March 14, 2010

သံသယကင်းသည့် နှလုံးသား (၁)

ကဗျာတစ်ပုဒ် ဦးနှောက်ရှုပ်
ချစ်တဲ့ သူမှာ၊ အပြစ်ရှာ၊ ဘယ်ခါ အပြစ်တွေ့မှာလဲ။
မုန်းတဲ့သူမှာ၊ အချစ်ရှာ၊ ဘယ်ခါ အချစ်တွေ့မှာလဲ -ဆိုသည့် ကဗျာတပုဒ်က ဦးနှောက်ကို အလုပ်ရှုပ်စေခဲ့သည်။
ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်း၊ ယင်း အချက်နှစ်ချက်၏ မူရင်းပဓာနကို သေချာကျန ဝေခွဲမရခဲ့။

ချစ်ခြင်း၏ အခြားတဖက်မှာ
ချစ်ခင်ခြင်း၏ အခြားတဖက်တွင် ဆွေမျိုးသားချင်းဖြစ်နိုင်ရေး၊ ငယ်ပေါင်း ကြီးဖော်ဖြစ်နိုင်ရေး၊ နိုင်ငံတူရေး၊ လူမျိုးတူရေး၊ ဘာသာတူရေး စသည်တို့ကို အခြေခံလျက် သံယောဇဉ် ထားရှိနိုင်ခြင်း၊ အတူတကွ နေထိုင်နိုင်ခြင်း၊ သူ့အကျိုး ကိုယ့်အကျိုးကို ဆောင်ရွက်ပေးနိုင်ခြင်း၊ အနစ်နာခံနိုင်ခြင်းတို့က တပါတည်း တသားတည်း ကပ်လိုက်လာခဲ့ကြ၏။

လွယ်ကူသည့် ကိစ္စမဟုတ်

တစ်ယောက်နှင့်တစ်ယောက် သင့်သင့်မြတ်မြတ် အတူနေထိုင်နိုင်ဖို့ဆိုသည်မှာလည်း လွယ်ကူသည့် ကိစ္စမဟုတ်။ တခါတရံ မိဘသည်သော်မှ မွေးထားသည့် သားသမီးအပေါ် စိတ်တိုင်းမကျသည့် အချက်ပေါင်းများစွာရှိ၏။ မိဘတို့ဖြစ်စေချင်သည်က တမျိုး၊ သားသမီးတို့ ဖြစ်ချင်သည့်ဆန္ဒက တဖုံ၊ အတူစုံညီ မဖြစ်နိုင်သည်က များလှချေ၏။
ဒါကလည်း အမှန်တကယ်တော့ ထူးဆန်းလှသည်မဟုတ်။ သူ့ဝါသနာနှင့် သူ့စရိုက် ကိုက်ညီမှ အဆင်ပြေ ချောမွေ့စွာ ပေါင်းသင်းဆက်ဆံနိုင်မှာ ဖြစ်၏။

မိသားစုစိတ်ဓာတ်

မိဘနှင့်သားသမီး၊ ညီအကို မောင်နှမတို့သည် နေ့စဉ် နေ့စဉ် တွေ့မြင်ဆက်ဆံနေကြရ၏။ တခါတရံ မိသားစု ပျော်ရွှင်ငြိမ်းချမ်းမှုများနှင့် ကြုံခွင့် ဆုံခွင့် ရကြသလို၊ တခါတရံ မိသားစု ပြဿနာများနှင့် ကြုံရသည့်အခါ ကျိတ်မနိုင်ခဲမရ ကြိမ်မီးအုံးကြွသည့် အကြိမ်ပေါင်းလည်း ရေတွက်နိုင်မည်မဟုတ်။ အဓိကအားဖြင့် မိသားစု စိတ်ဓာတ်နှင့် မိသားစုပြဿနာဟု နားလည်သဘောပေါက်လျက် ဖြေရှင်းနိုင်ကြဖို့သာ အရေးကြီးပါ၏။ မိသားစု စိတ်ဓာတ်ကို အရင်းခံထားပါက အရာအားလုံးတို့ ပြေလည်သွားကြမည်မှာ အမှန်ဖြစ်၏။
မိဘတူကြလင့်ကစား ညီအကိုမောင်နှမ များစွာတို့မှာ စိတ်ဓာတ်နှင့်လုပ်ရပ်တွေ မတူညီကြ။ သို့သော် မိသားစုဝင် ညီအကိုမောင်နှမ သံယောဇဉ်ကို အခြေခံတည်ဆောက်ထားခြင်းကြောင့် အချိန်တန်တော့ ပြေလည်သွားကြ သည်ပင်။

ချစ်ခြင်းနှင့် မုန်းခြင်း

ချစ်ခြင်း မုန်းခြင်းတို့သည် သံယောဇဉ်နှင့် များစွာနှီးနွယ်နေ၏။ သံယောဇဉ်ကြောင့် အရာအားလုံးတို့ လင်းလက် တောက်ပနေကြသလို အရာအားလုံးတို့လည်း တိမ်ဖုံးသွားကြပြန်၏။ ယင်းကို အထက်ကို တွန်းပေးတတ်တဲ့ (ဥဒ္ဓံဘာဂိယ)သံယောဇဉ်နှင့် အောက်ကို ဆွဲခေါ်တတ်တဲ့ (အဓောဘာဂိယ) သံယောဇဉ်ဟု နှစ်မျိုးနှစ်စား ခွဲခြား၍ နာမည် ပေးလို့ ရနိုင်မည် ထင်ပါ၏။

သတိထားဖို့လို

တခါတလေ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းရှိ နွှယ်နေတဲ့ သံယောဇဉ်တွေက ကွေးနေသည့် လမ်းကြောင်း၊ စောင်းနေသည့်လမ်းကြောင်းတွေကို လမ်းမှန်ပေါ်သို့ မရောက် ရောက်အောင် တွန်းပို့ပေးတတ်သလို၊ တခါတလေ ဖြောင့်နေသည့် လမ်းကြောင်းကိုလည်း မိမိပတ်ဝန်းကျင်က ကွေးသွား စောင်းသွားအောင် လုပ်တတ်ကြသေး၏။ သတိထားဖို့တော့ လိုမည်ထင်သည်။

သာယာသည့်လမ်းကြောင်းနှင့် ပျက်သုဉ်းသည့်လမ်းကြောင်း

ပြောချင်သည့်စကားကို ပြန်ကောက်ရလျှင် မိသားစု စိတ်ဓာတ်ကို အရင်းခံလျှက် ချစ်ခင်မှု ရင်နှီးမှု ဆွေးနွေး နှီးနှောတိုင်ပင်မှုတို့ဖြင့် အပြုသဘောဆောင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းကြလျှင် တိမ်လွှာတိမ်ပြင် သံသယငွေမှင်တို့ မြူမှုန်မရှိ ပကတိ ဖြူစင်တောက်ပလျှက် သာယာသည့်လမ်းကြောင်းသို့ မလွဲမသွေ ရောက်ရှိနေမည်မှာ အမှန်ပင်။
သို့သော် မိသားစုစိတ်ဓာတ်ကို အရင်းမခံ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင် အမုန်းတရား အာဃာတများ ဝင်နေလျှင် မည်သည့်အလုပ်ကို မည်သို့ပင် ကောင်းအောင်လုပ်လုပ် ကောင်းသည်ဆိုးသည် မသိ။ ပကတိ အမုန်းစူးကြီးကြောင့် အရာအားလုံးတို့ ပျက်သုဉ်းသည့် လမ်းကြောင်းပေါ်သို့ အနှေးနဲ့အမြန် မလွယ်မသွေ ရောက်ရှိသွားကြမှာ အမှန်ပင်ဖြစ်၏။

ယုံကြည်မှုရှိဖို့

ဤနေရာတွင် လမ်းကြောင်းလမ်းမှန်ပေါ်သို့ ရောက်ရှိရန် ယုံကြည်မှုလိုလာသည်။ သံသယများနှင့် နေရသောဘ၀သည် အလွန်ပင် ပူလောင်လှ၏။ မိမိ၏ မိဘပင် ဖြစ်လင့်ကစား ကိုယ့်အပေါ်မှာ မိဘက မယုံကြည်၊ သံသယစိတ်နှင့် ဆက်ဆံနေလျင် သားသမီးတို့ဘ၀သည် မအေးချမ်းနိုင်။ ယုံကြည်မှု ကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ မိတ်ဆွေအပေါင်းအသင်း၊ အလုပ်ရှင်နှင့် အလုပ်သမား စသော မည်သည့် အဖွဲ့အစည်းမဆို ဘယ်လုံဘယ်ပုံ လက်တွဲ နေနိုင်ကြမည်နည်း။ တဦးနှင့်တဦး ယုံကြည်ဖို့တော့ လိုမည်ထင်ပါသည်။

အတွင်းသိ အဆင်းသိ အချင်းသိ

တဦးတယောက်ကို ယုံဖို့ဆိုသည်မှာလဲ အကြောင်းသိ၊ အတွင်း၊ အဆင်းသိ၊ အရည်အချင်းသိမှ ယုံနိုင်မည်။ ယုံမိပြီ ဆိုပါက အရာရာတိုင်းသည် ကြည်လင်တောက်ပလာတော့၏။ ယုံကြည်မှုက စိတ်ချမ်းသာမှုအဖြစ်သို့ မရောက် ရောက်အောင် ပို့ဆောင်ပေးတော့၏။ ယုံကြည်မှု ရှိလာသည်နှင့်တပြိုင်နက် နေထိုင်ရသည့် လက်ရှိဘ၀အတွက် ပျော်ရွှင်လာတော့၏။ တစ်ဦးကို တစ်ဦး သဘောတူ ကြည်ဖြူ၊ နှစ်သက် လက်ခံလာတော့သည်။ တစ်ဘ၀နှင့်တစ်ဘ၀၊ တစ်ဦးနှင့်တစ်ဦး၊ နှစ်ကိုယ့်တစ်စိတ် ပေါင်းသင်းဆက်ဆံဖို့ဆိုသည်မှာ ထက်သလောက် မခဲယဉ်းတော့။ ဤသည်မှာ ယုံကြည်မှုကိုအခြေခံထားခြင့် ဖြစ်သည်။

အရည်အချင်း ရှိဖို့

တစ်ဦးနှင့်တစ်ဦး ယုံကြည်ဖို့ ဆိုသည်မှာ အရည်အချင်းရှိဖို့တော့ လိုမည်ထင်သည်။ အရည်အချင်း ဆိုသည်မှာလည်း လုပ်ဆောင်ရမည့် တာဝန် ၀တ္တရားများကို ဆိုလိုပါသည်။
ဥပမာ - မိဘနှင့် သားသမီး။ မိဘကို သားသမီးက ယုံကြည်ဖို့အတွက် မိဘတို့မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ ရှိဖို့ လိုအပ်ပေလိမ့်မည်။ မကောင်းတာတွေ လုပ်နေတာကို တိုက်တွန်းအားပေး၊ လမ်းကောင်းလမ်းမှန်ကို မညွှန်ပြ၊ ပညာသင်ချိန်မှာ ပညာသင်ပေးဖို့ ခွင့်မပြု၊ မတိုက်တွန်း၊ လမ်းမပြ၊ အရွယ်ရောက်လို့ သားသမီးအတွက် သင့်တင့်တဲ့ အိမ်ထောင်ရေးကို မဝေဖန် အကြံမပေး၊ မတိုက်တွန်းတတ်တဲ့ မိဘမျိုး။
သားသမီးများ အိမ်ထောင် ရက်သား ကျပြန်တော့ မိဘတို့ ဆောင်ရွက်ပေးရမယ့် ၀တ္တရားတွေ ပျက်ကွက်တတ်တဲ့ မိဘမျိုး၊ အဲဒီလို မိဘတွေကို ဘယ်သားသမီးတွေက ယုံကြည်ကြမည်နည်း။ သားသမီး မယုံကြည်သော မိဘတွေအတွက် ကြည်ကြည်လင်လင် ရက်ရက်ရောရော ကျွေးမွေး ပြုစု စောင့်ရှောက်မှုများ ရှိလာတော့မည် မဟုတ်ချေ။

တိုးတက်ပြန့်ပွား စည်ကားသာယာ

မိဘနှင့် သားသမီး၊ မယားနှင့်လင်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဘုန်ကြီးနှင့်ဒကာ၊ ဆရာနှင့်တပည့်၊ မိတ်ဆွေ အချင်းချင်း ကြည်ကြည်ဖြူဖြူ ချမ်းချမ်းသာသာဖြင့် နေထိုင်ပေါင်းသင်း ဆက်ဆံနိုင်ဖို့ ဆိုသည်မှာ ကိုယ်လုပ်ရမည့် တာဝန် ၀တ္တရားများ မပျက်မကွက် ပြုလုပ်ကြပြီး၊ ပွင့်လင်းမြင်သာစွာဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်ကြပြီဆိုလျှင် မည်သည့်အစုဝင် မည်သည့်အဖွဲ့အစည်းမဆို ရေရှည် တည်တန့် ခိုင်မြဲ၍ တိုးတက်ပြန့်ပွား စည်ကားသာယာနေမည်မှာ အမှန်ပင်ဖြစ်၏။

ဆက်ရန်


မောင်ပညာ (မန်းတက္ကသိုလ်)

March 7, 2010

အဆောင်မှူးတဲ့လား

ဒီအသံကိုကြားလိုက်ရရင်ပဲ မန္တလေးမြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးကို လွမ်းမိလိုက်တာ၊ အော် ဒါဟာ ငါ့တပည့်လေးရဲ့အသံပါလားလို့လည်း နှလုံးသားနားမှာ ကပ်ငြိမိပြန်တယ်၊ အော် ငါ့တပည့်တွေ အများစု င့ါကို ဒီလိုခေါ်ခဲ့ကြတာပါလားလို့လည်း စိတ်မျက်စိမှာ အလွမ်းတွေနဲ့ ဝေခဲ့ရပြန်တယ်။

ဒီနေ့တိုင်အောင် ဒီသမုတ်နာမ်လေးကို သုံးနေတာကတော့ ချစ်တပည့် မောင်ပညာပါပဲ၊ တွေ့လိုက်တိုင်း အဆောင်မှူးတဲ့၊ မြန်မာပြည်မှာ ဖြုတ်ချည်း ရုတ်ချည်း ခဏလေး တွေ့လိုက်တော့ လည်း မောင်ပညာက ကိုယ့်ကို အဆောင်မှူးတဲ့၊ ဟော အင်တာနက်မှာ နိုင်ငံရပ်ခြားမှာ တွေ့လိုက်တိုင်းလည်း အဆောင်မှူးတဲ့၊ ကိုယ်ကလည်း အဲဒီအသုံးလေးကို သိပ်မြတ်နိုးတာပဲ၊ ဆရာတော်လို့ခေါ်တာထက် အဲဒီအဆောင်မှူးဆိုတာကို ပိုနှစ်သက်မိတာ တကယ်ပါ။
မိခင်တက္ကသိုလ်ကြီးမှာ မြန်မာစာဌာန၊ နည်းပြအဖြစ်ကို အဆောင်မှူးတာဝန်နဲ့တွဲပြီး ခြောက်နှစ်ကြာ ထမ်းဆောင်ခဲ့ရတဲ့ ကာလလေးကတော့ဖြင့် ကိုယ့်ဘ၀မှာ သာသနာတော်အတွက် အကောင်းဆုံး ဆောင်ရွက်မှုပဲဆိုပါတော့။
ကိုယ်တတ်ထားတဲ့ အင်္ဂလိပ်စာသဒ္ဒါလေးကို တပည့်တွေကို ဝေငှခဲ့တာလည်း တစ်နှစ် နှစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါတစ်လေ နှစ်လ၊ တစ်ခါတစ်ခါ တစ်လခွဲ၊ ကြိုးကြား ကြိုးကြား အင်္ဂလိပ်စာအုပ် အလွယ်လေးများကိုလည်း ကိုယ်လောက်မတတ်သေးတဲ့ ကိုယ့်တပည့်လေးတွေကို သင်ပေးခဲ့။ တပည့်တွေကိုတော့ ချစ်တယ်၊ အစိမ်းအကျက်မထားဘဲ ချစ်တယ်၊ သူတို့တွေကို သိပ်တော်စေချင်တယ်၊ ကိုယ့်ကတော့ ကျောက်ဖျာတစ်ချပ်လိုပါပဲ၊ သူတို့သွေးလို့ ထက်ပြီးရင်း ထက်လေ တက်သွားလေ အောက်ကနေ မော်ကြည့်ရတာ ပျော်မွေ့လေပါပဲ။
သူတို့တွေကို အင်္ဂလိပ်စာသင်ပေးတဲ့အခါများ ကိုယ်တတ်တာက တစ်လခွဲနှစ်လဆို ကုန်ပြီ၊ ရှေ့ဆက်ပြီး ကိုယ့်မှာ သင်ပေးစရာမရှိတော့ဘူး၊ ဟော နောက်နှစ်တွေကျတော့ သူတို့က ကိုယ့်ထက် အင်္ဂလိပ်စာမှာ တော်နေကြ၊ ကိုယ်ကတော့ ပြီးခဲ့တဲ့နှစ်တွေကအတိုင်း အင်္ဂလိပ်သဒ္ဒါလေး ဆက်သင်ပေး၊ တစ်လ နှစ်လဆို ကုန်ပြန်၊ ကိုယ်ကလည်း ထပ်ပြီး မလေ့လာချင်၊ မြန်မာစာလောက် အင်္ဂလိပ်စာကို မချစ်၊ မနှစ်သက်၊ သင်လိုတတ်လိုစိတ်မရှိခဲ့။
ဘာပဲဖြစ်ဖြစ်ပေါ့၊ ကိုယ့်တပည့်လေးတွေ ခုဆို နိုင်ငံအသီးသီးမှာ အင်္ဂလိပ်စာတွေ ဆက် လေ့လာကြလို့၊ သင်ကြလို့၊ တိုးတက်မှုတွေနဲ့ မြင်ရ တွေ့တော့ ရင်ထဲကပီတိက ရင်ထဲမှာတွင် မနေတော့၊ ရင်ဘက်ကြီး အပြင်ထိတက်ခဲ့၊ အဆောင်မှူးတဲ့၊ ကျေနပ်လိုက်တာ၊ အားရလိုက်တာ၊ ပျော်လိုက်တာ၊ ဒီအသံလေးတွေဟာ ကိုယ့်အတွက်တော့ဖြင့် ဘ၀မှာ သာသနာအတွက် အားဆေးပါပဲ။
ချစ်တပည့်က သူတို့နှစ်ပတ်လည် စာစောင်အတွက် ဆောင်းပါးတစ်ပုဒ်ရေးပေးပါလို့ တောင်းပန်ထားတာက ကြာပါပြီ၊ ကိုယ်ကလည်း ရေးပေးပါမယ်ဆိုပြီး စိတ်အားထက်သန်စွာပဲ ၀န်ခံ ကတိပြုခဲ့ပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ အဆောင်မှူး ကိုယ်, သူ့အလုပ်တွေနဲ့သူ ဘာမှမလုပ်ရဘဲ ရှုပ်နေခဲ့၊ ကျမ်းတင်ဘို့အဆင်သင့် ဖြစ်နေခဲ့တာ မြန်မာပြည်မပြန်ခင်ထဲကဆိုတာကို သူတို့လည်း အသိ၊ ခက်တာက ကိုယ်လေ၊ ကိုယ်က ဘာမှအလုပ်မရှိတော့ဘူး ဖိအားတွေ ကင်းနေချိန်ဆို ဘာမှမလုပ်ချင် တော့ဘူး၊ ဆိုပါတော့ ကိုယ့်အကြောင်း စာမေးပွဲနား နီးတဲ့ခါများ စာကျက်ရတာလည်း အရသာရှိရဲ့၊ ၀တ္ထု စာအုပ် မဂ္ဂဇင်းစာအုပ်၊ ကဗျာ ဘာညာ ဖတ်ရတာလည်း အလွန်အရသာရှိ၊ ဆောင်းပါး တိုတိတိုတိ ရေးရတာလည်း လက်က အလွန်တွေ့တတ်၊ အဲ အလုပ်တွေ ဖိအားတွေ မရှိတော့ဘူးဆိုမှဖြင့် ဘာမှမလုပ်ချင်ဘဲနဲ့ အလုပ်များနေ အလုပ်များနေဆိုပြီး အမြဲလိုပြောတတ်တာ ခုထိပဲလေ။
တပည့်က ကိုယ့်အကြိုက်အဆောင်မှူးဆိုတဲ့အသံလေးကို ကိုယ့်ဆီတိုက်ရိုက်သာမကဘဲ ကိုယ့်ရဲ့ အလင်းသစ် (alinnthit.net) လေးထဲ လိုက်ခေါ်တော့ မဖြစ်ချေတော့ဘူး ငါရေးပေးမှ ဖြစ်မယ် ဆိုပြီး မရှိတဲ့အလုပ်ကို အသာထားပြီး ခပ်ပါးပါးလေးတော့ မန်း န.ပ.သ (နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မန္တလေး)ကို လွမ်းပြလိုက်မိပြီပေါ့။
1989-မှာ မန္တလေးနဲ့ ရန်ကုန်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးနှစ်ခုတွင် ကနဦး ဓမ္မာစရိယဘွဲ့ရပြီးသားများအတွက် သာသနတက္ကသီလမဟာဓမ္မာစရိယ (အမ်-အေ) တန်းကို ဆက်လက် အသစ်မဖွင့်တော့ဘဲ ပထမကြီး အောင်၊ အသက် (၃၀) ၀ါတော် (၁၀) အတွင်း ကျောင်းသားများအတွက် သာသနတက္ကသီလဓမ္မာစရိယ (ဘီ-အေ)တန်းကို စတင်ဖွင့်လစ်ခဲ့၊ အဲဒီနှစ် မှာပဲ ကိုယ်လည်း ဘီအေ ပထမနှစ်ကျောင်းသားဖြစ်ခဲ့၊ မန်း န.ပ.သ ဆိုတာက အရှေ့ဘက်မှာ ရန်ကင်းတောင်၊ အနောက်မြောက်ဘက်မှာက မန္တလေးတောင်၊ အဲဒီနှစ်ခုထဲနဲ့ကို လွမ်းမောဘွယ်အတိ၊ ခုလို ဆောင်းအကုန် နွေအကူး၊ ဆောင်းနဲ့နွေ စက်ကူးမက်ကူးကာလ ရောက်ပြီဆိုမှဖြင့် ရိုးတန်းပြိုင်းနဲ့ မန္တလေးတောင်ကြီးဟာဖြင့် စေတီပုထိုး ခက်ဖွေးဖွေးနဲ့၊ ရွှေကျောင်းကြီးနဲ့ အတုမရှိကျောင်းတော်ကြီး အတွင်းမှာဆို နွေရာသီရဲ့သရုပ်သကန် ဘုရားဖူးတွေ ချွေးစီးစီးနဲ့၊ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားတို့မှာလည်း ဘုရားဖူးတွေ နွေရာသီကို အန်ခဲလျက်၊ မန္တလေး ကျုံးတော်ကြီး ကတော့ ရှေးမူတွေနဲ့ ခုခေတ်မူ ရောထွေးလျက်။
ဘီအေကို လေးနှစ်၊ အမ်အေကို နှစ်နှစ် ရေးဖြေပြီးခဲ့တဲ့နှစ်မှာ စလို့ အဆောင် (၁၈) အဆောင်မှူးဘ၀နဲ့ မြန်မာစာဌာန၊ နည်းပြဆိုတဲ့တာဝန်နဲ့ ကျောင်းသားတွေကို အုပ်ချုပ်ခဲ့၊ အုပ်ချုပ်ခဲ့ ဆိုတာကလည်း ရဟန်းငယ်တွေအဘို့တော့ ထူးပြီးအုပ်ချုပ်ဘို့ မလိုအပ်ခဲ့ပါဘူး၊ အားလုံး ဗုဒ္ဓ၀ိနည်းတော်မှာ ပထမကြီးဆိုတဲ့ အတန်းကို အဆင့်မြင့်စွာအောင်မြင်ခဲ့ကြသူချည်းမို့ အနေ အထိုင် အစား အသောက် ဘာမှ ပြောဘွယ်၊ ဆုံးမဘွယ်မရှိခဲ့ပါဘူး၊ ၀ိနည်းတော်အတိုင်း နေထိုင်ကြတာမို့ ကိုယ်က သူတို့အရင် လူကြီးဖြစ်တာမို့သာ သူတို့အတွက် လူကြီးလုပ်နေခဲ့ရတာပါ။
အဲဒီ အမိတက္ကသိုလ်ကြီးကို တည်ထောင်ခဲ့သူကလည်း မြန်မာပြည်မှာ တစ်ဆိုမှ တစ်၊ နံပါတ် ၀မ်း၊ မင်းကွန်းတိပိဋကဓရဆရာတော်ကြီးပေပဲ၊ သာသနာတော်ရဲ့တောင်းဆိုမှု၊ ခေတ်၏ သမိုင်း မှတ်တိုင်တစ်ခုကို လှပစွာစိုက်ထူခဲ့သူကြီးပါပဲ၊ ဆရာတော်ဘုရားကြီး နတ်ရွာမလားခင်အချိန်ထိတော့ တက္ကသိုလ်ကြီးက အမြစ်တွယ် ပင်စည်တွေနဲ့ အေးရိပ်ဆာကြီးတစ်ခုသာ ဖြစ်နေခဲ့၊ ဆရာတော်ဘုရား ကြီး နတ်ရွာလားပြီးတဲ့နောက်ပိုင်းတော့ ခုဆိုရင် အသီးတွေ အပွင့်တွေ ဝေလျက်၊ မြန်မာဗုဒ္ဓသာသနာ တော်ကြီးကို ဆရာတော်ဘုရားကြီး ရည်ရွယ်ရင်းအတိုင်း အနယ်နယ်အရပ်ရပ် ဆက်လက်ဖြန့်ဝေနေခဲ့၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွေမှာလည်း ဆရာတော်ကြီး စိုက်ပျိုးခဲ့သည့် ဤသစ်ပင်ကြီးမှ အသီးများဟာ နေရာတိုင်းမှာ မျိုးစေ့တွေ ပြန့်ပွားစေလျက်။
ချစ်တပည့်ရေ ဒီနေ့ဆိုရင် ကိုယ်သိသလောက် ဒို့တက္ကသိုလ်ကြီးကနေ ကျောင်းပြီးလို့ ဒေါက်တာဘွဲ့တွေ ရသွားတဲ့ ကျောင်းသားတွေ၊ နိုင်ငံခြားသာသနာပြုတွေ မနည်းတော့ဘူးကွယ့်၊ ကိုယ်နေတဲ့ ခု ဒီဘုံဘေတက္ကသိုလ်ကြီးကပဲ- ဒေါက်တာအရှင်ဣန္ဒက၊ ဒေါက်တာအရှင်အာသဘ၊ ဒေါက်တာအရှင်ခေမန္ဒ၊ ဒေါက်တာအရှင်ကိတ္တသာရ လေးပါး ကျောင်းပြီးသွားကြပြီလေ၊ ခုလည်း ဒို့တက္ကသိုလ်က နင်တို့အဆောင်မှူး ငါအပါဝင် အရှင်သီရိန္ဒ၊ အရှင်စန္ဒာဝရ၊ မြန်မာပြည်က အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်က ဒေါက်တာဘွဲ့ရပြီးတဲ့ အရှင်ပါရမီတို့ ဒေါက်တာဘွဲ့အတွက် အားသွင်ကြိုးပမ်းနေကြတုန်း၊ နောက် တစ်နှစ် နှစ်နှစ်ဆိုရင် ဒေါက်တာဘွဲ့တွေ ရကြဦးမယ်လေ။
ဟော သီရိလင်္ကာနိုင်ငံ ကိုလံဘို၊ ကေလနိယတက္ကသိုလ်ကနေ အရှင်ဝါသနနဲ့ အရှင် ညာဏုတ္တရတို့ဆို အမ်ဖီး (M.Phil) ပြီးခဲ့ကြပါရော့လား၊ ဟော တစ်ခါ ဗာရာဏသီက (B.H.U) မှာလည်း အရှင်သုမင်္ဂလ၊ အရှင်အစ္ဆရိယ၊ ဆန်စကရစ်ကဆို အရှင်အဂ္ဂ၀ံသတို့ ဒေါက်တာဘွဲ့တွေ လုပ်နေကြတယ်၊ အထူးသဖြင့် နင်တို့သိတဲ့ မော်ဒန်ဆိုတဲ့ အရှင်ဝိစိတ္တသာရဟာ ဒေါက်တာဘွဲ့လုပ်ရင်း တိဗတ်တက္ကသိုလ်ကြီးမှာ ဗုဒ္ဓဇင်မှာ ပါမောက္ခလား လုပ်နေလေရဲ့၊ နင်တို့ ထိုင်းနိုင်ငံမှာလည်း သီရိလင်္ကာက အမ်ဖီးပြီးခဲ့တဲ့ ဒို့များရဲ့သူငယ်ချင်းကြီး အရှင်ဝါသ၀ ဒေါက်တာဘွဲ့လုပ်နေတယ်လေ။
မြန်မာပြည်က အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကနေ ဒေါက်တာနောဓိညာဏ၊ ဒေါက်တာအရှင်ပါရမီ၊ ဒေါက်တာအရှင်အာစာရ၊ သူတို့သုံးပါး ဒေါက်တာဘွဲ့တွေရပြီးပြီ၊ နင်တို့ဆရာ တို့တက္ကသိုလ်ကပဲ ဆရာတော်ဦးညာဏိန္ဒ ဒီနှစ်ဒေါက်တာဘွဲ့ရပြန်တယ်။ ဒါက ငါ လက်လှမ်းမီ သလောက်နော်၊ ငါမမီတဲ့ မသိတဲ့နေရာတွေမှာ ကျောင်းတက်နေကြတဲ့သူတွေ အများကြီး ရှိလိမ့်ဦးမယ်လေ၊ ဒါတွေကို ငါက ကြွားနေတယ်တော့ မထင်နဲ့နော်၊ နင်တို့တွေလည်း အဲလိုတွေ ဖြစ်အောင် ကြိုးစားကြစေချင်လို့ပါ။ အမိနိုင်ငံဂုဏ်ဆောင်ရမယ်၊ သာသနာဂုဏ်ကို ပြောင်ဝင်းစေရမယ်၊ မြန်မာဆိုတာ နေရာတိုင်းမှာ ဗုဒ္ဓသာသနာကို ထွန်းပြောစေတယ်ဆိုတာ သိစေချင်လို့ရယ်ပါနော်။
အင်း တကယ်ဆိုတော့ ဒီအသီးအပွင့်တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီးရဲ့ အမြော်မြင်ကြီးစွာနဲ့စိုက်ပျိုးခဲ့တဲ့ ဒို့များ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)ရဲ့ ပင်စည်ကြီးက သီးပွင့်ခဲ့ သီးပွင့်နေတာတွေပါ။
တကယ်တော့ ဒီအချိန်ဟာ အမိတက္ကသိုလ်ကြီးရဲ့ နှစ်ဝက်စာမွေးပွဲတွေ ဖြေကြဘို့ နီးစပ်လွန်း နေတဲ့ရာသီပါ၊ ဆောင်းကုန်လို့ နွေကူးလာပြီ၊ တောင်လေတွေဝှေ့လာပြီဆိုမှဖြင့် ဒို့များရဲ့ အမိ တက္ကသိုလ်တွင်းမှာ ပါဠိစာပေ အဋ္ဌကထာ ဋီကာသံတွေနဲ့လည်း စည်ဝေနေလျက်၊ သက္ကဋ (ကုလား)သံ တွေကလည်း ကြိုးကြားကြိုးကြား မြည်ဟည်းကြလျက်၊ အင်္ဂလိပ်စာသံတွေကလည်း အသံပီသူ မပီသူ နားဆူအောင် ကြားရလျက်၊ အင်း အဆောင်မှူးပျော်ဝင်ခဲ့တာကတော့- ဤကာလက၊ ချမ်းမြမထန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပြောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာဟစ်ကြွေး…စတဲ့ ရှင်အုန်း ညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ရဲ့အသံ၊ တောင်းကိုမဖောက် တောင်ကိုဖောက် စိန်ကျောက်အသွင် သီလ၀ံဆိုတဲ့ အရှင်မဟာရဋ္ဌသာရနဲ့ အရှင်မဟာသီလ၀ံသတို့ရဲ့ ပညာညာဏ်ရည် အနိမ့်အမြင့်…. လယ်တီဆရာတော်ဘုရားကြီးရဲ့ ဒီပနီတွေ၊ တိပိဋကဆရာတော်ဘုရားကြီးရဲ့ မဟာဗုဒ္ဓ၀င်ထဲက အသံတွေကို နေ့ညမပြတ် ကြားနေရပါကောလေ။
ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ မြန်မာရဟန်းတော် ညီနောင်တို့ရေ ဘယ်နေရာရောက် ရောက် ဘယ်တက္ကသိုလ်မှာ ပညာရင်နို့ သောက်စို့စို့၊ အရေးကြီးတာကတော့ ဒို့များဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာရဟန်းတော်များဟု ရင်တွင်းမှာ စိတ်ထားလျက် လိုချင်တဲ့ ပန်းတိုင်တွေကို အချိန်တိုအတွင်း မှာ ရောက်အောင် လှမ်းကြစေချင်ပါတယ်၊ ညီနောင်တို့ကို ဒို့နိုင်ငံကလည်း အလွန်ကို အလိုရှိနေပါပြီ၊ ဒီနေ့ခေတ်ဟာ ဗုဒ္ဓစာပေကို ရှေးရိုးနည်းတစ်ခုတည်း တတ်ကြရုံနဲ့ မပြည့်စုံတော့ပါဘူး၊ ခေတ်သစ်နည်း ပညာတွေ အထွေထွေနဲ့ မွမ်းမံပြီး၊ အင်္ဂလိပ်စာဆိုတဲ့ လက်နက်ကောင်းကို ကိုင်ဆောင်နိုင်ကြပြီ ဆိုရင်ဖြင့် ဒို့များတိုင်းပြည်ရဲ့ အနယ်နယ်အရပ်ရပ်မှာ သင်တို့ရဲ့ ပစ္စည်းလေးပါး ဒကာ ဒကာမများဟာ သင်တို့ကို မျှော်လင့်တကြီးနဲ့ စောင့်နေကြတယ်ဆိုတာကိုလည်း ရင်ထဲကနေ မဖျောက်ဖျက် မိကြစေ ချင်ပါဘူးနော်။
အရေးကြီးဆုံးကတော့ ကိုယ်ရလာတဲ့ ကိုယ့်ဘွဲ့နဲ့ညီတဲ့ အရည်အသွေးတွေနဲ့ ပြန်လာ နိုင်အောင် ကြိုးစားကြစေချင်ပါတယ်၊ နာဂစ်ဒဏ်ခံခဲ့ရတဲ့ ဒို့များရဲ့ ကလေးလေးတွေ ခုဆို ဘယ်လိုတွေ ဖြစ်နေကြပါလိမ့်မလဲ၊ ဒို့ သူတို့ကို ဘာတွေ လုပ်ပေးနိုင်မလဲ၊ ဒီလိုလေးတွေလည်း တွေးထားကြဘို့ လို ဦးမယ်ထင်ပ၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ ဒို့လုပ်နိုင်တာကို ဒို့လုပ်ကြရမှာပါပဲ၊ ခု အရေးကြီးဆုံးကတော့ တက် ရောက်သင်ကြားနေတဲ့ အတန်းအသီးသီးမှာ အဆင့်မြင့်မြင့်နဲ့ စာမေးပွဲတွေအောင်၊ အသိပညာတွေ တိုး၊ အရည်အချင်းတွေ ပြည့်၊ တစ်နေ့ ….
သင်တို့အားလုံးကို ကမ္ဘာကြီးက စောင့်ကြိုနေပါတယ်လို့….
အရှင်သာဓိန (ခေတ္တ၊ ဘုံဘေတက္ကသိုလ်)
07. 03. 2010

March 5, 2010

ဓမ္မာ သောက၊ အင်းဝ ရာဇာ တဲ့လား

''ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းမင်းသည် အရည်းကြီးလူထွက်ဖြစ်၍ ဗေဒင်နှင့်မှော်ပညာကို ကျွမ်းကျင်သည်။ နတ်နှင့်နဂါးကိုလည်း ကိုးကွယ်သည်။ သူ့လက်ထက်မှစ၍ ဗေဒင်နှင့်မှော်ပညာသည် အထွက်အထိပ်သို့ရောက်လာကာ နတ်နှင့် နဂါးကိုးကွယ်မှုမှာလည်း ယခုတိုင်အောင် တွင်ကျယ်လာခဲ့သည်။
နတ်နှင့်နဂါးကိုးကွယ်မှုသည် ပုပ္ပါးဘက်တွင် အကြီးအကျယ်ဖြစ်နေသဖြင့် နှောင်းခေတ် ဘုရင်များက တိရစ္ဆာန်နဂါးကို ကိုးကွယ်တာထက်စာလျှင် လူကဖြစ်သောနတ်စိမ်းကို ကိုးကွယ်တာက တော်သေးသည်ဟု ယူဆကာ လုပ်ဇာတ်တစ်ခုရေးပြီး ရုပ်တုနှင်တကွ ဖောင်ဖြင့်မျှောလိုက်ရာမှ အစပြု၍ နတ်ကိုးကွယ်မှု ၀င်ရောက်လာ ကြောင်း စစ်ကိုင်းဦးဘိုးသင်း၏ သူ့အမြင်သူ့အတွေးစာအုပ်တွင် ဖတ်ရှုရပါသည်။
အနော်ရထာမင်းလက်ထက်မှစ၍ ကွယ်ပျောက်ခဲ့သော နဂါးကိုးကွယ်မှုသည် ယခုအချိန်ထိ အမြစ်ပြတ်သေးခြင်းမရှိခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် အထက်မြန်မာပြည်ရှိ ကျေးရွာတချို့တွင် ရှင်ပြုသည့်အခါ နဂါးကို ရှင်လောင်းပြရသည်ဟုဆိုကာ ရွာအနောက်တခါးသို့ သွားလေ့သွားထ ရှိနေသေးသည်ကို တွေ့နေရသေးသည်။ အထင်ရှားဆုံးအချက်သည်ကား ခရီးသွား၊အိမ်အပြောင်းအရွှေ့လုပ်သည့်အခါ နဂါးခံတွင်းမ၀င်မိရန် ရှောင်တတ်ကြခြင်းပင်ဖြစ်သည်။
နတ်နဂါး ကိုးကွယ်သူတို့၏ အယူအဆအရ နဂါးသည် တနေရာနှင့်တနေရာ သုံးလနေပြီး အရပ်လေးမျက်နှာသို့ လက်ယာရစ်လှည့်နေသည်။ နဂါးသည် တပေါင်း၊တန်ခူး၊ကဆုန် သုံးလတွင် အနောက်ဘက်သို့ လှည့်နေသည်။နယုန်၊၀ါဆို၊၀ါခေါင် သုံးလတွင် မြောက်ဘက်သို့လှည့်နေသည်။ နတ်တော်၊ပြာသို၊ တပိုတွဲ့လတို့တွင် တောင်ဘက်သို့လှည့်နေသည်။
တစုံတယောက်သောသူသည် နဂါးခံတွင်းဝင်သွားလျှင် ဆင်းရဲဒုက္ခနှင့် တွေ့လိမ့်မည်။ နဂါးအကြေးခွံကိုဖောက်သွားလျှင် ကံဆိုးမိုးမှောင်ကျလိမ့်မည်။နဂါးဝမ်းကိုဖောက်၍ သွားမှသာ ကံဆိုးခြင်းမှ လွတ်၍ ချမ်းသာသုခနှင့်တွေ့ရလိမ့်မည်။
ဥပမာအားဖြင့် နဂါးခေါင်းအရှေ့ဘက်သို့လှည့်နေသော တော်သလင်း၊သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် အရှေ့မှအနောက်သို့သွားခြင်းနှင့် အနောက်မှအရှေ့သို့သွားခြင်းကို ရှောင်ရမည်။ တောင်မှမြောက်သို့ သွားခြင်း၊ မြောက်မှတောင်သို့ သွားခြင်းကို ပြုလုပ်နိုင်သည်။
အတွေးအခေါ်ရှိသော ဗုဒ္ဓဘာသာတို့၏ ရယ်ရွှင်ဖွယ်ကောင်းသော အယူအဆဖြစ်ပါသည်။ ထို့အတူ ကောင်းကျိုးဆိုးကျိုးကို ကောင်းကံ မကောင်းကံက ဖန်တီးမပေးဘဲ ကိတ်ဂြိုဟ်မှတပါး ဂြိုဟ်ကြီးရှစ်လုံးက ဖန်တီးသည်ဟူသော ဗေဒင်၊ နက္ခတ် အယူအဆသည်လည်း ဗုဒ္ဓနှင့်အလွန်ပင် ဆန့်ကျင်နေပါသည်။
ထိုကဲ့သို့ ဆန့်ကျင်ပုံကို သိသာစေရန် ကချင်ပြည်နယ်၊နမ္မားမြို့ မင်္ဂလာရာမ ကျောင်းဆရာတော် ဦးဉာဏ-က တရားစစ်တမ်းဆွေးနွေးခန်းစာအုပ်တွင် အောက်ပါအတိုင်း သတိပေးရေးသား ထားပါသည်။
''ဘုရားဟောထက် ဗေဒင်ယုံသူတွေက များနေတယ်။ တစ်နှစ်တခါထုတ်တဲ့ သင်္ကြန်စာမှာဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ တယောက်ပြီးတယောက် လက်ကမ်းနေကြတာ တွေ့ကြပါလိမ့်မယ်။ မြတ်စွာဘုရားက နတ်ဗြဟ္မာများ၏ ခန္ဓာကိုယ်သည် ကမဇရုပ်တွေချည်း သက်သက်မို့ သေလျှင်မီးတောက် သဖွယ် ပျောက်တတ်တယ်လို့ဟောတယ်။
ဗေဒင်က ယခုထက်ထိ ခေါင်းပြတ်ကြီးက မပုတ်သေးဘူး၊ မြန်မာပြည်က ယုံကြည်လက်ခံထားသမျှ ပုတ်မှာမဟုတ်ဘူးကွဲ့။''
“ဗေဒင်က ရက်ရာဇာနဲ့ပြဿဒါးကို ပဓာနထားသကွဲ့။ မြတ်စွာဘုရားက ကုသိုလ်နဲ့ အကုသိုလ်ကို ပဓာနထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါးကို အဓိကထားပြီး ထူသကွဲ့။ မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထားပြီး ထူသကွဲ့။ ကဲ.....ဆန့်ကျင်မနေဘူးလား။ မြတ်စွာဘုရားနှင့် ဆန်ကျင်တာကို ယုံလျှင် ဘုရားတရားကို မယုံရာကျတာပေါ့။ 
”နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လည်းမပါ၊ မသာ စံချရင် မလောင်းနဲ့၊ ကိစ္စမပြီးဘူးလည်း မပါ၊ အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ ပျက်စီးရတတ်တယ်လည်း မပါ၊ ဓမ္မာ၊သောက၊အင်းဝ၊ရာဇာ ကျလို့ ပျက်စီးတတ်တာလည်းမပါ၊ သားဦးစနေ မီးလိုမွှေဆိုတာလည်းမပါ။
တနင်္ဂနွေ၊တနင်းင်္လာ၊ အင်္ဂါ ဆိုတာတွေဟာ ပညတ်တွေပဲ၊ လူကိုကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး၊ ကုသိုလ်ကံကသာ ကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကသာ မကောင်းအောင်လုပ်နိုင်တယ်။ ဒီတော့ အကုသိုလ်ကံဆိုလျှင် မြွေဆိုး ကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်ကံကို ဣစ္ဆာသယ ပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာမိမှာ မဟုတ်လား။”
နမ္မားဆရာတော်နည်းတူ အဘိဓဇမဟာရဠဂုရု စံကင်းဆရာတော်ဘုရားကြီးကလည်း “ တခါတခါ စဉ်းစားကြည့်ရင် ကံတရားက ကမ္ဘာတခုလုံးမှာရှိတဲ့လူတွေကို တယောက်နဲ့တယောက်မတူအောင် စီမံထားတယ်၊ တူတဲ့နေရာ တူပေမဲ့ မတူတဲ့နေရာတွေက အများကြီးရှိတယ်။ မိမိကိုယ်ကို ကောင်းအောင် လုပ်နိုင်တာလည်း ဘယ်သူလဲ၊ မိမိကိစ္စ မိမိစီမံတာပဲ။ ဘေးအန္တရာယ်ဖြစ်အောင် ဘယ်သူလုပ်သလဲ။ မိမိကံက လုပ်တာပဲ။
ဥပမာ
ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်နေတဲ့သူကို ရေနစ်အောင်မလုပ်နိုင်ဘူး။ မြစ်ထဲဆင်းသူကိုသာ ရေနစ်စေနိုင်တယ်။ ဒီအတိုင်းပဲ ဘေးရန်အန္တရာယ်တွေ ရှိနေပေမဲ့လည်း အလုပ်ကောင်းလုပ်သူ ကံကောင်းရှိသူ ဘေးရန် မဖြစ်နိုင်ပါဘူး... ကံကောင်းမရှိသူသာ ဘေးရန် ဖြစ်စေနိုင်တယ်။ ဒါကြောင့် မကောင်းကျိုးဖြစ်စေတတ်တဲ့ မိမိရဲ့ ကံယုတ် ကံညံများကိုသာ ကြောက်စရာလို့တယ်။
ဘေးရန် အန္တရာယ်တွေကြောက်စရာ မလိုပါဘူး။ ဂြိုဟ်ကြီးရှစ်လုံးပူးပူး မပူးပူး ဇာတိဇရာ မရဏစတဲ့ ဘေးရန်တွေ သတ္တ၀ါတိုင်း တွေ့နေကြရတယ်။ သံသရာကျင်လည်ခိုက်မှာ မကောင်းမှုကံပါလာလို့ ကပ်ကြီးသုံးပါးတွေ့ကြတာ သံသရာဒုက္ခခံကြရတယ်။ ဘေးရန်တွေက မိမိမှာဖြစ်လာတာ မဟုတ်ဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့ အကျိုးတွေဖြစ်နေရတာ။ အတိတ်နမိတ် ဆိုတာတော့ တခါတရံရှိတတ်ပါရဲ့။ ငရဲကြီးရှစ်ထပ်ရှိနေပေမယ့် ငရဲ့ကြီးရှစ်ထပ်က ဘယ်သူ့ကိုမှလာမခေါ်ပါဘူး၊ ကိုယ့်ရဲ့မကောင်းစိတ်က သာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင်တာပါ။”
ဆရာတော်နှစ်ပါး၏ သြ၀ါဒဆိုလိုချက်အကျဉ်းမှာ ဗေဒင်၊ နက္ခတ်၊ ဂြိုဟ် - ဘေးရန်တွေမှာ ကြောက်စရာ မဟုတ်။ မိမိပြုလုပ်သော မကောင်းမှု အကုသိုလ်ကံများသည်သာ ကြောက်စရာ အစစ်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဒီဂြိုလ်ထဲရောက်နေလို့ ဒီနက္ခတ်နဲ့တိုးနေလို့ ဒီဆိုးကျိုးခံစားရတာဟု ယူဆလိုက်လျှင် ကံ၊ကံ ၏ အကျိုးကို ယုံကြည်လက်ခံသော ကမ္မဿကတာ သမ္မာဒိဋ္ဌိအဖြစ်မှ သွေဖယ်၍ မိစ္ဆာဒိဋ္ဌိအယူသို့ သက်ဝင်သွားလေပြီ။ သို့အတွက်ကြောင့် ဆရာတော်ကြီးများက အလေးထား မှာကြားနေခြင်းဖြစ်ပါသည်။

ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ဧကနိပါတ်၊ နက္ခတ္တဇာတ်တွင် -
”နက္ခတံ္တ ပဋိမာနေ နံ္တ၊
အတ္ထောဗာလံ ဥပစ္စဂါ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊
ကိံကရိဿ တာရကာ။”

နက္ခတ်ကောင်းကို စောင့်မျှော်နေသောလူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွားကြသည်။ ကောင်းသော အလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသောနက္ခတ်ဖြစ်၏။
ကောင်းကင်မှာသွားလာနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွါးကိုမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဟု ဟောကြားတော်မူခဲ့ပါသည်။

မေတ္တာရှင်(ရွှေပြည်သာ)
“မျက်ရည်မကျခင်သိစေချင်”စာအုပ်မှကူးယူဖော်ပြပါသည်။

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။
ဗမာစကားပီသတဲ့လူတွေ
သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။
ဗမာစကားမပီသတဲ့ဗမာတွေ
အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။
မြန်မာပြည်နဲ့မတန်ဘူးတဲ့
တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။ သူတို့တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့အတွက် ပြန်လာလည်းအချည်းနှီးပဲလို့တောင် ပြောတတ်ကြသေး တယ်။ 
တတ်ထားတဲ့ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။ ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးမထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ် အ မြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲ လို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။ အရှက် မရှိလို့ မျက်နှာပြောင်တိုက်ပြီးပြောနေ ကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကကိုယ့် ဆွေမျိုးအသိုင်းအ၀ိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကိုဘယ်သူက ယုံမှာလဲ။
သူများတွေပါ အမြီးပြတ်စေချင်လို့
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော လျောက်ပြောနေတာတွေတော့ သည်း မခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြ ဘူး။ ကြိုးစားပမ်းစားအလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။ တချို့များ အလုပ်နှစ် မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီ လောက်အထိကို လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက်ပညာ သင်လိုက်ကြသေးတယ်။ ဒီကြားထဲ ကတောင် မိဘတွေဆီလစဉ်မပျက်မကွက် လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။
တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့
အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ် စကားပြောသင်တဲ့ ဆရာလုပ်ခဲ့တာဆို တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျောင်းသူကျောင်းသားတွေထောင် နဲ့ချီပြီးရှိနေကြပါတယ်။ မြန်မာပြည် ဟာ သူတို့ပညာနဲ့မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူကျောင်းသားထဲက လေး ငါးယောက်ထက်မပိုပါဘူး။ အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာနားမထောင်တာ တပည့်တွေမှာလို့ ခဏခဏ၀ယ်ပို့နေ ရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံး တောင်မှာလို့ပို့ရတယ်။ အမေရိကန် မှာ မွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးက တောင်မြန်မာပြည်ကအချဉ်ထုပ်တွေ နဲ့ လက်ဖက်သုပ်ကိုသိပ်ကြိုက်တာ။ ''များများနဲ့မြန်မြန်ပို့ပါဖိုးဖိုး'' လို့ဖုန်း ဆက်တိုင်းပြောလေ့ရှိပါတယ်။
သူတို့ပြန်လာကြမှာပါ
အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေးမနှော တဲ့ တပည့်မလေးတွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ ရေကိုသောက်ပြီး မြန်မာ့ဆန်ကိုစားခဲ့ ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ လွမ်းတသသဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကိုပြန်လာ ကြပါတယ်။ ကိုယ့်နိုင်ငံအပြင်ထွက် ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံမရှိဘူးဆိုတာ သိလေလေဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်းစကား တစ်ခွန်းပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။

အနတ္တကို ဦးထိပ်ထား
မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး မှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို လုံးဝပစ်ပယ်ပြီး 'ဘယ်သူသေသေငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူ မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ် သာရက 'အတ္တ' ကိုပယ်ခွာခြင်းဖြစ်တယ်။ 
ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရား ကိုဦးထိပ်ထားကြတယ်။ ''ဘယ်သူ သေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ' လွန်ကဲမှုဖြစ်တယ်။ လူအများ ဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာ အဓိကဆိုတဲ့စိတ်ဖြစ်တယ်။ ဒီလူမျိုး တွေက မျောက်ပြဆန်တောင်းလုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း မသိဘူး၊ကြောက်ရကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ကရုဏာ၊ စေတနာ ဆိုတာတွေလည်း နားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ် ခံရဖို့ မထိုက်တန်သူတွေပါ။

Written by လူထုစိန်ဝင်း 
http://www.news-eleven.com/ မှ ကူးယူတင်ပြပါသည်။ 

March 3, 2010

နောက်တစ်ကြိမ်ကြိုးစားခွင့် ( ဖေမြင့်)

မည်သူမဆို အမှားတစ်ခု ကျူးလွန်လျှင် ထိုအမှားအတွက် အပြစ်ဒဏ်ကို ခံယူရလိမ့်မည်ဟူသည့် တင်းကျပ်သော ထုံးတမ်းစဉ်လာအောက်၌ ကျွန်တော် ကြီးပြင်းခဲ့ရသည်။ အဲဒါသည်ပင် တရားမျှတမှုဟူသော အသိမျိုးဖြင့် ကျွန်တော် ရပ်တည်ခဲ့ပါသည်။
၁၉၂၁ ခုနှစ်တွင် ဆရာဝန်ပေါက်စဘ၀နှင့် နော့သမ်ဗာလင်းဆိုသည့် အစွန်းအဖျားဒေသတစ်ခုရှိ ဆေးရုံတစ်ရုံမှာ ကျွန်တော် ကျန်းမာရေးအရာရှိအဖြစ် တာဝန်ယူခဲ့ရသည်။ ကျွန်တော်ရောက်စ တစ်ခုသော ဆောင်းညချမ်းမှာ ဆေးရုံသို့ ဆုံဆို့နာ ရောဂါသည်တစ်ယောက် ရောက်လာသည်။ လူနာက အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး။ ဆုံဆို့နာကြောင့်ဖြစ်သည့် ချွဲမြှေးက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေသဖြင့် ကလေးက မရှူနိုင် မကယ်နိုင် ဖြစ်နေသည်။ လည်ပင်းမှနေ၍ အရေးပေါ် လေရှူပေါက် အမြန်ဆုံးဖောက်ပေးမှသာ ကံကောင်း ဘုန်းကောင်း အသက်ရှင်ချင်ရှင်နိုင်မည့် အနေအထား။
အဲသည်တုန်းက ကျွန်တော်ကလည်း အတွေ့အကြုံ အလွန်နည်းသေးသည့် အချိန်။ အရေးပေါ် လေရှူပေါက် ဖောက်ခြင်းဆိုသည်က လုပ်ရလွယ်သလောက် အလွန်လည်း ထိရောက်သည့် ခွဲစိတ်မှုတစ်ခု ဖြစ်သည်။ သို့သော် ကျွန်တော်တစ်ခါမှ မလုပ်စဖူးခဲ့။မှန်မီးအိမ် အလင်းရောင်အောက်၌ စစ္စတာအိုကြီးတစ်ယေက်နှင့် အလုပ်သင်စ သူနာပြုဆရာမတစ်ယောက်တို့ လူနာလေးကို ခွဲစိတ်စားပွဲပေါ်မှာ နေရာချကြသည်။
လူနာကောင်လေးက အသက်ကို ပင်ပင်ပန်းပန်း ရှိုက်၍ ရှူနေရသည်။ သူတို့လုပ်ကိုင်နေသည်ကို ရပ်ကြည့်ရင်း ကျွန်တော် လက်ဖျားခြေဖျားတွေ အေးကာ ကတုန်ကယင် ဖြစ်ချင်လာသည်။စိုးရွံ့ပူပန်စွာနှင့်ပင် သူ့လည်ပင်း သေးသေးကို ကျွန်တော်စ၍ ခွဲလိုက်သည်။ ငါ မကျွမ်းကျင်ဘူးဆိုသော အသိကြောင့် လက်က မရဲ။ သို့သော် တွန့်ဆုတ်တွန့်ဆုတ်လုပ်ရင်းကပင် သည်ကလေးအသက်ကို ရအောင်ကယ်ဆယ်လိုစိတ် ထက်သန်လာသည်။ ခွဲစိတ်မှု အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ဝင်လာကာ ပို၍ ယုံယုံရဲရဲ ဖြစ်လာသည်။ချွေးစတွေ မျက်စိထဲ ၀င်၍ မှုန်တုန်တုန် ဖြစ်နေသည့်ကြားမှ မီးအိမ်အလင်းရောင်မှာ လေပြွန်ကို ထင်ထင်ရှားရှား မြင်လာရသည်။
သည်ဟာကို ခွဲဟပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေငတ်နေသော ကောင်လေး၏ ရင်ဘတ်ထဲသို့ သည်အပေါက်မှနေ၍ လေတွေ တစ်ရှူးထိုး တိုးဝင်သွားသည်။ အားကုန်မောဟိုက်နေသည့် ခန္ဓာကိုယ်လေးမှာ စွမ်းအားသစ်တွေ ပြည့်လျှမ်းလာတာကြည့်ပြီး ကျွန်တော့်ရင်ထဲ အကြီးအကျယ် ပေါ့ပါးသက်သာသွားကာ ၀မ်းသာအားရ ထအော်လိုက်ချင်စိတ်ပင် ပေါက်သွားသည်။
ထို့နောက် လေပြွန်ပေါက်မှာ ပိုက်တစ်ခု တပ်ပြီး ပြန်ပိတ်ချုပ်သည်။ ရေနွေ့ငွေ့ရှူ၍ရအောင် ကာရံပေးထားသည့် ခုတင်တွင် လူနာလေး သက်သောင့်သက်သာ ရှိနေပြီးသည့်နောက်၌ ကျွန်တော့်အခန်းရှိရာသို့ ပြန်ခဲ့သည်။ လူက အောင်မြင်မှုဖြင့် ရွှင်လန်းတက်ကြွ၍နေသည်။
လေးနာရီခန့်အကြာ ညနှစ်ချက်တီးလောက်တွင် အခန်းတံခါးကို အသည်းအသန် လာခေါက်သဖြင့် ကျွန်တော်အိပ်ရာမှ နိုးလာသည်။
သူနာပြုဆရာမလေး။သူက လူနာခုတင်ဘေးမှာစောင့်ရင်း အိပ်ငိုက်သွားသည်။ နိုးလာတော့ လေပြွန်ပေါက်မှာ တပ်ထားသည့်ပိုက်က ပိတ်ဆို့နေသည်။ သူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ဒရောသောပါး ပြေးချလာခြင်း ဖြစ်သည်။ "ဒေါက်တာ၊ ဒေါက်တာ… အမြန်လာပါ" သူ့မျက်နှာက ဖြူရော်နေသည်။ စကားက အထစ်ထစ် အငေါ့ငေါ့။
စင်စစ် သူ လုပ်ရမည်က ပိုက်မှာဆို့လာသည့် ချွဲမြှေးကို ဖယ်ရှားပစ်ဖို့ပဲ ဖြစ်သည်။ ဒါက သူနာပြုတို့အဖို့ ဘာမှ မကြီးကျယ် မခက်ခဲသည့် သမားရိုးကျ အလုပ်တစ်ခု။ ယခု သူက လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ မျက်ကလူးဆန်ပြာ ပြေးလာတော့ ခွင့်မလွှတ်နိုင်သည့် ဆိုးကျိုးရလဒ်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီ။ လူနာခန်းထဲ ကျွန်တော် ရောက်သွားသည့်အချိန်တွင် ကလေးက အသက်မရှိတော့။
အချည်းနှီး အလဟဿ ဆုံးရှုံးရလေခြင်းဟု နှမြောသောစိတ်၊ လူ့အသက်တစ်ချောင်းကို သက်သက်မဲ့ ဖြုန်းတီးပစ်သည်ဟု ကြိမ်းမောင်းပစ်တင်ချင်စိတ်တို့ ကျွန်တော့်ကို လွှမ်းမိုးလာသည်။ ကျွန်တော့်အတွက် ထူးထူးခြားခြား အမှတ်တရ အောင်မြင်မှုတစ်ခု ပေါ့ဆပြီး အကြောက်ကြီးသည့် သူနာပြုဆရာမတစ်ဦးကြောင့် ပျက်စီးခဲ့ရပြီဆိုသော အတွေးက အစူးရှ အပြင်းထန်ဆုံး ဖြစ်သည်။ ကျွန်တော့်ဒေါသက အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာလေသည်။ သည်ကိစ္စကို ခရိုင်ကျန်းမာရေး ဘုတ်အဖွဲ့သို့ တင်မည်၊ သည်အမျိုးသမီးကို သည်အလုပ်က ထုတ်ပယ်စေရမည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။
ညနေဘက်တွင် အလွန်ပြင်းထန်သော အစီရင်ခံစာတစ်စောင် ကျွန်တော်ရေးသည်။ စာ၌ သူ ကျူးလွန်ခဲ့သော ပြစ်ချက်ကို ဖိဖိစီးစီး ဖော်ပြသည်။ ထို့နောက် သူ့အား ရုံးခန်းသို့ ဆင့်ခေါ်ကာ အစီရင်ခံစာကို လေသံပြင်းပြင်းနှင့်ပင် ကျွန်တော်ဖတ်ပြလိုက်သည်။
ကျွန်တော် ဖတ်ပြသမျှကို သနားစဖွယ် တိတ်ဆိတ်စွာပင် သူ နားထောင်နေသည်။ စင်စစ် သူက ဝေလနယ်သူ ရိုးရိုးအအ တစ်ယောက်ဖြစ်သည်။ လူက ပိန်သည်။ သဏ္ဌာန်ဟန်ပန်ကလည်း သိပ်အချိုးမကျ။ အစာအာဟာရ မပြည့်ဝသဖြင့် လူကလည်း အားအင်သိပ်မရှိချင်၊ သည်အထဲမှာ ရှက်တာရယ် ၀မ်းနည်းတာရယ် ကြောက်ရွံ့တုန်လှုပ်တာရယ် ပေါင်းလိုက်တော့ မူးချင်မေ့ချင်သလိုပင် ဖြစ်နေပုံရသည်။
သူ့ထံမှ ဘာအကြောင်းပြချက်တစ်ခုမှ မရသည့်အခါ ကျွန်တော်ပို၍ ဒေါသထွက်လာသည်။ တကယ်ဆိုလျှင် သူ့အနေနှင့် အလုပ်တွေ ဆက်တိုက်ပင်ပန်းသွားသောကြောင့် ယခုလို မတော်တဆ ဖြစ်သွားရတာပါ ဘာညာစသဖြင့် ဆင်ခြေဆင်လက်ပေး၍ ရနိုင်သည။ ယခုတော့ ဘာမှမဆို။ "မင်း ဘာတစ်ခွန်းမှ မပြောနိုင်တော့ဘူးလားကွ၊ ဟေ" ကျွန်တော် ဒေါသနှင့် ဟောက်လိုက်မိသည်။သူက ခေါင်းခါသည်။ ထို့နောက်မှ ရုတ်တရက် မ၀ံ့မရဲအသံနှင့် ဆိုသည်။
"ကျွန်မကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးပါ ဆရာ" တဲ့။
ကျွန်တော် ရုတ်တရက် အမ်းသွားသည်။ ကျွန်တော့်ခေါင်းထဲမှာ အဲသည်စိတ်ကူးမျိုး လုံးဝမရှိခဲ့။ ကျွန်တော့်ကို လွှမ်းမိုးနေခဲ့သည့် တစ်ခုတည်းသော အတွေးက သူ့အပြစ်ဒဏ် သူခံရမည်ဆိုတာပဲ ဖြစ်သည်။ ကျွန်တော် သူ့ကို စိန်းစိန်းကြည့်နေမိသည်။ ပြီးမှ သွားတော့ဟု ပြတ်ပြတ်တောက်တောက်ပင် ပြောလိုက်သည်။ အစီရင်ခံစာကို လက်မှတ်ရေးထိုးပြီး ရုံးတံဆိပ် နှိပ်လိုက်သည်။
အဲသည်ည တစ်ညလုံး ကျွန်တော် ကောင်းကောင်း အိပ်မရ။ "ကျွန်မကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးပါ" ဆိုသည့် စကားသံက ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ကျွန်တော့် တရားစီရင်ချက်သည် တကယ် တရားမျှတသော စီရင်ချက် ဟုတ်ရဲ့လား၊ ကနဦးခေတ် လူသားတွေ၏ လက်စားချေစိတ်နဲ့ တုံ့ပြန်ဒဏ်ခတ်မှုမျိုးများ ဖြစ်နေမလားဟူသော အတွေးများက ထပ်ပြန်တလဲလဲ ခြောက်လှန့်နှောင့်ယှက်နေခဲ့သည်။
သည့်အတွက်နဲ့များ အိပ်မပျော်နိုင် ဖြစ်ရသလားဟု ကျွန်တော့်ကိုယ်ကျွန်တော် ဒေါသထွက်မိသေးသည်။ သို့သော် မနက်တွင်တော့ စင်ပေါ်တင်ထားသည့်စာကို ကျွန်တော်ပြန်ယူကာ အစီရင်ခံစာကို ဆုတ်ဖြဲပစ်ခဲ့သည်။
ဤသည်က လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အဖြစ်အပျက် ဖြစ်သည်။ အဲသည်တုန်းက လူနာလေးတစ်ယောက် အသက်ဆုံးရှုံးရအောင် မှားယွင်းချွတ်ချော်ခဲ့သည့် သူနာပြု ဆရာမလေးသည် ယခုအခါ၌ ဝေလနယ်ရှိ အကြီးဆုံး ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာတွင် သူနာပြုဆရာမအုပ်ကြီးအဖြစ် အောင်မြင်စွာ တာဝန်ထမ်းရွက်လျက် ရှိနေပေပြီ။ သူမကား သူနာပြုသက်တမ်း တစ်လျှောက်လုံးပင် မိမိအလုပ်တွင် ကိုယ်ရောစိတ်ပါ နှစ်မြှုပ်လုပ်ကိုင်သူအဖြစ် သူတကာ စံနမူနာယူရသူတစ်ဦး ဖြစ်ခဲ့သည်။
လွန်ခဲ့သောအပတ်က ကျွန်တော် ဓာတ်ပုံတစ်ပုံ ရပါသည်။ သူနာပြုဆရာမအုပ်ကြီးဝတ်စုံ ဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်၊ သူမအနီးမှာ ကလေးတွေ ၀ိုင်းရံလျက်။ဓာတ်ပုံက ဗုံးခိုကျင်းတစ်ခုအတွင်းမှာ ရိုက်ထားခြင်းဖြစ်သည်။ သူမ မျက်နှာမှာ စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှု အရိပ်လက္ခဏာများ ထင်ဟပ်နေသည်။ သို့သော် သူမကို မော့ကြည့်နေကြသည့် ကလေးများ မျက်နှာမှာတော့ ချစ်ခင်စိတ် အားကိုးယုံကြည်စိတ်တွေ အပြည့်နှင့်။
"ကျွန်ုပ်တို့အပေါ် ကျူးလွန်သည့် သူတစ်ပါးတို့၏ ပြစ်မှုကို ကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့၊ ကျွန်ုပ်တို့ ပြစ်မှားကျူးလွန်မိသည်များကိုလည်း ခွင့်လွှတ်တော်မူပါ" ဟူ၍ ကျွန်တော်တို့ ဆုတောင်းလေ့ရှိကြပါ၏။ ထိုဆုတောင်းကလေးသည် ရိုးစင်းလွယ်ကူသလောက် လက်တွေ့ကျင့်သုံးရန် ခက်ခဲလှပါသည်။ သို့သော် တကယ်ကျင့်သုံးမည်ဆိုလျှင်ကား တကယ်ပင် အကျိုးကျေးဇူး ကြီးမားလှချေသည်။
A.J. Cronin, Reward of Mercy

(ဖေမြင့် ၏ "ဘ၀ဒဿန ရသစာများ" စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan
http://www.myanmarthway.co.cc/2010/02/blog-post_03.html မှ

 

blogger templates | Make Money Online