တိုင်းစပ်တိုင်း
စလေဦးပုညကို သတိရတယ်။
စာကျက်တိုင်း ကျက်တိုင်း
ဆရာသခင်ရဲ့ ပြင်းထန်လှတဲ့ ခြေထောက်ကို သတိရတယ်။
အဆိုင်းမင့်တွေ ရေးတိုင်း
ဝေါဟာရ မနိုင်နင်းမှုတွေကို သတိရတယ်။
ငြင်းခုန်မှုတွေနဲ့ ကြုံတိုင်း
တက္ကသိုလ်က ဧည့်ခန်းကို သတိရတယ်။
အင်္ဂလိပ်စကား ပြောတိုင်း
မရဲရင့်မှုကို သတိရတယ်။
ဆရာတွေ စာသင်တိုင်း
ငိုက်မျဉ်းမှုကို သတိရတယ်။
ကွန်ပျူတာ ခလုတ်ကို နှိပ်မိတိုင်း
သုံးချင်ခဲ့ဖူးတဲ့ လက်နှိပ်စက်အဟောင်းကြီးကို သတိရတယ်။
အစည်းအဝေးမှာ ထိုင်မိတိုင်း
မရင့်ကျက်မှုတွေကို သတိရတယ်။
နာကျင်မှုတွေနဲ့ ဘဝကို ရင်ဆိုင်ရတိုင်း
အမေ့ရဲ့ ရဲရင့်မှုတွေကို သတိရတယ်။
ထမင်းစားလို့ မကောင်းတိုင်း
အမေ့ရဲ့ ငါးပိရည်ကို သတိရတယ်။
လက်ထဲမှာ ပိုက်ဆံပြတ်တိုင်း
အမေ့ရဲ့ ဗီဒိုကြီးကို သတိရတယ်။
စာဖတ်လို့ ကောင်းတိုင်း
စာမမဖတ်တတ်တဲ့ အမေ့ကို သတိရတယ်။
လိုချင်မှုတွေ ဖြစ်တိုင်း
မပြည့်ဝမှုကို သတိရတယ်။
ဘုရားရှိခိုးတိုင်း
ငြိမ်းချမ်းမှုကို သတိရတယ်။
မေတ္တာတွေ ပို့မိတိုင်း
ကိုယ့်ကိုယ်တိုင် မေတ္တာ မရှိနိုင်သေးတာကို သတိရတယ်။
ပါဠိတွေ ရွတ်တိုင်း
လေးနက်မှုကို သတိရတယ်။
ရောဂါဝေဒနာတွေ ခံစားရမိတိုင်း
ရင်မဆိုင်ရဲသေးတဲ့ သေခြင်းတရားကို သတိရတယ်။
သေခြင်းတရားကို တွေးမိတိုင်း
မလွန်ဆန်နိုင်တဲ့ သင်္ခါရသဘောတရားကို သတိရတယ်။
တကယ့်တမ်း စွန့်လွှတ်ရမယ်လို့ တွေးမိတိုင်း
တန်ဖိုးရှိလွန်းတဲ့ လက်ရှိဘဝကို သတိရတယ်။

အိန္ဒိယက စာရေးဆရာမော်ဒန် ဆေးရုံတက်ကြောင်း ညီမတော် ခရစ်္စတယ်လ် မှတဆင့် ကြားသိရလို့ စပ်မိလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ သူငယ်ချင်း အမြန်ဆုံး ကျန်းမာပျော်ရွှင်နိုင်ပါစေ။
မောင်ပညာ (မန်းတက္ကသိုလ်)

January 15, 2011

အရှုံးနှင့်အနိုင်

မပြိုင်ချင်ပါဘူး။
ပြိုင်နေရင် ရှုံးမှာစိုးလို့။ 
မနိုင်ချင်ပါဘူး။
နိုင်နေရင် မုန်းမှာစိုးလို့။ 
မရှုံးချင်ပါဘူး၊ 
ရှုံးနေရင် တုံးမှာစိုးလို့။
အရှုံးနှင့်အနိုင်၊ 
အနိုင်နှင့်အရှုံး၊ 
ဒီနှစ်လုံးမှာ ၊
လူဖြစ်တော့ မရှုံးပါရစေနဲ့။

မောင်ပညာ (မန်းတက္ကသိုလ်)

 

blogger templates | Make Money Online