February 5, 2010

ဆဲလ်ဖုန်း၏ အန္တရာယ်များ(၁)

ယနေ့ကမ္ဘာမှ မရှိမဖြစ် ဆဲလ်ဖုန်းများ၏ မသိမဖြစ်အန္တရာယ်များ(၁)

သီဟသစ်(ဆေး-၂) Mutdfan.com မှာ တင်ထားတာလေးကို စာဖတ်သူတို့အတွက် မျှဝေလိုက်တာပါ။

ယနေ့ကမ္ဘာ၏ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တစ်ကိုယ်ရည်ဆဲလ်ဖုန်း သုံးစွဲမှုနှုန်းများ တစ်စက္ကန့်တွင် တစ်လုံးနှုန်းဖြင့် မြင့်မားလာနေသည်ဟု ကိန်းဂဏန်းများအရ သိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဤမျှလောက် မဟုတ်သည့်တိုင်အောင် ဆဲလ်ဖုန်းများကို တွင်ကျယ်စွာ သုံးစွဲနေကြပြီဖြစ်သည်။
ထိုသို့ ဆဲလ်ဖုန်းများသည် လူတို့၏ နေ့စဉ်ဘ၀တွင် လွန်စွာ အရေးပါလာသည်နှင့်အမျှ ၄င်းတို့၏ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်မှုသည် လူသားများ၏ ကျန်းမာရေးအပေါ် ထိခိုက်စေမှုများ ရှိလာသည်ကို ဆဲလ်ဖုန်းများ ပေါ်ပြီး မရှေးမနှောင်းကတည်းက တွေ့ရှိခဲ့ကြသော်လည်း စိုးရိမ်ရမည့် အနေအထား သိပ်မရှိဟု ထင်မြင်ခဲ့ကြသည်။ သို့ရာတွင် ယခုနှစ်ပိုင်းတွေ့ရှိမှုများအရမူ သိသိသာသာ စိုးရိမ်ရမည့်အနေအထား၊ ဆဲလ်ဖုန်းသုံးစွဲမှုကို သတိနှင့် သုံးစွဲသင့်သည့် အနေအထား ရှိကြောင်း တွေ့လာရသည်။

မကြာသေးမီက အမေရိကန် ဆီးနိတ်လွှတ်တော်မှ ဆဲလ်ဖုန်းရေရှည် သုံးစွဲမှုနှင့် တံတွေးဂလင်း အကျိတ် (Salivary Gland Tumor) များ ဆက်စပ်မှု ရှိသည် ဆိုသော အချက်အပေါ် သက်သေများနှင့် ကြားနာစစ်ဆေးမှုများ ပြုလုပ်ပြီး အတည်ပြု ကြေငြာလိုက်ပြီ ဖြစ်သည်။

ထို့ပြင် နောက်ထပ် တွေ့ရှိလာရသော အချက်တစ်ချက်မှာ ခါးတွင် မိုဘိုင်းဖုန်းချိတ်ထားခြင်းသည်(မည်သည့်အိတ်နှင့် ထည့်ထားသည် ဖြစ်စေ) အချိန်ကြာလာသည်နှင့်အမျှ တင်ဆုံရိုးခွေ၏ အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) ကို လျှော့ကျစေပြီး အရိုးပွစေသည် ဆိုသော အချက်ပင်ဖြစ်သည်။

ဤအချက်သည် အန္တရာယ်ကြီးလှပေသည်။ အဘယ့်ကြောင့်ဆိုသော် တင်ဆုံရိုးခွေ အတွင်းတွင် အသက်ရှင်ရပ်တည်ရေး အတွက် လွန်စွာအရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ ဖြစ်သည့် ကျောက်ကပ်၊ ဆီးအိမ်၊ အူမကြီးနှင့် မျိုးပွားအင်္ဂါများ ရှိသည်။

ထိုအင်္ဂါများ အနီးတွင် ဆဲလ်ဖုန်းကွန်ရက်၏ ရေဒီယိုသံလိုက်လှိုင်း ဖြာထွက်မှုကို တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ စုဆုံထားစေလျှင် ရေရှည်တွင် ကင်ဆာရောဂါများ၊ ရောင်စဉ်လှိုင်း ဖြာထွက်မှုကြောင့် ဆဲလ်များ ပျက်စီးကာ စွမ်းဆောင်ရည် ကျခြင်းတို့ ဖြစ်လာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေး ပညာရှင်များအားလုံးက တညီတညွတ်တည်း အဆိုပြုကြသည်။

ထို့အပြင် ဆဲလ်ဖုန်းတာဝါတိုင်များ၏ အနီးအနားတွင် ပျားနှင့် အချို့အင်းဆက်များ အသိုက်အအုံ ပြု၍ ရေရှည် မရှင်သန်နိုင်ကြောင်း ပြီးခဲ့သော အောက်တိုဘာလက လေ့လာ တွေ့ရှိခဲ့ကြသည်။ထို့ကြောင့် ဖွံ့ဖြိုးစည်ပင်နေသော ပျားအုံများ အနားတွင်လည်း ဆဲလ်ဖုန်းများထား၍ စမ်းသပ်ကြည့်ရာ လုပ်သားပျားများ၏ အာရုံကြောစနစ်ကို ဆဲလ်ဖုန်း၏ သံလိုက်လှိုင်းများက နှောင့်ယှက်ကြသောကြောင့် လုပ်သားပျားများ ပျားအုံဆီ ပြန်မလာနိုင်တော့ခြင်း၊ မသန်စွမ်းတော့ခြင်း၊ ပျားဘုရင်မ၏ ဥ ဥနှုန်း ကျဆင်းသွားခြင်း စသည့်အချက်များကြောင့် ပျားအုံများသည် ရက်ပိုင်းအတွင်း ပျက်စီးဆုတ်ယုတ် သွားကြောင်း တွေ့ရှိ အတည်ပြုနိုင်ခဲ့သည်။

ဤသို့သော ရလဒ်များကြောင့် လူသားများ၏ ကျန်းမာရေးအပေါ် ဆဲလ်ဖုန်းကွန်ရက်များ၏ ဆိုးကျိုး သက်ရောက်မှုများကို ပညာရှင်များ ဆက်လက် လေ့လာခဲ့ကြသည်။ ထိုအခါ ဆဲလ်ဖုန်းတာဝါတိုင်များနှင့် နီးရာတွင် နေထိုင်သူများ၊ ဆဲလ်ဖုန်းအလွန်အကျွံ သုံးစွဲသူများတွင် မောပန်းနွမ်းနယ်လွယ်ခြင်း၊ ညဖက် ကောင်းစွာ အိပ်မပျော်ခြင်း၊ အမြင်အာရုံနှင့် အကြားအာရုံ ယိုယွင်းခြင်း တို့ရှိနေကြောင်း စမ်းသပ် တွေ့ရှိရသည်။

ထိုသူများကတော့ မိမိတို့ ဤသို့ခံစားနေရသည်မှာ ဆဲလ်ဖုန်း၏ ရေဒီယိုလှိုင်း ဖြာထွက်မှု များကြောင့်ဟု ယောင်၍ပင် တွေးမိကြမည် မဟုတ်။ ကျွန်တော်တို့သည်လည်း ထိုနည်းတူပင် ဖြစ်ပေမည်။

ဆဲလ်ဖုန်း၏ ဖြစ်ခဲသော်လည်း ပြင်းထန်ဆိုးရွားလှသည့် ရောဂါကြီးတစ်ခုမှာ ဦးနှောက်အကျိတ်ကင်ဆာ (Brain Tumor) ဖြစ်သည်။ ဤသို့ လွန်စွာအသုံးဝင်သော တစ်ကိုယ်ရည်သုံး မိုဘိုင်းဖုန်းလေးများ၏ ကြောက်မက်ဖွယ်ရာ အန္တရာယ် အကြောင်းကို မည်သူ တစ်ဦးတစ်ယောက်၏ မတည်ငွေမပါဘဲ ကိုယ်ပိုင်ရန်ပုံငွေဖြင့် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံကာ ဆဲလ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းရှင်များအသင်း (CTIA) က သုတေသန ပြုလုပ်ခဲ့သောကြောင့် ကမ္ဘာသူ ကမ္ဘာသားများ သိရှိခွင့်ရခဲ့ခြင်း ဖြစ်သည်။

ထိုလေ့လာမှုမှ အတည်ပြုပေးခဲ့သော တိကျသေချာသည့် ရလဒ်များမှာ---

(၁)ဆဲလ်ဖုန်းသုံးသူများသည် အခြားသူများထက်ပို၍ ဦးနှောက်အကျိတ် ဖြစ်နိုင်စွမ်း ပိုများသည် ဆိုရာတွင်လည်း ဖုန်းအမြဲတမ်းကပ်၍ ပြောသော ဦးနှောက်ဖက်ခြမ်းက အများဆုံးဖြစ်သည်ဆိုသော ရလဒ်က အထင်ရှားဆုံး သက်သေ ဖြစ်သည်။

(၂)ဆဲလ်ဖုန်းနေ့စဉ် ၆နှစ်နှင့်အထက် အသုံးပြုသူများသည် acoustic neuroma ခေါ် အကြားအာရုံကြော တွင်ဖြစ်သော အကျိတ် ဖြစ်နိုင်ရန် အခွင့်အလမ်း လွန်စွာများသည်။

(၃)မိုဘိုင်းဖုန်းသုံးစွဲသူချင်း အတူတူပင်လျှင် လက်ကိုင်ဖုန်းသုံးစွဲသူများက ကားဖုန်းအသုံးပြုသူများထက် ပို၍ အန္တရာယ်ကြီးသည်။ (အဘယ့်ကြောင့်ဆိုသော် ကားဖုန်းက နားကြပ်(သို့) စပီကာနှင့် ပြောရပြီး ဖုန်းအိမ်က ခေါင်းနှင့်ကပ်၍ ပြောခြင်းမဟုတ်သော်ကြောင့် ဖြစ်သည်)

ထိုရလဒ်များအပြင် ရောဂါဗေဒဆိုင်ရာနှစ်ရှည်လေ့လာချက် ၁၁ ခုမှလည်း ဆဲလ်ဖုန်းကို ဆယ်နှစ် အသုံးပြုလျှင် မသုံးသူများထက် ဦးနှောက်အကျိတ် ဖြစ်ရန် အန္တရာယ် ၂ဆ ပိုများကြောင်း တွေ့ရှိချက်များကို Surgical Neurology ဂျာနယ်တွင် ပုံနှိပ်ဖော်ပြ ခဲ့သည်။

အထူးသဖြင့် ဖုန်းကို ကပ်ပြောသော ဦးခေါင်းဘက်ခြမ်းမှ အများဆုံး ဖြစ်ကြောင်း ထပ်မံ အတည်ပြုနိုင်ခဲ့သည်။
သြစတြေးလျနိုင်ငံတွင် မိုဘိုင်းဖုန်း တစ်ဦးချင်းသုံးစွဲနိုင်မှု လွန်စွာ မြင့်မားလာသည်နှင့်အပြိုင် သက်ကြီးရွယ်အိုများ၏ ဦးနှောက်ကင်ဆာကျိတ် ဖြစ်ပွားမှုမှာလည်း ဆယ်စုနှစ်တစ်ခုအတွင်း ၂၁ရာခိုင်နှုန်း တက်လာကြောင်း ကိန်းဂဏန်းများအရ ထိတ်လန့်ဖွယ်တွေ့ရှိရလေသည်။ ထို့ပြင် ဦးနှောက်ကင်ဆာသည် ကလေးများတွင် နံပတ်တစ် အဖြစ်အများဆုံးသော သွေးကင်ဆာ (Leukemia) ကိုပင် ကျော်ဖြတ်ကာ နံပတ်တစ် နေရာသို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း နောက်ဆုံးကမ္ဘာ့ကျန်းမာရေး သတင်းများအရ သိရသည်။

(ကျန်ရှိနေသေးတဲ့ ဆဲလ်ဖုန်းများရဲ့ အန္တရာယ်နဲ့ ကာကွယ်ကုသနည်းများကို ဆက်လက်တင်ဆက် ပေးသွားဦးမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်)

Last Updated at 2010-02-05 on 05:32:52 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

0 comments:

 

blogger templates | Make Money Online