March 7, 2010

အဆောင်မှူးတဲ့လား

ဒီအသံကိုကြားလိုက်ရရင်ပဲ မန္တလေးမြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးကို လွမ်းမိလိုက်တာ၊ အော် ဒါဟာ ငါ့တပည့်လေးရဲ့အသံပါလားလို့လည်း နှလုံးသားနားမှာ ကပ်ငြိမိပြန်တယ်၊ အော် ငါ့တပည့်တွေ အများစု င့ါကို ဒီလိုခေါ်ခဲ့ကြတာပါလားလို့လည်း စိတ်မျက်စိမှာ အလွမ်းတွေနဲ့ ဝေခဲ့ရပြန်တယ်။

ဒီနေ့တိုင်အောင် ဒီသမုတ်နာမ်လေးကို သုံးနေတာကတော့ ချစ်တပည့် မောင်ပညာပါပဲ၊ တွေ့လိုက်တိုင်း အဆောင်မှူးတဲ့၊ မြန်မာပြည်မှာ ဖြုတ်ချည်း ရုတ်ချည်း ခဏလေး တွေ့လိုက်တော့ လည်း မောင်ပညာက ကိုယ့်ကို အဆောင်မှူးတဲ့၊ ဟော အင်တာနက်မှာ နိုင်ငံရပ်ခြားမှာ တွေ့လိုက်တိုင်းလည်း အဆောင်မှူးတဲ့၊ ကိုယ်ကလည်း အဲဒီအသုံးလေးကို သိပ်မြတ်နိုးတာပဲ၊ ဆရာတော်လို့ခေါ်တာထက် အဲဒီအဆောင်မှူးဆိုတာကို ပိုနှစ်သက်မိတာ တကယ်ပါ။
မိခင်တက္ကသိုလ်ကြီးမှာ မြန်မာစာဌာန၊ နည်းပြအဖြစ်ကို အဆောင်မှူးတာဝန်နဲ့တွဲပြီး ခြောက်နှစ်ကြာ ထမ်းဆောင်ခဲ့ရတဲ့ ကာလလေးကတော့ဖြင့် ကိုယ့်ဘ၀မှာ သာသနာတော်အတွက် အကောင်းဆုံး ဆောင်ရွက်မှုပဲဆိုပါတော့။
ကိုယ်တတ်ထားတဲ့ အင်္ဂလိပ်စာသဒ္ဒါလေးကို တပည့်တွေကို ဝေငှခဲ့တာလည်း တစ်နှစ် နှစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါတစ်လေ နှစ်လ၊ တစ်ခါတစ်ခါ တစ်လခွဲ၊ ကြိုးကြား ကြိုးကြား အင်္ဂလိပ်စာအုပ် အလွယ်လေးများကိုလည်း ကိုယ်လောက်မတတ်သေးတဲ့ ကိုယ့်တပည့်လေးတွေကို သင်ပေးခဲ့။ တပည့်တွေကိုတော့ ချစ်တယ်၊ အစိမ်းအကျက်မထားဘဲ ချစ်တယ်၊ သူတို့တွေကို သိပ်တော်စေချင်တယ်၊ ကိုယ့်ကတော့ ကျောက်ဖျာတစ်ချပ်လိုပါပဲ၊ သူတို့သွေးလို့ ထက်ပြီးရင်း ထက်လေ တက်သွားလေ အောက်ကနေ မော်ကြည့်ရတာ ပျော်မွေ့လေပါပဲ။
သူတို့တွေကို အင်္ဂလိပ်စာသင်ပေးတဲ့အခါများ ကိုယ်တတ်တာက တစ်လခွဲနှစ်လဆို ကုန်ပြီ၊ ရှေ့ဆက်ပြီး ကိုယ့်မှာ သင်ပေးစရာမရှိတော့ဘူး၊ ဟော နောက်နှစ်တွေကျတော့ သူတို့က ကိုယ့်ထက် အင်္ဂလိပ်စာမှာ တော်နေကြ၊ ကိုယ်ကတော့ ပြီးခဲ့တဲ့နှစ်တွေကအတိုင်း အင်္ဂလိပ်သဒ္ဒါလေး ဆက်သင်ပေး၊ တစ်လ နှစ်လဆို ကုန်ပြန်၊ ကိုယ်ကလည်း ထပ်ပြီး မလေ့လာချင်၊ မြန်မာစာလောက် အင်္ဂလိပ်စာကို မချစ်၊ မနှစ်သက်၊ သင်လိုတတ်လိုစိတ်မရှိခဲ့။
ဘာပဲဖြစ်ဖြစ်ပေါ့၊ ကိုယ့်တပည့်လေးတွေ ခုဆို နိုင်ငံအသီးသီးမှာ အင်္ဂလိပ်စာတွေ ဆက် လေ့လာကြလို့၊ သင်ကြလို့၊ တိုးတက်မှုတွေနဲ့ မြင်ရ တွေ့တော့ ရင်ထဲကပီတိက ရင်ထဲမှာတွင် မနေတော့၊ ရင်ဘက်ကြီး အပြင်ထိတက်ခဲ့၊ အဆောင်မှူးတဲ့၊ ကျေနပ်လိုက်တာ၊ အားရလိုက်တာ၊ ပျော်လိုက်တာ၊ ဒီအသံလေးတွေဟာ ကိုယ့်အတွက်တော့ဖြင့် ဘ၀မှာ သာသနာအတွက် အားဆေးပါပဲ။
ချစ်တပည့်က သူတို့နှစ်ပတ်လည် စာစောင်အတွက် ဆောင်းပါးတစ်ပုဒ်ရေးပေးပါလို့ တောင်းပန်ထားတာက ကြာပါပြီ၊ ကိုယ်ကလည်း ရေးပေးပါမယ်ဆိုပြီး စိတ်အားထက်သန်စွာပဲ ၀န်ခံ ကတိပြုခဲ့ပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ အဆောင်မှူး ကိုယ်, သူ့အလုပ်တွေနဲ့သူ ဘာမှမလုပ်ရဘဲ ရှုပ်နေခဲ့၊ ကျမ်းတင်ဘို့အဆင်သင့် ဖြစ်နေခဲ့တာ မြန်မာပြည်မပြန်ခင်ထဲကဆိုတာကို သူတို့လည်း အသိ၊ ခက်တာက ကိုယ်လေ၊ ကိုယ်က ဘာမှအလုပ်မရှိတော့ဘူး ဖိအားတွေ ကင်းနေချိန်ဆို ဘာမှမလုပ်ချင် တော့ဘူး၊ ဆိုပါတော့ ကိုယ့်အကြောင်း စာမေးပွဲနား နီးတဲ့ခါများ စာကျက်ရတာလည်း အရသာရှိရဲ့၊ ၀တ္ထု စာအုပ် မဂ္ဂဇင်းစာအုပ်၊ ကဗျာ ဘာညာ ဖတ်ရတာလည်း အလွန်အရသာရှိ၊ ဆောင်းပါး တိုတိတိုတိ ရေးရတာလည်း လက်က အလွန်တွေ့တတ်၊ အဲ အလုပ်တွေ ဖိအားတွေ မရှိတော့ဘူးဆိုမှဖြင့် ဘာမှမလုပ်ချင်ဘဲနဲ့ အလုပ်များနေ အလုပ်များနေဆိုပြီး အမြဲလိုပြောတတ်တာ ခုထိပဲလေ။
တပည့်က ကိုယ့်အကြိုက်အဆောင်မှူးဆိုတဲ့အသံလေးကို ကိုယ့်ဆီတိုက်ရိုက်သာမကဘဲ ကိုယ့်ရဲ့ အလင်းသစ် (alinnthit.net) လေးထဲ လိုက်ခေါ်တော့ မဖြစ်ချေတော့ဘူး ငါရေးပေးမှ ဖြစ်မယ် ဆိုပြီး မရှိတဲ့အလုပ်ကို အသာထားပြီး ခပ်ပါးပါးလေးတော့ မန်း န.ပ.သ (နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မန္တလေး)ကို လွမ်းပြလိုက်မိပြီပေါ့။
1989-မှာ မန္တလေးနဲ့ ရန်ကုန်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးနှစ်ခုတွင် ကနဦး ဓမ္မာစရိယဘွဲ့ရပြီးသားများအတွက် သာသနတက္ကသီလမဟာဓမ္မာစရိယ (အမ်-အေ) တန်းကို ဆက်လက် အသစ်မဖွင့်တော့ဘဲ ပထမကြီး အောင်၊ အသက် (၃၀) ၀ါတော် (၁၀) အတွင်း ကျောင်းသားများအတွက် သာသနတက္ကသီလဓမ္မာစရိယ (ဘီ-အေ)တန်းကို စတင်ဖွင့်လစ်ခဲ့၊ အဲဒီနှစ် မှာပဲ ကိုယ်လည်း ဘီအေ ပထမနှစ်ကျောင်းသားဖြစ်ခဲ့၊ မန်း န.ပ.သ ဆိုတာက အရှေ့ဘက်မှာ ရန်ကင်းတောင်၊ အနောက်မြောက်ဘက်မှာက မန္တလေးတောင်၊ အဲဒီနှစ်ခုထဲနဲ့ကို လွမ်းမောဘွယ်အတိ၊ ခုလို ဆောင်းအကုန် နွေအကူး၊ ဆောင်းနဲ့နွေ စက်ကူးမက်ကူးကာလ ရောက်ပြီဆိုမှဖြင့် ရိုးတန်းပြိုင်းနဲ့ မန္တလေးတောင်ကြီးဟာဖြင့် စေတီပုထိုး ခက်ဖွေးဖွေးနဲ့၊ ရွှေကျောင်းကြီးနဲ့ အတုမရှိကျောင်းတော်ကြီး အတွင်းမှာဆို နွေရာသီရဲ့သရုပ်သကန် ဘုရားဖူးတွေ ချွေးစီးစီးနဲ့၊ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားတို့မှာလည်း ဘုရားဖူးတွေ နွေရာသီကို အန်ခဲလျက်၊ မန္တလေး ကျုံးတော်ကြီး ကတော့ ရှေးမူတွေနဲ့ ခုခေတ်မူ ရောထွေးလျက်။
ဘီအေကို လေးနှစ်၊ အမ်အေကို နှစ်နှစ် ရေးဖြေပြီးခဲ့တဲ့နှစ်မှာ စလို့ အဆောင် (၁၈) အဆောင်မှူးဘ၀နဲ့ မြန်မာစာဌာန၊ နည်းပြဆိုတဲ့တာဝန်နဲ့ ကျောင်းသားတွေကို အုပ်ချုပ်ခဲ့၊ အုပ်ချုပ်ခဲ့ ဆိုတာကလည်း ရဟန်းငယ်တွေအဘို့တော့ ထူးပြီးအုပ်ချုပ်ဘို့ မလိုအပ်ခဲ့ပါဘူး၊ အားလုံး ဗုဒ္ဓ၀ိနည်းတော်မှာ ပထမကြီးဆိုတဲ့ အတန်းကို အဆင့်မြင့်စွာအောင်မြင်ခဲ့ကြသူချည်းမို့ အနေ အထိုင် အစား အသောက် ဘာမှ ပြောဘွယ်၊ ဆုံးမဘွယ်မရှိခဲ့ပါဘူး၊ ၀ိနည်းတော်အတိုင်း နေထိုင်ကြတာမို့ ကိုယ်က သူတို့အရင် လူကြီးဖြစ်တာမို့သာ သူတို့အတွက် လူကြီးလုပ်နေခဲ့ရတာပါ။
အဲဒီ အမိတက္ကသိုလ်ကြီးကို တည်ထောင်ခဲ့သူကလည်း မြန်မာပြည်မှာ တစ်ဆိုမှ တစ်၊ နံပါတ် ၀မ်း၊ မင်းကွန်းတိပိဋကဓရဆရာတော်ကြီးပေပဲ၊ သာသနာတော်ရဲ့တောင်းဆိုမှု၊ ခေတ်၏ သမိုင်း မှတ်တိုင်တစ်ခုကို လှပစွာစိုက်ထူခဲ့သူကြီးပါပဲ၊ ဆရာတော်ဘုရားကြီး နတ်ရွာမလားခင်အချိန်ထိတော့ တက္ကသိုလ်ကြီးက အမြစ်တွယ် ပင်စည်တွေနဲ့ အေးရိပ်ဆာကြီးတစ်ခုသာ ဖြစ်နေခဲ့၊ ဆရာတော်ဘုရား ကြီး နတ်ရွာလားပြီးတဲ့နောက်ပိုင်းတော့ ခုဆိုရင် အသီးတွေ အပွင့်တွေ ဝေလျက်၊ မြန်မာဗုဒ္ဓသာသနာ တော်ကြီးကို ဆရာတော်ဘုရားကြီး ရည်ရွယ်ရင်းအတိုင်း အနယ်နယ်အရပ်ရပ် ဆက်လက်ဖြန့်ဝေနေခဲ့၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွေမှာလည်း ဆရာတော်ကြီး စိုက်ပျိုးခဲ့သည့် ဤသစ်ပင်ကြီးမှ အသီးများဟာ နေရာတိုင်းမှာ မျိုးစေ့တွေ ပြန့်ပွားစေလျက်။
ချစ်တပည့်ရေ ဒီနေ့ဆိုရင် ကိုယ်သိသလောက် ဒို့တက္ကသိုလ်ကြီးကနေ ကျောင်းပြီးလို့ ဒေါက်တာဘွဲ့တွေ ရသွားတဲ့ ကျောင်းသားတွေ၊ နိုင်ငံခြားသာသနာပြုတွေ မနည်းတော့ဘူးကွယ့်၊ ကိုယ်နေတဲ့ ခု ဒီဘုံဘေတက္ကသိုလ်ကြီးကပဲ- ဒေါက်တာအရှင်ဣန္ဒက၊ ဒေါက်တာအရှင်အာသဘ၊ ဒေါက်တာအရှင်ခေမန္ဒ၊ ဒေါက်တာအရှင်ကိတ္တသာရ လေးပါး ကျောင်းပြီးသွားကြပြီလေ၊ ခုလည်း ဒို့တက္ကသိုလ်က နင်တို့အဆောင်မှူး ငါအပါဝင် အရှင်သီရိန္ဒ၊ အရှင်စန္ဒာဝရ၊ မြန်မာပြည်က အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်က ဒေါက်တာဘွဲ့ရပြီးတဲ့ အရှင်ပါရမီတို့ ဒေါက်တာဘွဲ့အတွက် အားသွင်ကြိုးပမ်းနေကြတုန်း၊ နောက် တစ်နှစ် နှစ်နှစ်ဆိုရင် ဒေါက်တာဘွဲ့တွေ ရကြဦးမယ်လေ။
ဟော သီရိလင်္ကာနိုင်ငံ ကိုလံဘို၊ ကေလနိယတက္ကသိုလ်ကနေ အရှင်ဝါသနနဲ့ အရှင် ညာဏုတ္တရတို့ဆို အမ်ဖီး (M.Phil) ပြီးခဲ့ကြပါရော့လား၊ ဟော တစ်ခါ ဗာရာဏသီက (B.H.U) မှာလည်း အရှင်သုမင်္ဂလ၊ အရှင်အစ္ဆရိယ၊ ဆန်စကရစ်ကဆို အရှင်အဂ္ဂ၀ံသတို့ ဒေါက်တာဘွဲ့တွေ လုပ်နေကြတယ်၊ အထူးသဖြင့် နင်တို့သိတဲ့ မော်ဒန်ဆိုတဲ့ အရှင်ဝိစိတ္တသာရဟာ ဒေါက်တာဘွဲ့လုပ်ရင်း တိဗတ်တက္ကသိုလ်ကြီးမှာ ဗုဒ္ဓဇင်မှာ ပါမောက္ခလား လုပ်နေလေရဲ့၊ နင်တို့ ထိုင်းနိုင်ငံမှာလည်း သီရိလင်္ကာက အမ်ဖီးပြီးခဲ့တဲ့ ဒို့များရဲ့သူငယ်ချင်းကြီး အရှင်ဝါသ၀ ဒေါက်တာဘွဲ့လုပ်နေတယ်လေ။
မြန်မာပြည်က အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကနေ ဒေါက်တာနောဓိညာဏ၊ ဒေါက်တာအရှင်ပါရမီ၊ ဒေါက်တာအရှင်အာစာရ၊ သူတို့သုံးပါး ဒေါက်တာဘွဲ့တွေရပြီးပြီ၊ နင်တို့ဆရာ တို့တက္ကသိုလ်ကပဲ ဆရာတော်ဦးညာဏိန္ဒ ဒီနှစ်ဒေါက်တာဘွဲ့ရပြန်တယ်။ ဒါက ငါ လက်လှမ်းမီ သလောက်နော်၊ ငါမမီတဲ့ မသိတဲ့နေရာတွေမှာ ကျောင်းတက်နေကြတဲ့သူတွေ အများကြီး ရှိလိမ့်ဦးမယ်လေ၊ ဒါတွေကို ငါက ကြွားနေတယ်တော့ မထင်နဲ့နော်၊ နင်တို့တွေလည်း အဲလိုတွေ ဖြစ်အောင် ကြိုးစားကြစေချင်လို့ပါ။ အမိနိုင်ငံဂုဏ်ဆောင်ရမယ်၊ သာသနာဂုဏ်ကို ပြောင်ဝင်းစေရမယ်၊ မြန်မာဆိုတာ နေရာတိုင်းမှာ ဗုဒ္ဓသာသနာကို ထွန်းပြောစေတယ်ဆိုတာ သိစေချင်လို့ရယ်ပါနော်။
အင်း တကယ်ဆိုတော့ ဒီအသီးအပွင့်တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီးရဲ့ အမြော်မြင်ကြီးစွာနဲ့စိုက်ပျိုးခဲ့တဲ့ ဒို့များ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)ရဲ့ ပင်စည်ကြီးက သီးပွင့်ခဲ့ သီးပွင့်နေတာတွေပါ။
တကယ်တော့ ဒီအချိန်ဟာ အမိတက္ကသိုလ်ကြီးရဲ့ နှစ်ဝက်စာမွေးပွဲတွေ ဖြေကြဘို့ နီးစပ်လွန်း နေတဲ့ရာသီပါ၊ ဆောင်းကုန်လို့ နွေကူးလာပြီ၊ တောင်လေတွေဝှေ့လာပြီဆိုမှဖြင့် ဒို့များရဲ့ အမိ တက္ကသိုလ်တွင်းမှာ ပါဠိစာပေ အဋ္ဌကထာ ဋီကာသံတွေနဲ့လည်း စည်ဝေနေလျက်၊ သက္ကဋ (ကုလား)သံ တွေကလည်း ကြိုးကြားကြိုးကြား မြည်ဟည်းကြလျက်၊ အင်္ဂလိပ်စာသံတွေကလည်း အသံပီသူ မပီသူ နားဆူအောင် ကြားရလျက်၊ အင်း အဆောင်မှူးပျော်ဝင်ခဲ့တာကတော့- ဤကာလက၊ ချမ်းမြမထန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပြောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာဟစ်ကြွေး…စတဲ့ ရှင်အုန်း ညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ရဲ့အသံ၊ တောင်းကိုမဖောက် တောင်ကိုဖောက် စိန်ကျောက်အသွင် သီလ၀ံဆိုတဲ့ အရှင်မဟာရဋ္ဌသာရနဲ့ အရှင်မဟာသီလ၀ံသတို့ရဲ့ ပညာညာဏ်ရည် အနိမ့်အမြင့်…. လယ်တီဆရာတော်ဘုရားကြီးရဲ့ ဒီပနီတွေ၊ တိပိဋကဆရာတော်ဘုရားကြီးရဲ့ မဟာဗုဒ္ဓ၀င်ထဲက အသံတွေကို နေ့ညမပြတ် ကြားနေရပါကောလေ။
ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ မြန်မာရဟန်းတော် ညီနောင်တို့ရေ ဘယ်နေရာရောက် ရောက် ဘယ်တက္ကသိုလ်မှာ ပညာရင်နို့ သောက်စို့စို့၊ အရေးကြီးတာကတော့ ဒို့များဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာရဟန်းတော်များဟု ရင်တွင်းမှာ စိတ်ထားလျက် လိုချင်တဲ့ ပန်းတိုင်တွေကို အချိန်တိုအတွင်း မှာ ရောက်အောင် လှမ်းကြစေချင်ပါတယ်၊ ညီနောင်တို့ကို ဒို့နိုင်ငံကလည်း အလွန်ကို အလိုရှိနေပါပြီ၊ ဒီနေ့ခေတ်ဟာ ဗုဒ္ဓစာပေကို ရှေးရိုးနည်းတစ်ခုတည်း တတ်ကြရုံနဲ့ မပြည့်စုံတော့ပါဘူး၊ ခေတ်သစ်နည်း ပညာတွေ အထွေထွေနဲ့ မွမ်းမံပြီး၊ အင်္ဂလိပ်စာဆိုတဲ့ လက်နက်ကောင်းကို ကိုင်ဆောင်နိုင်ကြပြီ ဆိုရင်ဖြင့် ဒို့များတိုင်းပြည်ရဲ့ အနယ်နယ်အရပ်ရပ်မှာ သင်တို့ရဲ့ ပစ္စည်းလေးပါး ဒကာ ဒကာမများဟာ သင်တို့ကို မျှော်လင့်တကြီးနဲ့ စောင့်နေကြတယ်ဆိုတာကိုလည်း ရင်ထဲကနေ မဖျောက်ဖျက် မိကြစေ ချင်ပါဘူးနော်။
အရေးကြီးဆုံးကတော့ ကိုယ်ရလာတဲ့ ကိုယ့်ဘွဲ့နဲ့ညီတဲ့ အရည်အသွေးတွေနဲ့ ပြန်လာ နိုင်အောင် ကြိုးစားကြစေချင်ပါတယ်၊ နာဂစ်ဒဏ်ခံခဲ့ရတဲ့ ဒို့များရဲ့ ကလေးလေးတွေ ခုဆို ဘယ်လိုတွေ ဖြစ်နေကြပါလိမ့်မလဲ၊ ဒို့ သူတို့ကို ဘာတွေ လုပ်ပေးနိုင်မလဲ၊ ဒီလိုလေးတွေလည်း တွေးထားကြဘို့ လို ဦးမယ်ထင်ပ၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ ဒို့လုပ်နိုင်တာကို ဒို့လုပ်ကြရမှာပါပဲ၊ ခု အရေးကြီးဆုံးကတော့ တက် ရောက်သင်ကြားနေတဲ့ အတန်းအသီးသီးမှာ အဆင့်မြင့်မြင့်နဲ့ စာမေးပွဲတွေအောင်၊ အသိပညာတွေ တိုး၊ အရည်အချင်းတွေ ပြည့်၊ တစ်နေ့ ….
သင်တို့အားလုံးကို ကမ္ဘာကြီးက စောင့်ကြိုနေပါတယ်လို့….
အရှင်သာဓိန (ခေတ္တ၊ ဘုံဘေတက္ကသိုလ်)
07. 03. 2010

0 comments:

 

blogger templates | Make Money Online