January 28, 2010

ဆက်လက် လျှောက်လှမ်းရပေအုံးမည်


ဆက်လက် လျှောက်လှမ်းရပေအုံးမည်

ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားရင်းဖြင့် ဘာသာရပ်ကြီး (၁၂)ခုတွင် တခုအပါအ၀င်ဖြစ်သည့် Technique of Higher Education ဘာသာရပ်ကို သင်ယူခွင့်ရခဲ့၏။
သင်ကြားသူကား ထိုင်းနိုင်ငံမှ ဆရာမလေး (Miss Doungkamon Tongkanaraksa)။ (ဆရာမလေးဆိုသည်မှာလည်း မိမိအသက်နှင့် နှိုင်းယှဉ်၍ ခေါ်ဝေါ်ခြင်းမျှသာ) အသက်က ခန့်မှန်းချေ (၃၅)၊ အိမ်ထောင် မရှိသေးသည့် အပျိုကြီး။ စကော့တလန်တွင် ဘွဲ့လွန်များ ထပ်တက်ခဲ့၊ ထပ်ယူလာခဲ့သည်ဟု သိခွင့်ရခဲ့၏။


တနေ့တွင် စာရေးသူတို့ ကျောင်းသားများအတွက် Assignment ရေးဖို့နှင့် Presentation လုပ်ဖို့ တာဝန်ကျလာ၏။ ခေါင်းစဉ်က My Goal (ကျနော့် ရည်မှန်းချက်ပန်းတိုင်)။
ထိုခေါင်းစဉ်အောက်တွင် အဆင့်သုံးဆင့် ချပေးထား၏။
၁။ ယခု ဘ၀ရည်းမှန်းချက်ပန်းတိုင်၊
၂။ နောင် ဘ၀ရည်မှန်းချက်ပန်းတိုင်၊
၃။ သံသရာ ရည်းမှန်းချက်ပန်းတိုင်။
မိမိ အမှန်တကယ် ရည်ရွယ်ရာ ပန်းတိုင်များကိုသာ မိမိကိုယ်တိုင် ရေးဖို့နှင့်ပြောဖို့ တခါတည်း မှာထားလိုက်၏။
မဖြစ်မနေ လုပ်ရတော့မည့် အလုပ်အတွက် ပြောဖို့ထက်ရေးဖို့ကို အရင်စဉ်းစားရ၏။ ရေးဖို့ထက် အရင်တွေးဖို့ စဉ်းစားရပြန်၏။ ယခုဘ၀အတွက် မိမိရည်မှန်းချက်ပန်းတိုင်က ဘာလဲ? ဆိုသည်ကို မေးလိုက်တော့ (မိမိကိုယ်မိမိ) အဖြေက မသေချာ မရေရာ။ မိမိ ဖြစ်ချင်သည်များကို အဓိက ထားပြီး စဉ်းစားမိ၏။
လောလောဆယ် မိမိ ဖြစ်ချင်နေသည်က စာရေးချင်သည်။ စာဖတ်ချင်သည်။ စာသင်ချင်သည်။ မိမိ လိုချင်သည့် ဗဟုသုတများကို ရှာဖွေ ချင်သည်။ ကိုယ်သိသမျှ တတ်သမျှကို ပြန်လည် မျှဝေချင်သည်။ ဒီလောက်ပင်။
ဒီအထဲမှာမှ စာဖတ်ရသည်ကို ပို၍ ၀ါသနာပါသည်။
၁၇ နှစ် မှ ၂၄ နှစ် ၀န်းကျင် အချိန်ထိ ဖတ်သမျှ စာပေများကို ဆွေးနွေးချင်သည်။ တိုင်ပင်ချင်သည်။ ဖြစ်သင့်သည်များကို သုံးသပ် ဝေဖန်ချင်သည်။ ဆွေးနွေးခဲ့၊ တိုင်ပင်ခဲ့၊ ဝေဖန်ခဲ့ဖူးသည်။ အဲဒါတွေက ရည်ရွယ်ပန်းတိုင်လား။ ၂၄ နှစ် ကျော်လာပြန်တော့ ပရဟိတလုပ်ငန်းဖြစ်သည့် သူငယ်တန်းမှ အစပြုကာ တက္ကသိုလ်ဝင်တန်းများ၊ တက္ကသိုလ်ကျောင်းသားများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းမှ ဆရာ ဆရာမများကို စာပေပညာရပ်များ၊ ကွန်ပျူတာသင်တန်းများ၊ ဗုဒ္ဓယဉ်ကျေးမှု သင်တန်းများ မိမိ စေတနာ ၀ါသနာနှင့် ရည်ရွယ်ချက်ပန်းတိုင်များအလျောက် သင်ကြားပေးခဲ့ရပြန်ပါသည်။
ခုချိန်များရောက်ပြန်တော့ စာများကိုတော့ ပို၍ ဖတ်ဖြစ်သည်။ သို့သော် မဆွေးနွေးချင်၊ မတိုင်ပင်ချင်၊ မဝေဖန်ချင်တော့။ မိမိသိနေသည့် အသိအပေါ်မှာသာ တွေးတော စဉ်းစားနေမိသည်။ ဒါတွေကရော ရည်ရွယ်ချက်ပါလား။ မသေချာ မရေရာ။
ဤသို့ တွေးရင်း ငေးရင်း ရေးရင်းဖြင့် Assignment တင်ရမည့်အချိန်နှင့် Presentation လုပ်ရမည့် အချိန်ကို ရောက်လာခဲ့၏။ မိမိကား အဆင့်သုံးဆင့်တွင် တဆင့်မျှကိုတောင် ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်။ မရေးသားနိုင်ခဲ့။
သို့သော် . . .
ဒီဘ၀ ရည်မှန်းချက် ပန်းတိုင်အတွက် လက်ရှိဘ၀မှာပင် ရည်မှန်းချက် ပန်းတိုင်တွေက အသက်အရွယ်အလိုက် အမျိုးမျိုးပြောင်းနေရကြောင်း၊ ငယ်ငယ်က ဖြစ်ချင်သည့်အရာများ ခုချိန်များမှာ မဖြစ်ချင်တော့ကြောင်း၊ ဒီဘ၀ရည်မှန်းချက်တွင် ငြိမ်းချမ်းစွာ စာဖတ်ခြင်း၊ စာရေးခြင်း၊ စာသင်ခြင်းတို့နှင့်သာ ဘ၀ကိုကုန်ဆုံးချင်ပြီး သေချာသည်ကတော့ အပါယ်လေးပါးမှ အပြီးတိုင် ငြိမ်းချင်သည်က အဓိကရည်ရွယ်ချက် ပန်းတိုင်ဖြစ်ပါကြောင်း ပြေပြေလည်လည် ပြောကြားခဲ့ရ၏။
Presentation လုပ်သည့်အချိန်တွင်လည်း အဆင့် (၂) နှင့် (၃) မပါဝင်ခဲ့။ ဤအချိန်တွင် ဆရာမလေးနှင့် ကွိုင်တော့၏။ ဆရာမလေးက နောင်ဘ၀ ရည်းမှန်းချက် ပန်းတိုင်ကို တဆက်တည်း ပြောခိုင်းသည်။ မိမိ မပြောနိုင်ခဲ့။
နောင်ဘ၀ ရည်းမှန်းချက်ပန်းတိုင်အတွက် ဆရာမလေး၏ မေခွန်းကို ဖြေဆိုနိုင်စွမ်းမရှိခဲ့။ အဖြေမရှိကြောင်း ပြောခဲ့သော်လည်း အနောက်နိုင်ငံတွင် စာသင်ခဲ့သူများပီပီ အကြောင်းပြချက်ကို မဖြစ်မနေ တောင်းခံခဲ့၏။
ဆရာမလေးကို ဖြေရှင်းချက်တော့ ပေးမှ ရပေတော့မည်။
သည်လိုဆိုပြန်တော့လည်း အဖြေကိုရှာကြည့်သည်။ နောင်ဘ၀ရည်မှန်းချက် ပန်းတိုင်က ဘာလဲ။ မသိ။ မိမိ ဘာမှ မသိ။ ဘာမှ မရှိ။ မသိ မရှိတာကို အကြောင်းပြချက် တောင်းပြန်သည်။
ခက်လိုက်သည် ဖြစ်ခြင်း။ လောလောဆယ်တော့ သူ့တပည့် ဖြစ်နေရသည်က တကြောင်း၊ နိုင်ငံစုံ ကျောင်းသား အများရှေ့မှာ ဖြစ်ပြန်တော့လည်း ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်ဆရာကို သိက္ခာ မကျစေချင်သည့် ရည်ရွယ်ချက်ကြောင့် အဖြေပေးခဲ့မိပါသည်။
မြတ်ဗုဒ္ဓဟောကြားသည့် တရားတော်များတွင် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ အခိုင်အမာ ရှိပြီးသားဖြစ်၏။ မြတ်ဗုဒ္ဓ၏ ပိဋကတ် သုံးသွယ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကလည်း မျက်မြင်ထင်ရှားရှိနေသည်ပင်။ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်၏ ဂုဏ်သတ္တိထူးတွင် အကာလိကော ဆိုသည့် ပါဠိက ဓမ္မ၏ ခိုင်မာကြောင်း၊ နောင်ဘ၀ ရည်မှန်းချက်ပန်းတိုင် ရှိ မရှိ ဆိုသည်ကို သေချာစေကြောင်း ရှင်းပြရ၏။
အကာလိကော ဆိုသည်မှာ အချိန်အခါ မရွေး အကျိုးပေးသည့် မြတ်ဗုဒ္ဓတရားတော်၏ ဂုဏ်သတ္တိထူးဖြစ်၏။ မိမိ၏ ပါရမီကို စိတ်၊ ဆန္ဒ၊ ၀ီရိယ၊ ပညာတို့နှင့် ပေါင်းစပ်လိုက်ပါက ချက်ချင်းလည်း တရားထူးရနိုင်သလို၊ တစ်ရက်၊ နှစ်ရက်၊ ခုနစ်ရက်၊ ဘယ်အချိန်အတွင်းမှာ မဆို တရားနိုင်ကြောင်း အတိအလင်း မြတ်ဗုဒ္ဓက ဟောကြား ထားပြီးသားဖြစ်သည့် အတွက် နောင်ဘ၀ နှင့် သံသရာရည်ရွယ်ချက်ပန်းတိုင်တို့ အဓိကအားဖြင့် မထားရှိပါကြောင်း ဖြေကြားခဲ့ရသည်။
သို့သော်လည်း ဆရာမလေးက သူမ ချမှတ်ထားသည့် စည်းကမ်းကို မလိုက်နာသည့်အတွက်ကြောင့် မကျေနပ်နိုင်သော်လည်း သူမကိုယ်တိုင် ထေရ၀ါဒ ဗုဒ္ဓဘာသာဖြစ်နေသည့် အတွက်ကြောင့် လက်ခံထားလိုက်၏။
မိမိ ရေးသားခဲ့သော အထက်ပါအကြောင်းအရာများကို ပြန်လည် ကောက်ချက်ချရပါလျှင် မြန်မာနိုင်ငံမှာ ရှိစဉ်တုန်းက စာအုပ်ဆိုင်သို့သွား ပိုက်ဆံပေး၍ စာအုပ်ငှါး။ စာကြည့်တိုက်သို့သွား မနိုင်တနိုင် စာအုပ်များကို ငှါးခဲ့ရ သယ်ခဲ့ရ၏။ စာဖတ်၊ စာရေး၊ စာသင်ခဲ့ရ၏။ အင်တာနက်မှ စာပေ ရေးသားခြင်း၊ စာဖတ်ခြင်းများ မပါဝင်ခဲ့။ ယခု ထိုင်းနိုင်ငံတွင် အင်တာနက်ကို စိတ်ရှိတိုင်း သုံးခွင့်ရသောအခါ ဘာကိုပဲ လိုချင်လိုချင် အချိန်မရွေး ရှာ၍ ဖတ်နိုင်သည်။ မီးမပျက်သည့်အတွက် အချိန်မရွေး စာရေး၍ ရနိုင်သည်။ မိမိရေးသည့် စာများကို အချိန်မရွေး နိုင်ငံတကာရှိ စာဖတ်ပရိသတ်များသို့ တင်ပြ ပေးပို့နိုင်သည်။
နိုင်ငံတကာရှိ စာပေပညာရှင်များနှင့် ဆုံဆည်းခွင့်ရပြန်သည်။ မိမိရေးသားထားသည့် စာများကို စုစည်း၍ ဘလော့ဂ်လုပ်ထားနိုင်သည် ဆိုပြန်တော့လည်း ပျော်လို့ ရွှင်လို့မဆုံး။ ဒီဘ၀ရည်မှန်းချက်က ပိုမို ခိုင်မာလာသလိုပင်။ ထို့အတွက်လည်း ဘလော့လုပ်ပေးသူ ညီမတော် မယမင်း၊ ပြင်ဆင်ပေးသူ သူငယ်ချင်း အရှင်နန္ဒောဘာသ (မဟာချူလာ)၊ ဥယျာဉ်မှူး (အမည်မသိ)၊ စာပေရေးသားရန် အခွင့်အလမ်း ပေးခဲ့သော ကိုဝိမုတ္တိ၊ ညီငယ် မောင်ဖိုးသား (ပြည့်စုံအောင်)၊ တို့အား အမှတ်တရ ကျေးဇူးတင်ရပြန်သည်။
အင်တာနက်ဆိုသည်ကို ကိုင်ဖူးသည်က တနှစ်မပြည့်သေး။ ဒီလိုအချိန်မှာ အင်တာနက် ဗဟုသုတ ဘာမှ မရှိ ။ သို့သော် စိန်နားကပ်ရောင်ကြောင့် အထိုက်အလျောက်တော့ ပါးပြောင်ပေအုံးတော့မည်။ မိမိတင်ထားသည်က ဘလော့ဂ်စပေါ့။ သို့သော် မိခင်နိုင်ငံက ဖတ်ခွင့် သိခွင့် မရရှာ။ အမှန်အတိုင်း ပြောရလျင် သိခွင့် ဖတ်ခွင့် ရဖို့လည်း မကြိုးစားမိ။ ကြိုးစားနိုင်လောက်သည့် အရည်အသွေးလည်း မိမိမှာ မရှိ။ ဘလော့ဂ်စပေါ့နှင့်ပင် ပျော်မဆုံး ရွှင်မဆုံး တပြုံးပြုံး။
(၂၈၊ ၁၊ ၂၀၁၀) ည ၁၁းနာရီ ၄၈ မိနစ် တွင် အွန်လိုင်းမိတ်ဆွေ နော်ဝေနိုင်ငံမှ (မ) မြကြေးမုံ က မည်သူ့ပယောဂမှ မပါဘဲ သူမစေတနာ သက်သက်ဖြင့် ဆိုင်းမဆင့်ဗုံမဆင့် ကကြိုးတွေနှင့် တခါတည်း အပြီး ပြင်ဆင်ခဲ့ပြီး ဒိုမိန်း လှူဒါန်းလိုကြောင်း ပြောကြားခဲ့၏။ ပြီးလျှင် (၂၉၊ ၁၊ ၂၀၁၀) ည ၁၂ နာရီ မိနစ်တွင် တခါတည်း လုပ်ဆောင်ပေးခဲ၏။ ယနေ့ တော့ နံနက် လေးနာရီ မိနစ်သုံးဆယ် အထိ အရုဏ်မိုးသောက် အလင်းပေါက်သွားခဲ့ရပြန်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် ဘ၀တွင် အခြေအနေ အချိန်အခါနှင့် ပတ်သက်ပြီး ရည်မှန်းချက် ပန်းတိုင်များ အမျိုးမျိုး ပြောင်းလဲနေတတ်ကြ၏။ လယ်တီဆရာတော်ဘုရားကြီး၏ ငယ်ငယ်က သင်ခဲ့ရသည့် မိုက်မလင်းနိုင်ဘု ကဗျာတွင် ပါဝင်သည့် စာသားများလိုပင် အခွင့်အခါကောင်းကို ကောင်းကောင်း အသုံးချဖို့သာ အရေးကြီးပါသည်။ ဘယ်ဘ၀နှင့် နေသည်ပင်ဖြစ်စေ မိမိဘ၀ အခြေအနေမှန်ကို သုံးသပ်ပြီး သဘာဝသဘောတရားအတိုင်း ဒီဘ၀ကိုတော့ဖြင့် မဖြစ်မနေ ဆက်လက်လျှောက်လှမ်းရပေအုံးမည် . . . .

ထေရ၀ါဒသာသနာတော်

ထေရ၀ါဒသာသနာတော်

မြတ်ဗုဒ္ဓတည်ထောင်တော်မူသည့် ဓမ္မ၀ိနယသာသနာတော်ကို မြတ်ဗုဒ္ဓလွန်ပြီးသည့်နောက် နှစ်ပေါင်း (၂၅၀၀) ကျော်ခရီးဝယ် ထေရ်အဆက်ဆက်တို့ ဗုဒ္ဓမူမပျက် လက်ဆင့်ကမ်း၍ သယ်ဆောင်စောင့် ရှောက်တော်မူခဲ့ကြရာ ဤမျှကြာညောင်းသော သာသနာခရီးတွင် သံဃာအစည်းအဝေးကြီးပေါင်း (၆) ကြိမ် ကျင်းပတော်မူခဲ့ကြကာ ထပ်ဆင့်ထပ်ဆင့် အတည်ပြု ပြဌာန်းခဲ့ကြသည်ချည်းသာ ဖြစ်ပါသည်။


၁။ ပဌမသံဂါယနာ
သာသနာနှစ် (၃) လ အကြာတွင် ရာဇဂြိုဟ်မြို့၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာပေါင်း (၅၀၀)တို့ဖြင့် အရှင်မဟာ ကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါထေရ်တို့က အကြီးအကဲပြုလုပ်၍ အဇာတသတ်ဘုရင်၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော်မူခဲ့ကြသည်။
၂။ ဒုတိယသံဂါယနာ
သာသနာနှစ် (၁၀၀) အကြာတွင် ဝေသာဠီမြို့၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာပေါင်း (၇၀၀) တို့ဖြင့် ပါစိနတိုင်းမှ အရှင်သဗ္ဗကာမိ၊ အရှင်သာဠ၊ အရှင်ခုဇ္ဖသောဘိတ၊ အရှင်ဝါသဘဂါမိ၊ ပါဝါတိုင်းမှ အရှင်ရေ၀တ၊ အရှင်သမ္ဘူတ၊ အရှင်ယသ၊ အရှင်သုမနထေရ်တို့က အကြီးအကဲပြုလုပ်၍ (သုသုနာဂမင်း၏သားတော်)ကာဠာသောက မဟာရာဇာ၏ ချီးမြှောက်ထောက်ပံမှုဖြင့် တင်တော်မူခဲ့ကြသည်။
၃။ တတိယသံဂါယနာ
သာသနာနှစ် (၂၃၆)တွင် ပါတလိပုတ်ပြည်၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာ (၁၀၀၀) တို့ဖြင့် အရှင်သိဂ္ဂ၀၊ အရှင်စဏ္ဍ၀ဇ္ဇီ၊ အရှင်တိဿထေရ်တို့က အကြီးအကဲပြုလုပ်၍ ဓမ္မာသောကမင်း၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။
၎။ စတုတ္ထသံဂါယနာ
သာသနာနှစ် (၄၅၀) တွင် သီရိလင်္ကာနိုင်ငံ မလယမြို့အနီး အာလောကလိုဏ်ဂူ၌ သီဟိုဠ်သံဃာတော် (၅၀၀)တို့ဖြင့် ဓမ္မရက္ခိတထေရ်အကြီးအကဲပြုလုပ်ကာ ၀ဋ္ဋဂါမဏိမင်းချီးမြှောက်ထာက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။ ဤစတုတ္ထသံဂါယနာ၏ ထူးခြားချက်မှာ နှစ်ပေါင်း (၄၅၀)ခန့် ထေရ၀ါဒရဟန်းတော် အရှင်မြတ်တို့ နှုတ်ဖြင့်သယ်ဆောင်လာခဲ့သော ပိဋကတ်သုံးပုံကို ပေရွက်ပေါ်ရေးချ၍ ရေးထိုးခဲ့ခြင်းဖြစ်သည်။
၅။ ပဉ္စမသံဂါယနာ
သာသနာတော်နှစ်(၂၄၀၀)တွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့၌ မြန်မာသံဃာတော်ပေါင်း (၂၄၀၀)တို့ဖြင့် ဘုရားကြီး ဆရာတော် ဇာဂရထေရ်ကအကြီးအကဲပြုကာ မင်းတုန်းမင်းတရား၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။
ပဉ္စမသံဂါယနာ၏ ထူးခြားချက်မှာ နှစ်ပေါင်း (၂၄၀၀) ခရီး မူရင်းအတိုင်း သယ်ဆောင်လာခဲ့သော ပိဋကတ်သုံးပုံကို ကျောက်ချပ်များပေါ်၌ ရေးထိုးခဲ့ခြင်းဖြစ်သည်။ 6 x 3 ခန့်ရှိ စကျင်ကျောက်ဖြူအချပ် ပေါင်း (၇၂၀) ချပ်ပေါ်တွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယနေ့မန္တလေးတောင်ခြေတွင် ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး အနေဖြင့် တည်ရှိနေဆဲဖြစ်သည်။
၆။ ဆဋ္ဌသံဂါယနာ
သာသနာနှစ် (၂၅၀၀) တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတော်၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ ထေရ၀ါဒငါးနိုင်ငံမှ သံဃာတော်ပေါင်း(၂၅၀၀)တို့ဖြင့် ညောင်ရမ်း ဆရာတော်ရေ၀တထေရ်၊ မဟာစည်ဆရာတော်သောဘဏထေရ်၊ မင်းကွန်းဓမ္မနာဒဆရာတော်ဝိစိတ္တသာရာ ဘိဝံသထေရ်တို့ အကြီးအကဲပြုကာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအမှူးပြုသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏ ချီးမြှောက်ထောက်ပံ့မှုဖြင့်တင်တော်မူခဲ့ကြသည်။

ဆဋ္ဌသံဂါယနာ၏ ထူးခြားချက်မှာ မြန်မာနိုင်ငံမှာတင်သည့် သံဂါယနာဖြစ်သော်လည်း မြန်မာသံဃာတို့ ချည်းသာ ပါဝင်သည်မဟုတ်ပေ။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ-ထေရ၀ါဒငါးနိုင်ငံတို့ တညီတညွတ်တည်း စုပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ဤသို့လျှင် နှစ်ပေါင်း (၂၅၀၀) ကျော် သာသနာခရီးတွင် သုံးပုံပိဋကတ် တရားမြတ်ကို …

(၁) အပညတ္တံ န ပညပေဿာမ = ဗုဒ္ဓ မဟောခဲ့၊ မပညတ်ခဲ့သည်တို့ကို ထပ်၍မပညတ်စတမ်း။
(၂) ပညတ္တံ န သမုစ္ဆိန္ဒိဿာမ = ဗုဒ္ဓဟောထား ပညတ်ထားသည်တို့ကို မပယ်၊ မနှုတ်၊ ပြင်ဆင်မှု မလုပ်စတမ်း။
(၃) ဘဂ၀တော ပညတ္တံ သမာဒါယ ၀တ္တိဿာမ = ဘုရားဟောထား ပညတ်ထားသည်တို့ကို ဟောထားပညတ် ထားသည့်အတိုင်းသာလျှင် ထိမ်းသိမ်းစောင့်ရှောက်လိုက်နာစတမ်း-ဟူသော အရှင်မဟာ ကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါထေရ်တို့ ချခဲ့သောမူဝါဒအရ ငါးနိုင်ငံသံဃာတော်(၂၅၀၀) တို့က မူရင်းအတိုင်း သန့်သန့်ရှင်းရှင်း ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြခြင်းဖြစ်သည်။


သို့ဖြစ်ခြင်းကြောင့်
၁။ မဟာကဿပထေရ်၏ ၀ါဒကို
၂။ ယသထေရ်ကဆက်ခံ၍
၃။ မဟာကဿပထေရ်၊ ယသထေရ်တို့၏၀ါဒကို တိဿထေရ်က ဆက်ခံ၍
၎။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်တို့၏၀ါဒကို ဓမ္မရက္ခိတထေရ်က ဆက်ခံ၍
၅။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်၊ ဓမ္မရက္ခတိထေရ်တို့၏၀ါဒကို ဇာဂရထေရ်က ဆက်ခံ၍
၆။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်၊ ဓမ္မရက္ခတိထေရ်၊ ဇာဂရထေရ်တို့၏၀ါဒကို ရေ၀တထေရ် (ညောင်ရမ်းဆရာတော်)တို့ကဆက်ခံ၍
ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်၊ ထေရ်အဆက်ဆက်တို့ အပရိဟာနိယ မူမပျက် ထိမ်းသိမ်းစောင့်ရှောက်လာခဲ့သော ဗုဒ္ဓသာသနာတော်သည် ထေရ၀ါဒ သာသနာတော် ပင်ဖြစ်ပါသည်။



အင်တာနက်မှ ရှာဖွေ စုဆောင်း တင်ပြထားခြင်းမျှသာ ဖြစ်ပါသည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

ဖြစ်ပါရစေ

အဖေ ဖြစ်ဖြစ် … အမေဖြစ်ဖြစ်
တစ်ယောာက်တော့ ရှိချင်တယ်။
မကြာခဏ အမှားအယွင်း
လုပ်မိတတ်တဲ့ ကျွန်တော့်ကို ဆုံးမဖို့ …… ။


အဖေဖြစ်ဖြစ်…. အမေဖြစ်ဖြစ်
တစ်ယောက်တော့ ရှိချင်တယ်။
ရုပ်ရှင်တွေထဲကလို ပိုက်ဆံအထပ်လိုက်ကြီးကို
မုန့်ဖိုးအဖြစ် တောင်းယူသုံးနိုင်ဖို့ ……။

ခုတော့ ပန်းကန်လေးတစ်ချပ် …. ကျကွဲတာနဲ့
ကျောကော့အောင် ရိုက်ခံရတဲ့ကျွန်တော် …..
မိဘအရင်းရဲ့ ဆုံးမတာကိုဘဲ ခံချင်တယ် …..။

ခုတော့ ကျွန်တော် …..
ကျောတစ်ခင်းစာရရုံနဲ့
ထမင်း မ၀ရေစာ စားရရုံနဲ့
ဘ၀ကို ပြည့်စုံတယ်လို့ မထင်ဘူး
ချားရဟတ်လေးတော့ စီးချင်တယ် ……။

အဖေဖြစ်ဖြစ် ….. အမေဖြစ်ဖြစ် ….
ရမယ်ဆို လိုချင်မိတယ်။
မကြာခဏ မျက်ရည်လွယ်တတ်တဲ့ ကျွန်တော် ….
အားရပါးရ ငိုကြွေးတာကို
မြင်ရအောင်လို့ ……..။

(ရေးသားသူ ကဗျာရှင် - မင်းသစ်တည်) ။

ကလေးသူငယ်များ မတရား အနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးကြပါစေ ……… ။

အထက်ဖေါ်ပြပါ ကဗျာလေးကို ရေးသားသူကတော့ ရန်ကုန်မြို့ က လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင်ကို သွားရောက်ခဲ့ရင်း သူမြင်တွေ့ ခဲ့ရတဲ့ ကလေးသူငယ် စားပွဲထိုးလေးတစ်ယောက်ကို ဆိုင်ရှင်ကနေ အနိုင်ကျင့်တာကို တွေ့ ခဲ့မိလို့  စိတ်မကောင်ကြီးစွာနဲ့  အဆိုပါ စားပွဲထိုးလေးဘ၀ သနားညှာတာမိကာ သူ့ နေရာမှာသာဆိုရင် ဘယ်လိုများ ဖြစ်မိမလည်းဆိုတာကို ကိုယ်ချင်းစာ ခံစားမိပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ကဗျာရှင်က ပြောတာကတော့ - လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးကို ကြည့်ရင်း ရေးမိတဲ့ ကဗျာလေးပါတဲ့။

မြတ်ဗုဒ္ဓသာသနာတော်၂၅၀၀ ခရီး

မြတ်ဗုဒ္ဓသာသနာတော်၂၅၀၀ ခရီး

နိဒါန်း
သဗ္ဗညု မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မှူသည့်နှစ်ကို သာသနာတော် ၁ နှစ်ဟူ ၍ စတင် ရေတွက်ခဲ့ရာ ယခုအခါ သာသနာတော် နှစ်ပေါင်း ၂၅၀၀ ကျော်လေပြီ ။
ဤမျှ ရှည်လျားသော နှစ် ပရိစ္ဆေဒ ကာလအတွင်း ဖြတ်သန်းချီတက် လာခဲ့ရသော ဗုဒ္ဓသာသနာတော်၏ ၂၅၀၀ ခရီးလမ်းမတလျောက် ပြန်လည်မျှော်ကြည့် ၍ အတိတ်ကိုလှန် ဇာတ်ကြောင်း ပြန်ရပါမှူ ရွှင်လမ်း အားတက်ဖွယ် ၊ ၀မ်းနည်းကြေကွဲဖွယ် ၊ အံသြထိတ်လန့်ဖွယ် ၊ အောက်မေ့ တသ လွမ်းစွတ်ဖွယ် တို့နှင့် ပြည့်လျှမ်းနေသော ၀တ္တုရှည်ကြီးတပုဒ်နှင့် တူလှပေတော့သည် ။

သာသနာ၂၅၀၀ ခရီးစဉ် သမိုင်းတလျှောက် ၌ ဗုဒ္ဓသာသနာတော်သည် မှိန်ခဲ့တခါ သာ ချီတလှည့် ဖြစ်ခဲ့ရ၏ ။ ငှက်ခါးပြန်သလို နိမ့်တြုံ့မင့်တုံ ကြုံခဲ့ရသည် ။ ခေတ်အဆက်ဆက် အတွင်း ရန်သူ အပြင်ရန်သူတို့၏ တိုင်ခိုက်ထိုးနှက်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည် ။ အဖျက်အဆီးများဖယ်ရှား ၍ အတားအဆီးများ ကိုဖြတ်ကျော်ခဲ့ရသည် ။ သာသနာ ပြင်ပ အညတိတ္တိယတို့သည် ရံခါပြင်ပမှဝါဒချင်းယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြ၍ ရံခါသာသနာအတွင်း ၀င်ကာ ပူသတ်ခဲ့ကြသည် ။
သာသနာ့ဝန်ထမ်းရဟန်းတော်များအထဲမှာလဲ သာသနာ့ ရန်ဆူး ရန်ငြောင့်များ ပေါ်ထွက်ခဲ့ပြန်သည် ။ အသားထဲမှလောက်ထွက်၍ သံကိုသံဖျက် သံချေးတက်ခဲ့သည်။ ယင်း သာသနာ့ ဆူးငြောင့်ခလုပ်များကို ဖယ်ထုတ်ရာမှ ဂိုဏ်းကွဲများဖြစ်ပေါ်ခဲ့ရသည်။ ဆေးကြော ဖယ်ရှားပြစ်လိုက်သော အညစ်အကြေများကပင် အင်အားစုကာ တစထောင်လာကြ ပြန်သည် ။
ဗုဒ္ဓသာ သနာတော်သည် ရံခါ သာသနာ့ဒါယကာ ဘုရင်မင်းမြတ်တို့၏ ချီးမြှောက် ထောက်ပံမှူ ခံရ၍ ရံခါဆန်ကျင်ဘက်ဘုရင်တို့၏ ဖိနှိပ်ညှဉ်းပန်း မှူခံခဲရသည်။ ရံခါ လျစ်လျူ ရှူ ခြင်း ခံခဲ့ရ၍ ရံခါပြည်နှင်ဒဏ် ခတ်ခြင်းကိုခံခဲ့ရသည် ။ တခေတ်တခါက ဗုဒ္ဓဘာသာ ကိုးကွယ် ပါ မှ ခေတ်မီသည် ဟုယူစခဲ့ကြရာမှတဖန် တခေတ်ပြောင်းလာသောအခါ ဗုဒ္ဓဘာသာကို ခေတ် နောက်ကျ သည်ဟု ယူဆလာကြပြန်သည် ။
ဘုရင် မင်းမြတ်တို့၏ ဘွဲ့တံဆိတ် နာမ ကို ပါဠိ ဘာသာ ဖြင့် ခံယူကြ၍ စကားပြောရာ၌ပင် ပါဠိ စကားလုံးများများ ညှပ်ပြောနိုင်မှ ဂုဏ်ရှိ သည် ဟု ယူဆခဲ့ကြရာမှ တဖန်အခြားခေတ်တခု၌ ပါဠိဝေါဟာရကို တတ်နိုင်သမျှ ရှောင်ကွင်း ဖယ် ထုတ်ရန် ကြိုးပမ်းကြပြန်သည် ။
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် တခေတ်တခါက အနောက်သို့လားသော် ဂန္ဓာရ တိုင်း ခေါ် ပါကစ်စတန်ပြည် ၊ အာဖဂန်နစ္စတန် ပြည် ၊ ခိုတန်ခေါ်တာကစ်စတန်ပြည် နှင့် ယောနကာလောက ခေါ်သောတူရကီ ၊ ဂရိ နိုင်ငံများအထိပြန့်နှံထွန်းကားခဲ့သည် ။ ဂင်္ဂါမြစ်မှ ဗော်ဂါမြစ် သို့တိုင်အောင် သာသနာရောင်ဝါထွန်းကားခဲ့ပေသည် ။
မြောက်သို့လားသော် ဆစ်ကင်းပြည် ၊ ဘူတန်ပြည် ၊ တိဗက်ပြည် ၊ မွန်ဂိုလျပြည် ၊ တရုတ်ပြည် ၊ ဆိုဗီရက်ရုရှားနိုင်ငံ ဆိုက်ဗေရီး ယားအထိ ပြန့်နှံခဲ့၍ ယခုတိုင်ဆက်လက်တည်ရှိ နေဆဲဖြစ်သည် ။ အရှေ့  သို့ လား သော် သုဝဏဒီပခေါ်(အင်ဒိုနီးရှား)နှင့် သုဝဏဘုမ္မိခေါ် မြန်မာနိုင်ငံ ၊ ထိုင်း ၊ လာအို ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ ကိုရီးယား ၊ ဂျပန်အထိ ပြန်နှံ့၍ ယခုထိအချိုနိုင်ငံများ ၌ သာသနာတည်ရှိနေလေသည် ။
ဤသို့လျှင် နေမ၀င်သော ဗုဒ္ဓနိုင်ငံတော်ကြီးတည်ရှိခဲ့ပုံကို ပြန်လည်မှန်းဆကြည့် နိုင်ရန် ရာစုနှစ်အလိုက် အတိတ်ကို လှန်၍ ဇတ်ကြောင်းပြန်ပါမှူ -

သာသနာနှစ် - ၁ (အ စ )
ရာဇဂြိုဟ်ပြည်တွင် အဇာတသတ်မင်းကြီး ၏ ကာကွယ်စောင့်ရှောက် ထောက်ပံမှူကို ခံယူ ၍ အရှင်မဟာကဿပ ၊ အရှင်ဥပါလိ ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာ ၅၀၀ တို့စုပေါင်း ညီညာ ပထမသင်္ဂါယနာ တင်တော်မှူခဲ့ကြသည် ။ ဘုရားဟောဒေသနာတော် ကို နုတ်ပယ် ဖြည့်စွက် ပြင်ဆင်ခြင်းမပြုကြရန် မှူ ချမှတ်တော်မှူခဲ့ကြသည် ။


သာသနာနှစ် - (၁) ရာစု
ဝေသာလီပြည် တွင်ကောသလမင်းကြီး၏ အထောက်အပံ့ခံယူ၍ အရှင်မဟာယသ နှင့်တကွ ရဟန္တာမထေရ် ၇၀၀ တို့ဒုတိယ သင်္ဂါယနာတင်ခဲ့ကြသည် ။ ၀ိဇီ တိုင်းသားရဟန်း များ သည်ဝိနည်းတော် ကို ပြင်ဆင်ဖြည့်စွက်လိုကြ၍ မဟာသံဃိက ဂိုဏ်း အဖြစ်သီး ခြားခွဲ ထွက် ခဲ့ကြသည် ။

သာသနာနှစ် - (၂) ရာစ
မဟာသံဃိကဂိုဏ်း ၏ ရှေ့ ဆောင်လမ်းပြမှူကြောင့် ဂိုဏ်းကွဲများ ဆက်ကာဆက်ကာ ပေါ်ထွက်ခဲ့သည်။ မဟာသံဃိကဂိုဏ်း မှ ဂိုဏ်းကွဲ ၅ခု ထွက်ပေါ်ခဲ့၍ ထေရ၀ါဒမှ ၁၁ ဂိုဏ်း ကွဲ ထွက်ပြန်သည်။ ဂိုဏ်းကွဲ အသေး အဖွဲ့များကိုပါ ထည့်သွင်းရေတွက်ပါက သံဃာဂိုဏ်းပေါင်း ၃၀ အထက် အကွဲ အပြဲခေတ်စားခဲ့ သည်။ထိုခေတ်က မြန်မာနိုင်ငံ သရေခေတ္တရာမြို့ တွင်ဗုဒ္ဓသာသနာ ထွန်းကား ၍ ဒွတ္တပေါင် မင်းကြီးလက်ထက် စေတီကြီး ၆ ဆူ တည်ခဲ့ကြောင်း မြန်မာ့သမိုင်း၌ ပြဆိုထားသည် ။

သာသနာနှစ် - (၃) ရာစု
အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် အမှူးပြုသော ရဟန္တာ ရှင်မြတ် ၁၀၀၀ တို့သည် အာသောက မင်းကြီးကာကွယ်စောက်ရှောက် ထောက်ပံ့ မှူခံယူ၍ တတိယ သင်္ဂါယနာ တင် တော်မှူခဲ့ ကြသည် ။ ဗုဒ္ဓဘာသာဂိုဏ်း ကွဲ အယူဝါဒအားလုံးကို ထေရ၀ါဒ ဘက်မှပြန် လည် ဖြေရှင်း ပယ်ဖျက်နိုင်နင်းသော ကထာဝတ္တုကြမ်းကြီးကို အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ထေရ်က ရဟန်းတော် ၁၂ သိန်းတို့ ၏အလည်၌ ဟောကြားတော်မှူခဲ့သည်။ အနောက်သို့ လားသော် ဂန္ဓာရတိုင်းနှင့် တူရဂီ ဂရိတ်တို့ ဒေသ ယာနကလောကိုင်အောင် ၎င်း အရှေ့  သို့လားသော် သုဝဏဘူမိခေါ် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတိုင်အောင်၎င်း တောင်သို့လားသော် သီရီလင်္ကာခေါ် သီဟိုဠ် ကျွန်းတိုင်အောင်၎င်း မြောက်သို့လားသော် ဟိမ၀န္တာတောင်တန်းဒေသ တိုင်အောင် ၎င်း ဗုဒ္ဓသာသနာတော်ပြန်နှံ့စေရန် ရဟန္တာ မထေရ်ကြီးများ၏ အမိန့်အရ အာသောကမင်းကြီးသည် ၉တိုင်း ၉ ဌာန သို့ သာသနပြုစေလွှတ်ခဲ့သည် ။


သာသနာနှစ် - (၄) ရာစု
အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာတော်ကို ချီးမြှင့် ထောက်ပံသော သာသနာ့ဒါယကာ မောရိယမင်းဆက် ပြုတ်၍ ဗြဟ္မဏ ဘာသာဝင် ဘုရင်များနန်းတက်ခဲ့သည် ။ ဗြဟ္မဏ ဘုရင် တို့၏ နှိပ်စက်မှူကြောင့် ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်း မှာ အိန္ဒိယအနောက် ပိုင်းသို့ပြေး ခဲ့ရ၍ ထေရ၀ါဒဂိုဏ်းမှာ အိန္ဒိယတောင်ပိုင်း ဆံချီသို့ ရွေ့ ခဲ့ရသည် ။ ဗြဟ္မဏ ဘုရင်တို့သည် သက္ကတ ဘာသာကို ဦးစားပေးရာ ၎င်း တို့၏မျက်နှာသာပေး ခံလို မှူကြောင့် ဟီနယာန သဗ္ဗတ္တိ ၀ါဒဂိုဏ်း သည် ဘုရားဟောပါဠိတော်များကို ပါဠိဘာသာမှသက္ကတ ဘာသာ သို့ပြောင်းလဲ ခဲ့ကြသည် ။ ထိုခေတ်မျာပင် သီဟိုဠ်ကျွန်းကို စောဠတိုင်းမှ ဧဠာရမည်သော ဗြဟ္မဏဘုရင် သည် ကျူးကျော်တိုက်ခိုက် သိမ်းပိုက်၍ ဗုဒ္ဓသာသနာတော်ကို နှိပ်စက်ဖျက်ဆီးခဲ့သည် ။ ဒုဋ္ဌဂါမဏိ မင်းကြီးက မိစ္ဆာဒိဋ္ဌိ ကျေးကလားတို့ကို တိုက်ခိုက်နှိမ်နှင်း၍ ဗုဒ္ဓသာသနာတော် ကို ကာကွယ်စောက်ရှောက် ချီးမြှင့်ခဲ့ သည် ။


သာသနာနှစ် - (၅) ရာစု
ပန်ဂျပ်ပြည်နယ် သာဂလမြို့ တော်တွင် ဂရိတ်နွယ်ဝင် မိလိန္ဒမင်းကြီး၏ အမေးကို ရဟန္တာ အရှင်နာဂသိန် ကဖြေဆိုသောမိလိန္ဒပဥှာ ပါဠိတော်ကျမ်းကြီးပေါ်ထွန်းခဲ့သည် ။သီဟိုဠ်ကျွန်းတွင် ဗြာဟ္မဏအနွယ်ဝင်များ သူပုန်ထ၍ တမီလ်စစ်တပ် ၏ကျူးကျော်ဝင်ရောက် နှိပ်စက်မှူကို ၁၄နှစ်ခံစာခဲ့ကြရသည် ။ ၀ါဋဂါမဏိမင်းကြီးက နှိမ်းနှင်းတိုက်ခိုက်အောင်မြင် ၍ တိုင်းပြည်အေးချမ်းအောင်မြင်သောအခါ ပါဠိတော်နှင့် အဋ္ဌကထာ ပိဋကတ်ကျမ်းစာများကို စတုထ္ထသင်္ဂါယနာတင်၍ ပေထက်အက္ခရာတင်တော်မှူခဲ့ကြသည် ။

သာသနာနှစ် - (၆) ရာစု
ဂျေရုစလင်မြို့ တွင် ခရစ်ရန်ဘာသာကို စတင်တည်ထောင်သော ခရစ်တော် ပေါ်ထွန်း ခဲ့သည် ။ ဂန္ဓာရတိုင်းတွင်ထေရ၀ါဒ သာသနာ တော်အပေါ် ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက လွှမ်းမိုးလာ သည်။

သာသနာနှစ် - (၇) ရာစု
ဂန္ဓာရတိုင်း ပက်သျှဝါမြို့ တွင် သကမင်းစိုးစံသည် ။ အိန္ဒိယပြည် မထုရာ ၊ ဥဇေနီ ၊ ဒက်ကန်ဒေသ သို့တိုင်အောင် အာဏာစက်ပြန့်နှံ့ ခဲ့သည် ။သရေခေတ္တရာပြည် တွင် သုမုန္ဒရီမင်းက သာသနာနှစ် ၆၂၂ ကို ခေချ၍ သက္ကရာဇ် (၁)နှစ် ဟုစတင်ရေတွက်သည်။ အလားတူပင် သကမင်း များကလဲ သာသနာနှစ် ၆၂၂ ကိုချေ ၍ သကနှစ် (၁)နှစ် ဟုစတင်ရေတွက်သည် ။သကမင်းဆက်၌ ကနိသျှကဘုရင်ကို ဒါယကာပြု၍ ဟိနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက သင်္ဂါယနာတင်ခဲ့သည် ။ မဟာယနဂိုဏ်း က လေးစားသော အဋ္ဌကထာဆရာ အဿဃောသ ပေါ်ထွန်းခဲ့သည်။ ဈာနီဗုဒ္ဓများနှင့် ဗောဓိသတ္တဘုရားလောင်း နတ်သားများ စတင်ပေါ် ပေါက် ခဲ့သည် ။သာသနာနှစ် ၆၀၈ ခုနှစ် တပေါင်းလပြည့်နေ့ ညတွင် မင်တီအမည်ရှိ တရုတ်ဘုရင် ကြီးသည် ထူးဆန်းသောအိမ်မက်ကို မြင်မက်သည် ။ အရက်တော် ၁၆ပေရှိ ဦးခေါင်းတော်တွင် ရောင်ခြည်တော် စက်ဝန်းထွန်း လင်းနေသော ပုဂ္ဂိုလ်ထူး တဦးသည် ရွှေသင်္ကန်းရုံလျှက် မင်းကြီးရှေ့ မှောက် ကြွရောက်လာသည်ဟု အိမ် မက် မြင်သည် ။ ထိုအိမ်မက်နှင့် ဆက်လျဉ်း ၍ပညာရှိတရုတ် အမတ် ကြီးများက မဇ္ဈိမဒေသတွင် သဗေညု ဘုရား ပွင့်ထွန်းပေါ် ပေါက် ခဲ့ကြောင်းကို ၊ သာသနာနှစ် ၁၀၀၀ နောက်၌ တရုတ်ပြည် တွင် ဗုဒ္ဓသာသနာ တော် ထွန်းလင်း မည်ဟု ဗျာဒိတ်တော်ထားခဲ့ကြောင်းကို လျှောက်ထားရာ တရုတ်ဘုရင်သည် ဗုဒ္ဓရှင်တော်မြတ် ဘုရားကို ပင့်ရန် အနောက်ဘက်တိုင်းပြည်များသို့ တမန်တော်များစေလွှတ်သည် ။ခိုတန်ပြည် သို့ရောက်သော အခါ အရှင်ကဿပ မာတင်္ဂ (မိုထင်)ကို တွေ့၍ တရုတ်ပြည်သို့ပင့်ခဲ့သည် ။ ဗုဒ္ဓပုံတော်ကို ပိတ်ဖြူပေါ်တွင်ရေး၍ ပိဋကတ်ကျမ်းစာများ နှင့်အတူတကွ မြင်းဖြူထက်၌ တင် ဆောင်၍ ပင့်ခဲ့ကြသည် ။

သာသနာနှစ် - (၈) ရာစု
နာဂ္ဂအဇုန ရဟန်းတော်သည် နဂါးပြည်မှ ပိဋကတ်များရရှိ ခဲ့သည်ဟုဆို ၍ မဇ္ဈိမိက သုည ၀ါဒကျမ်းများကို ရေးသားသည် ။ ၎င်းမှ မဟာယနဂိုဏ်းပေါ်ထွန်းခဲ့သည် ။ အိန္ဒိယပြည်တပြည်လုံးတွင် မဟာယန ၀ါဒပြန့်နှံသည် ။ သီဟိုဠ်ကျွန်းတွင် ဝေါဟရတိဿ မင်းက ဝေတုလ္လပိဋက (သဒ္ဓမ္မပုဏ္ဍရိကကျမ်း)ကို မီးရှိ့ ဖျက်ဆီး၍ မဟာယနဂိုဏ်းကို တိုင်း ပြည်မှ နှင်ထုတ်ခဲ့ သည် ။

သာသနာနှစ် - (၉) ရာစု
သီဟိုဠ်ကျွန်းတွင် မဟာသေနမင်းသည် အဘယဂိရိကျောင်းနေ မဟာယန ရဟန်းတော် များကို ကြည်ညို၍ ထေရ ၀ါဒဂိုဏ်း ၏ ဗဟိုဌာန ဖြစ်သော မဟာဝိဟာရကျောင်းနေ ရဟန်း များကို စွမ်းမလောင်းစေရ စွမ်းလောင်းသူကို ဒဏ်ငွေ ၁၀၀ ပေးဆောင်စေရ သည် ။ ဒုဋ္ဌဂါမဏိ မင်းကြီး တည်ဆောက်ခဲ့သော လောဟပါသာဒ ကြေးပြာစသာဒ် ကျောင်းတော် ကြီးကိုဖျက် ဆီးသည် ။ ကျောင်း တိုင်ပါ နုတ်စေ ၍ ကျောင်းဝန်း ကိုပြောင်းခင်းလုပ်စေခဲ့သည် ။အိန္ဒိယ ပြည်တွင် ကလိင်္ဂတိုင်း ဒန္တပူရ မြို့ တွင် ဂုဟသီဝမင်းကို ဟိန္ဒူ ဘုရင်များက တိုက်ခိုက်ရာ ဂုဟသီဝမင်း စစ်ပွဲ ၌ကျဆုံးသည် ။ ဟေမမာလာသည် မြတ်စွာဘုရား၏ စွယ်တော်ကို ဆံထုန်းကြား၌ ၀ှက်ယူ၍ သီဟိုဠ်ကျွန်းသို့ ထွက်ပြေးခဲ့ရ သည် ။ သီဟိုဠ် ဘုရင် ကိတ္တိသိရိမေဃ မင်းက ကြိုဆိုလက်ခံ ၍ စွယ်တော်ကိုထိမ်းသိမ်း စောက်ရှောက်ခဲ့ ရာ ယနေ့ အထိ သီဟိုဠ်ကျွန်း စွယ်တော်တိုက် ၌ ဆက်လက်တည်ရှိနေသည် ။

သာသနာနှစ် - (၁၀) ရာစု
မဟာယန ၀ိညာဏ၀ါဒဂိုဏ်းကို စတင်တည်ထောင်သော ကျမ်းပြုဆရာ အသင်္ဂနှင့် ၀သုဗန္ဓု တို့ညီနောင်နှစ်ပါးပေါ်ထွန်းခဲ့သည် ။ အိန္ဒိယပြည်တွင် ဂုတ္တမင်းများက နာလန္ဒ တက္ကသိုလ် စသော မဟာယန တက္ကသိုလ် ကျောင်းကြီးများ တည်ထောင်ပေးသည် ။
ဂုတ္တမင်းများမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြ ၍ ထိုခေတ်အိန္ဒိယ ပြည် ဗုဒ္ဓဘာသာမှာလည်းဟိန္ဒူဝါဒနှင့် ညီအကို ဖြစ်နေသည် ။ ထေရ၀ါဒဂိုဏ်း ၌ အဋ္ဌကထာဆရာကြီး အရှင်မဟာ ဗုဒ္ဓဃောသ ပေါ်ထွန်းသည် ။ အိန္ဒိယပြည်သား ရဟန်းတော်များသည် တရုတ်ပြည် သို့သာသနာပြုကြွခဲ့ကြ ၍ တရုတ်ရဟန်းတော်များလဲ အိန္ဒိယပြည်သို့ ပညာတော်သင် ကြွခဲ့ ကြသည် ။တရုတ် ရဟန်း တော်ဖာဟိယန်သည် ဂိုဘီသဲကန္တာရကြီး ကို အဖော်မပါတယောက်တည်း ဖြတ်သန်းခဲ့ ၍ အိန္ဒိယပြည်အရောက် ၆ နှစ်ကြာ ခရီးနှင် ခဲ့သည် ။အိန္ဒိယပြည်တွင် ၇ နှစ်ကြာပညာသင်ခဲ့ ၍ တရုတ်ပြည် သို့ ပိဋကတ်တော်များ သယ်ဆောင်ခဲ့သည် ။ အင်ဒိုနီးရှား၊ မလေးရှား ၊ ကမ္ဘောဒီးယားတို့တွင် မဟာယန ဗုဒ္ဓသာသနာ ထွန်းကားကြောင်း မှတ်တမ်း တင် ခဲ့သည် ။ အရှင်ကုမာရဇီဝ တရုတ် ပြည် သို့ကြွရောက် ၍ သာသနာပြုခဲ့သည်။ သာသနာ့ ဒါယကာ ချင်မင်း ဆက်ပြုတ်၍ မွန်ဂိုမင်း နှင့်တောင်ပိုင်း ဆွန်မင်းများက ဗုဒ္ဓဘာသာကို ညှဉ်းပန်းနှိပ် ဆက်ကြသည် ။ မွန်ဂိုဘုရင် သည်ဆင်းတုတော်များကို ဖြတ်ဆီး၍ ပိဋကတ် ကျမ်းစာများကို မီးတိုက် သည် ၊ ဘုန်းကြီးရဟန်းများကို သတ်သည် ၊၊ ပြည်သူလူထု မကြေနပ် သဖြင့် လူထုကို နှစ်သိမ့်စေရန် ပေ ၅၀ မြင့်သောကြေးဆင်းတု ကြီး တဆူသွန်းလုပ်၍ ရွှေချ ပေးသည် ၊ တမြို့ လျှင် ကျောင်းတိုက်တခုဆီ ဆောက်လုပ်၍ ရဟန်း ၅၀ သီလရှင် ၅၀ ပြုခွင့် ပေးပြန်သည် ။

သာသနာနှစ် - (၁၁) ရာစု
တရုတ်ပြည်တွင် ကျောင်းတိုက်ပေါင်း ၁၃၀၀၀ ရှိ၍ မဟာယာန ဗုဒ္ဓဘာသာရွှေခေတ်ဟု ခေါ်လောက်သည် ။ အရှင်ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ဈင်ဂိုဏ်း ကို တည်ထောင်သည်။ ကိုရီးယားပြည် သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိသည် ။ ဂျပန်နိုင်ငံ သို့ ဗုဒ္ဓရုပ်ပွားတော် စတင်ရောက်ရှိသည် ။

သာသနာနှစ် - (၁၂) ရာစု
အိန္ဒိယပြည်တွင် မဟာယာနမှ ၀ိဇ္ဇာယာန အဖြစ်သို့ ပြောင်းလဲခဲ့ သောဝိဇ္ဇာဘုန်းကြီးများ ခေတ် စားခဲ့သည် ။အာရေဗျပြည် မက္ကာမြို့ တွင် တမန်တော်မို ဟာမက်ပေါ်ထွန်း၍ အစ္စလမ် ဘာသာ ပေါ်ပေါက်လာသည်။ အစ္စလမ်ဘာသာဝင် အာရပ် တမျိုးသားလုံး စည်းလုံး ညီညွတ်၍ တူရဂီ ၊ ပါရှား ၊ အာဖဂန်နစ်စတန် အထိအောင် နိုင်၍ အစ်စလမ် သာသနာတော် အောက်ရောက် စေခဲ့ သည် ။
တရုတ်ပြည်တွင် တန်မင်းဆက် ကော်စုဘုရင်က ဘုန်းကြီးနှင့် မယ်သီလရှင် များရှိ ခြင်းကြောင့်  တိုင်းပြည် ၌ လူဦးရေနည်းပါး၍ စီးပွားရေးဆုတ်ယုတ် သည်ဟု ယူဆသဖြင့် ရဟန်း မ၀တ်ရန် ၊ သီလရှင်မ၀တ်ရန် ခြုတ်ခြယ်သည် ။ ယူအန်ဆောင်ဘုရင်လက်ထပ် ၌ ရဟန်း ၁၂၀၀၀ ကိုလူထွက်စေ၍ တဖန်ထိုမင်းသည်ပင် သာသနာကို ကြည်ညို၍ သာသနာ့ ဒါယကာခံယူပြန်သည် ။တရုတ် ရဟန်းတော် ဟူရင်ဆန် (ဟိယင်ဆိုင် = ယွှန်ချွန်း = ယွန်ချောင်း)သည် အိန္ဒိယ ပြည်သို့ ကြွ၍ ၁၄ နှစ်ကြာပညာသင်ခဲ့သည် ။
ဂျပန်ပြည်တွင် ဆူမိကို (ဆွိကို) ဘုရင်မကြီးလက်ထက်ရှိုတိုကု တိုင်းရှိ မင်းသားကြီး ၏ ကြိုးပမ်း မှူကြောင့် ဂျပန်တပြည်လုံး မဟာယန ဗုဒ္ဓဘာသာကို ကိုယ်းကွယ်ခဲ့ကြသည် ။ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေး ဥပဒေကိုရေးဆွဲခဲ့သည် ။
တိဗက်ပြည်သို့ ဗုဒ္ဓသာသနာတော်စတင်ရောက်ရှိသည် ။ ဘုရင်ကိုးကွယ်ခံရ၍ နိုင်ငံတော် ဘာသာ ဖြစ်ခဲ့သည် ။ အရှင်သန္တရက္ခိတ နှင့် ပဒုမသမ္ဘ၀ိတို့ ကစတင်သာသနာ ပြုခဲ့သဖြင့် တိဗက်လားမား တိဗက်လားမား ဗုဒ္ဓဘာသာစတင်ပေါ်ပေါက်ခဲ့သည် ။ လားမားဗုဒ္ဓ ဘာသာသည် ဆစ်ကင်းပြည် ၊ ဘူတန်ပြည် ၊ မွန်ဂိုလျပြည် ဆိုဗီယက်နိုင်ငံ များသို့ ပြန့်နှံ ခဲ့သည် ။မြန်မာနိုင်ငံတွင် ပုပ္ပါးစော ရဟန်းမင်း က သုမုန္ဒရီမင်း ဖြိုးကြွင်းသက္ကရာဇ် ၅၆၀ ကိုချေ၍ ၂ခုကြွင်းထားကာ မြန်မာသက္ကရာဇ် ၂ နှစ်ဟုစတင်ရေတွက်သည် ။ ယနေ့လက်ရှိ မြန်မာ သက္ကရာဇ် ၏အစဖြစ်သည် ။

သာသနာနှစ် - (၁၃) ရာစု
အိန္ဒိယတပြည်လုံးရှိ ရဟန်းများသည် ၀ိဇ္ဇာဂိုဏ်းသို့ဝင်ကြသည် ။ နတ်ရုတ် ၊ ဘီလူးရုတ် များကို ကန်တော့ ပွဲ ထိုး၍ ဆေးဝါးမန္တရား စီရင်ကြသည် ။ င်္သချိုင်း၌ နေ၍လူဦးခေါင်းခွံတွင် ထမင်း ထည့်စားသောက်ကြသည် ။ လူတို့ကိုခြောက်လှန့် ညာဖြန်းစားကြသည် ။ ဟိန္ဒူဗြဟ္မဏ ဘာသာမှ ပညာရှိ ရှံကရဆရာကြီးသည် ဟိန္ဒူဘုရင်တို့၏ အကူအညီဖြင့် တန္တရ -မန္တရ ဂိုဏ်းဝင် ဗုဒ္ဓဘာသာ ရဟန်းတော်များကို နှိပ်ကွပ်လေရာ အိန္ဒိယပြည်တောင် ပိုင်း၌ သာသနာကွယ်ပခဲ့သည် ။ အာရဗီစစ်ဗိုလ် မိုဟာမက်ဘိန်ကာစင်သည် က္ကုန္ဓုမြစ်ဝှမ်းတ၀ိုက် တိုက်ခိုက် သိမ်းပိုက်သည် ။တရုတ်ရဟန်းတော် အိဆင် (ယိကျင်)သည် ရေလမ်းခရီးဖြင့် အိန္ဒိယသို့ကြွ၍ ၂၂ နှစ်ကြာပညာသင်ကြားခဲ့သည်။ တရုတ်ပြည်တွင် မင်းညီမင်းသား မှူးမတ် သူဌေးသူကြွယ် ကုန်သည်လယ်လုပ် လူတန်းစားအားလုံးမှ ရဟန်းဝတ်သူ ၊ သီလရှင်ဝတ်သူ အလွန်များပြား သည် ။ ဂျပန်ပြည်တွင် ဘုရင်များက ဘုရားတည် ကျောင်းဆောက် ပြုလုပ်ခဲ့ ကြသည် ။

သာသနာနှစ် - (၁၄) ရာစု
တရုတ်ပြည်တွင် ၀ူဆောင်ဘုရင်သည် တာအိုဘာသာဝင် ဖြစ်၍ ဘုန်းကြီးကျောင်း ပေါင်း ၄၀၀၀၀ ကျော်ဖျက်ဆီးသည်။ ရဟန်းပေါင်း ၄၆၀၀ အသတ်ခံရသည်။ ရဟန်းနှင့် သီလရှင် ၂၆၀၀၀၀ လူသတ်လဲကြရသည် ။ ကြေးစည်ခေါင်းလောင်များကို ဒင်္ဂါးပိုက်ဆံ သွန်း ခဲ့သည်။ ဤသို့ပြုလုပ် ၍ ၂ နှစ်အကြာတွင် ဘုရင်ကြီးမကျန်းမာ၍ နှုတ်ဆွံ့ အ၍ စကားမပြော နိုင် ဖြစ်သွားသည် ။ ထိုအခါဘုရင်ကြီး ထိတ်လန့် ၍ အမိန်တော်ကို ပြန်လည်ရုပ်သိမ်းပြီးလျှင် အကန့်သတ်ဖြင့် ရဟန်းပြုခွင့်ပေးသည် ။တိဗက်ပြည်တွင် ဗုဒ္ဓသာသနာ တော်ကိုတရားလွန်ချီးမြှောက်ထောက်ပံ သော ရာလ်ပချန် ဘုရင် နတ်ရွာစံပြီးနောက် ဘုရင်လံဓရ်မသည် ဘုန်းကြီးကျောင်းများကို ဖြတ်ဆီး ၍ ပိဋကတ်ကျမ်းစာများကို မီးရှို့ သည် ။ ဗုဒ္ဓရုပ်တုများကို မြေမြှပ်ပစ်သည် ။ ဥပုသ်စောင့်မှူ ရဟန်းခံ ရှင်ပြုမှူများကို တာမြစ်ပိတ်ပင် သည် ။ ရဟန်းများကိုပြည်နှင်ဒဏ်ပေး၍ ထွက်မပြေး နိုင်သောရဟန်းများကို လူဝတ်လဲစေ၍ မုဆိုးတံငါလုပ် စေသည်။

သာသနာနှစ် - (၁၅) ရာစု
ပုဂံပြည်တွင် ညောင်ဦးစောရဟန်း (တောင်သူကြီး)မင်းဖြစ် ၍ ရှင်မထီးအရည်းကြီး ဂိုဏ်းကို ချီးမြှောက်ထောက်ပံသည် ။ အိန္ဒိယပြည် မထုရာမြို့  ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက တည်ထောင်ခဲ့သော ၀လဘိတက္ကသိုလ် ၊ မဂဓတိုင်း မဟာယာန ဂိုဏ်း ကတည်ထောင် ခဲ့သော နာလန္ဒတက္ကသိုလ် ၊ ဘင်္ဂေါနယ်ရှိ သြဒန္တပူရီတက္ကသိုလ် ကျောင်းတိုက်ကြီးများကို ၀ိဇ္ဇာဂိုဏ်းဝင်ရဟန်းများလွှမ်းမိုး လေ သည်။

သာသနာနှစ် - (၁၆)ရာစု
ဝိက္ကမသီ လာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး အတိဆာခေါ် ဒီပင်္ကရ သီရိညဏသည် တိဗက်ပြည်သို့ သာသနာပြုကြွသည် ။
ခိုတန် ပြည် ကို ယူဆစ်ကဒရ်ခန်ဦးဆောင်သော တူရကီစစ်တပ်ကသိမ်းပိုက်ရာ ဗုဒ္ဓသာသနာ ကွယ်ပ၍ တာကစ်စတန်နိုင်ငံ အဖြစ် သို့ရောက်သည်။သုဏ္ဍဘုမ္မိ သထုံပြည် တွင် မနူဟာမင်းကြီးသည် ၀ိဇ္ဇာဂိုဏ်းဝင်ဘုန်းကြီးတပါးကို နန်းဦး ဆရာတော်ပြု ကိုးကွယ် သည် ။ ဇောဂျီဖိုဝင်သားစားရလျှင် လူစွမ်းကောင်းဖြစ်နိုင်သည်ဟု မက်လုံးပြ ၍ ၀ိဇ္ဇာဂိုဏ်းက ဘုရင်ကိုစည်းရုံးထားရာ သထုံပြည် တွင်ထေရ၀ါဒ သာသနာ မျက်နှာ ငယ်နေရသည်။ ထိုအချိန်တွင် ရှင်အရဟံသည် သထုံမှပုဂံပြည်သို့ကြွလာ၍ သာသနာပြု ရာ အနော်ရထာမင်းကြီးသည် ရှင်မထီးကြီးတို့၏ အရည်းကြီးသာသနာကို နှိပ်ကွပ် ၍ ထေရ၀ါဒသာသနာကို ချီးမြှောက်ထောက်ပံသည်။ သထုံမှကျမ်းဂန်တတ် ဆရာတော်သံဃာ တော် များနှင့် ပိဋကတ်တော်များကို ပုဂံပြည်သို့ ပင့်ဆောင်၍ ကိုးကွယ်ချီးမြှောက်ထောက် ပံသည်။

သာသနာနှစ် - (၁၇) ရာစု
သီဟိုဠ်ကျွန်းတွင် ပရက္ကမဗာဟုမင်းကြီးလည်း တမီလ်နိုင်ငံကိုပါ တိုက်ခိုက်အောင်နိုင် သည်။ မဟာယန အနွယ်အဘရဂိရိတိုင်းသား များ ကို လူဝတ်လဲစေသည်။ သီဟိုဠ်ကျွန်းရှိ သံဃာအားလုံးကို မဟာဝိဟာရဂိုဏ်း တခုတည်းဖြစ်အောင် ပူးပေါင်း စေသည်။ သီဟိုဠ် ကျွန်း တခုလုံးတွင် ဂိုဏ်းကွဲမရှိ မဟာဝိဟာရတဂိုဏ်းတည်းသာရှိစေသည်။အလောင်းစည်သူ မင်းကြီးလက်ထပ်တွင် သီဟိုဠ်ကျွန်းမှ ပြန်ကြွလာသော မြန်မာပြည် သားရဟန်းတော် အရှင်ဆပ္ပဒက ဂိုဏ်းသီးခြားတည်ထောင်သဖြင့် ပုဂံပြည်တွင် ပုရိမသံဃာ နှင့် ပစ္ဆိမ သံဃာဟူ၍ နှစ်ဂိုဏ်းကွဲကြသည် ။ သထုံမှလာသော ရှင်အရဟံအနွယ်များကို ပုရိမသံဃာဟုခေါ်ကြ ၍ အရှင်ဆပ္ပဒ အဆက်အနွယ် များကို ပစ္ဆိမသံဃာ ဟုကြသည် ။ပုဂံနှင့်သီဟိုဠ်တို့ အချင်းချင်း သာသနာရေးဆက်သွယ်မှူပြုကြသည်။အိန္ဒိယအနောက်ပိုင်း နှင့် အလယ်ပိုင်း မဂဓတိုင်းတို့ကို တူရဂီအနွယ်တို့က သိမ်းပိုက်သည် ။ နာလန္ဒတက္ကသိုလ် ၊ ၀ိက္ကမသီလာတက္ကသိုလ် ၊ ဇဂ္ဂဒ္ဒလ တက္ကသိုလ် စသည်ဖြင့် ဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းတော်ကြီးများ ဖျက်ဆီးခံရသည် ။ အိန္ဒိယပြည်တွင် ရဟန်းတော်များ ထောင်သောင်းချီ၍ အစုအလိုက် အပြုံလိုက် သတ်ခံကြရသည်။


သာသနာနှစ် - (၁၈) ရာစု
ဘင်္ဂလား(၀င်္ဂတိုင်း)ပြည် ပါလမင်းများအနေဖြင့် တိုင်းပြည်လုံခြုံမှူ ကာကွယ်ရေးအတွက် ကိုးကွယ်အားထားနေသော သြဒန္တပူရိ တက္ကသိုလ် ကျောင်းကြီးအတွင်းရှိ ၀ိဇ္ဇာဘုန်းကြီးများကိုမိုဟာမေဒင်မြင်းစီးတပ် သား ၂၀၀ က သတ်ဖြက်မီးရှို့  ဖျက်ဆီး၍ ဘင်္ဂလားတပြည်လုံးကို သိမ်းပိုက်ခဲ့သည်။ ၀ိဇ္ဇာဘုန်းကြီးများ၏ နတ်ရုပ်များ ၊ မန္တန်များ ၊ အင်းအိုင်များ ၊ ခလှဲများသည် တစုံတရာ အကာအကွယ် မပေးနိုင်သဖြင့် ၀ိဇ္ဇာဘုန်းကြီး များ၏ လိမ်ညာဝါကြွားမှူ ပေါ်သွား သည် ။ ဗုဒ္ဓသာသနာတော်သည် အိန္ဒိယပြည်မှ လုံးဝပြောက်ကွယ်သွားလေသည် ။ဂျပန်ပြည်တွင် အမိတာဘုရားကိုးကွယ်သော ဂျိုဒိုဂိုဏ်းဝင် ဂျပန်မင်းမျိုးမင်းနွယ် မှ ရဟန် ပြုသော ရှိုနင်သည် အိမ်ထောင်ပြုသောဂိုဏ်းကိုစတင်တည်ထောင်သည် ။ ထိုဂိုဏ်းကို “ရှင်” ဂိုဏ်းဟုခေါ်သည် ။
နောက်ပိုင်းတွင် ဂျပန်ပြည်ရှိ အခြားသော ဗုဒ္ဓဘာသာဂိုဏ်းဝင် ရဟန်းများသည်လည်း “ရှင်” ဂိုဏ်းကို အတုယူအားကြ ၍ အိမ်ထောင်ပြုကြသည်။
ဤခေတ်၌ ဂျပန်ပြည် ဗုဒ္ဓဘာသာ ဘုန်းကြီးအားလုံးမှာ လူဝတ်ကြောင်များနှင့် အနေအထိုင် အကြာင့်သီလ ထူးခြားမှူမရှိချေ ၊ ဘုရားတရားကြည်ညို၍ ဘာသာရေးစာပေတတ်ကျွမ်းသူကို (ဘုန်းကြီး = ဘိုစံ) ဟုခေါ်၍ ဘာသာရေးခေါင်းစောင်အဖြစ် အသိ အမှတ်ပြုကြသည်။ထိုင်းနိုင်ငံ သည် စစ်အင်အားကောင်းလာ၍ ကမ္ဘောဒီးယား သြဇာရိပ်မှ လွတ်ကင်းခဲ့ သည်။ ထေရ၀ါဒသာသနာ ကို ချီးမြှောက်ထောက်ပံသည်။ သီဟိုဠ် နှင့် သာသနာရေး ဆက် သွယ် မှူပြုခဲ့သည်။

သာသနာနှစ် - (၁၉) ရာစု
မြန်မာနိုင်ငံ ပင်းယနေပြည်တော်တွင် ဂါမ၀ါသီရဟန်း ၊ အရည၀ါသီ ရဟန်းနှင့် အရည်းကြီး အနွယ်ဝင်ရဟန်းများ အင်အားတူရှိ နေခဲ့သည်။ တရုတ်ပြည်တွင် ကုဗလိုင်ခန့်မင်းကြီးသည် မဟာယနဗုဒ္ဓဘာသာနှင့် တိဗက်လားမား ဗုဒ္ဓဘာသာကို ချီးမြှင့်ထောက်ပံခဲ့ သည် ။ တိဗက်ပြည်ကို ရဟန်းမင်း (ဘုန်းကြီးဘုရင်)များက အုပ်စိုး ကြသည်။ အ၀လောကိတေသရ ဘုရားလောင်းသည် လူဝင်စား ဖြစ်လာ၍ ရဟန်း မင်းအဖြစ် အုပ်ချုပ်ရသည် ။ သာသနာပိုင်ရဟန်းမင်းကြီး သေဆုံးလျှင် အသစ်တဖန်ပြန်လည် ၀င်စား၍ ဆက်လက် အုပ်ချုပ်ရသည် ။

သာသနာနှစ် - (၂၀) ရာစု
ထိုင်းဘုရင် သီရိဓမ္မစက္က၀တ္တိတိလက ရာဇာဓိရာဇာသည် ဇင်းမယ်မြို့ ၌ သင်္ဂါယနာတင်ပွဲ ပြုလုပ်ခဲ့သည် ။ ပဲခူးဟံသာဝတီ နေပြည် တော်တွင် ဓမ္မစေတီမင်းကြီးသည် ရဟန်းတော် ၄၀ ကို သီဟိုဠ် သို့လွှတ်၍ သိက္ခာအသစ်ယူ (ရဟန်းခံ)စေသည်။ သီဟိုဠ်မှပြန်ကြွ လာသော ရဟန်းသစ်များ ဖြင့် ကလျာဏီသိမ်ကြီး ကို သမုတ်သည်။ အောက်မြန်မာနိုင်ငံရှိ ရဟန်းတော်အားလုံးကို သိက္ခာ ချစေ၍ ထိုသိမ်၌ သိက္ခာအသစ်ယူ (ရဟန်းခံ)စေသည် ။ သံဃာတော်များကို ပရိယတ္တိ ၊ ပဋိပတ္တိ လုပ်ငန်း ၂ မျိုး၌ သာ အားထုတ်စေ၍ ဗေဒင်ဟော ၊ ဆေးကု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ စီးပွားရေး လုပ်သော ရဟန်းအားလုံးကို လူဝတ်လဲစေခြင်းဖြင့် သာသနာ တော် သန့် ရှင်းစင်ကြယ်ရေးကို ဆောင်ရွက်ခဲ့သည်။ မလ္လာယု ကျွန်းဆွယ် နှင့်သုဝဏဒီပခေါ် အင်ဒိုနီးရှား နိုင်ငံ၌ အာရပ်သဘောင်္သား ကုန် သည် များရောက်ရှိ ၍ အစ္စလမ်သာသနာပြုကြသည် ။

သာသနာနှစ် - (၂၁) ရာစု
အင်ဒိုနီးရှားနှင့် မလ္လာယုကျွန်း ဗုဒ္ဓသာသနာတော်ကွယ်ပ၍ အစ္စလမ်သာသနာ ထွန်းကားလာသည် ။ အင်းဝနေပြည်တော်တွင် သိုဟန်ဘွားနန်းစံ ၍ ရဟန်း ၃၀၀၀ ခန့်သတ်ဖြတ်ခံရသည် ။ ပိဋကတ်ကျမ်း စာများကိုမီးတိုက်သည်။

သာသနာနှစ် - (၂၂) ရာစု
သီဟိုဠ်ကျွန်းတွင် ပထမရာဇ သီဟဘုရင်သည် ဖခင်ကို သတ်၍ နန်းတက်သည် ။ ရဟန်းများကို သတ်၍ ပိဋကတ်ကျမ်းဂမ်တို့ကို မီးရှို့ သည် ။ ထို မင်းနန်းကျ ၍ ၀ိမလဓမ္မသူရိယ မင်းလက်ထက်၌ ယိုးဒယားနှင့် ရခိုင်မှ သံဃာတော်များ ပင့်၍ သီဟိုဠ် ၌ သာသနာ ကိုပြန်လည် အသက်ဆက်ရသည် ။ မြန်မာနိုင်ငံ တွင်ငဇင်ကာသည် သန်လျှင်၌ အခြေစိုက်၍ ဘုရားပုထိုးများဖျက်သည် ။ ဗုဒ္ဓ ဘာသာ ၀င် လူထုကို ဘုရင်ဂျီ ဘာသာသို့ အဓမ္မသွတ်သွင်းခဲ့သည် ။

သာသနာနှစ် - (၂၃) ရာစု
တရုတ်ပြည်တွင် မန်ချူး မင်းဆက် ကန်ဆီ ဘုရင် ကရဟန်းတပါးလျှင် သာမဏေတပါး သာ ထားခွင့်ပြု သည် ။ ကျောင်းတိုက် ကြီးများ၌ သာရဟန်းခံခွင့် ပြုသည် ။ မြန်မာနိုင်ငံ ဗုဒ္ဓ သာသနာတော် တွင် တုံဂိုဏ်း ရုံဂိုဏ်း ကွဲပြားခဲ့သည် ။

သာသနာနှစ် - (၂၄) ရာစု
သီဟိုဠ်ကျွန်းသည် အင်္ဂလိပ်လက်အောက် သို့ကျရောက်ခဲ့သည် ။ ဘိုးတော်မင်း တရားကြီး လက်ထပ်တွင် သီဟိုဠ်ကျွန်းမှ ရဟန်းများ သည် အမရပူရနေပြည်တော်သို့ ကြွလာ ၍ သိက္ခာ တင်ကြသည် ။ သီဟိုဠ်သို့ပြန်၍ အမရပူရဂိုဏ်း သီးခြားတည်ထောင်သည် ။
ယိုးဒယားပြည် တွင် အယုဒ္ဓယမြို့ ပျက်ဆီးပြီးနောက် သင်္ဂါယနာတင်ပွဲကို တနှစ်ကြာ ပြုလုပ်ကြင်းပခဲ့သည်။

သာသနာနှစ် - (၂၅) ရာစု
မန္တလေးနေပြည်တော်တွင် မင်းတုံးမင်းတရားကြီး ၏ အထောက်အပံခံယူ ၍ ပဉ္ဓမသင်္ဂါ ယနာတင်ခဲ့သည် ။ ဂျပန်ပြည်တွင် မေဂျီဘုရင်ခေတ်၌ ဘာသာတရားအားလုံး ကို တန်းတူညီမျှ လွတ်လပ် ခွင့် ပြုလိုက်ရာ ဗုဒ္ဓဘာသာအားနည်း၍ ရှင်တို ဘာသာ အားကောင်းလာသည် ။ တရုပ်ပြည်တွင် ဒေ့က်တာဆွန်ယက်ဆင် ဦးစောင်၍ သမ္မတနိုင်ငံထူထောင်ပြီး သောအခါ ဘုန်းကြီးကျောင်း များကို ပြည်သူပိုင် အဖြစ်သိမ်း၍ စာသင်ကျောင်ပြုလုပ်ရာ ပြည်သူတို့ က မကျေ နပ် သဖြင့် အလျှောပေးခဲ့ ရသည် ။ မြန်မာနိုင်ငံ တွင် မြန်မာ ၊ သီဟိုဠ် ၊ ယိုးဒယား ၊ ကမ္ဘောဒီးယား ၊ လာအို ၊ ထေရ၀ါဒ ၅ နိုင်ငံစုပေါင်း ၍ ဆဋ္ဌသင်္ဂါယနာတင် ပွဲကြီး ကျင်းပခဲ့ သည်။



ဤတွင် သာသနာ ၂၅၀၀ အကျဉ်း ပြီး၏ ။

အင်တာနက်မှ ရှာဖွေ တင်ပြထားခြင်းမျှသာ ဖြစ်ပါသည်။

မောင်ပညာ (မန်းတက္ကသိုလ်)

January 27, 2010

အရင်းလေးတော့ မဆုံးစေချင်


ဘာသာတရားများ

ကမ္ဘာပေါ်တွင် လူသားများ သန်းပေါင်း ထောင်နှင့်ချီ၍ ရှိကြသည်။ ထိုလူသားများတွင် လိုချင်မှု အမျက်ထွက်မှု၊ တွေဝေငေးမောမှုများ လူတိုင်း ကိုယ်စီ ရှိကြ၏။
လိုချင်မှု၏ နောက်ကွယ်တွင် တပ်မက်မှု၊ သံယောဇဉ် ရှိမှု စသည်တို့နှင့် ဆက်နွှယ်နေသော လောဘအရင်းခံသည့် အကြောက်တရားများ၊ ပူပန်စိုးရိမ်မှုများ၊ ထိတ်လန့်စရာများ ရှိကြပြန်၏။
ထိုအကြောက်တရားများ ပူပန်စိုးရိမ်မှုများ၊ ထိတ်လန့်စရာများ ကွယ်ပျောက်စေရန် လူသားတို့သည် မိမိတို့၏ စိတ်ကို အေးငြိမ်းအောင် လုပ်ဆောင် ရှာဖွေကြရင်းဖြင့် လူသားတို့၏ အတ္တနှင့် လောဘကို အခြေခံလဆက် ဘာသာတရားများ အသီးသီး ပေါ်ပေါက်လာရခြင်းဖြစ်၏။

ကိုးကွယ်ဆည်းကပ်

လူသားတိုင်းသည် ဘ၀၏ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း စသည်တို့ကို အလိုရှိကြ၏။ လူသားတို့ အလိုရှိကြသော အရာများသည် စိတ်၏ ခံစားမှုနှင့် လိုရင်းအားဖြင့် သက်ဆိုင်၏။
လူသားတို့က ရုပ်ဒြဗ် ပစ္စည်းဝတ္ထုများနှင့် အဆောင်အယောင်များက ငြိမ်ချမ်း ပျော်ရွှင်များကို ပြည့်ပြည့်၀၀ ပေးနိုင်မည်ဟု မျှော်လင့်နေကြ၏။ သို့သော် ထိုအရာများက အဆုံးစွန်အထိ ပြည့်ပြည့်၀၀ မပေးနိုင်ကြ။ တဒင်္ဂခဏသာ ဖြေဆည်ရာအဖြစ် ပေးစွမ်းနိုင်ကြပြီး ကြာတော့လည်း ရိုးအီ သွားကြပြန်၏။
ဘာသာတရားများကသာ လူသားတို့ အလိုရှိနေသော စိတ်၏ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းများကို ထာဝစဉ် ပေးစွမ်းနိုင်ကြ၏။ ထို့ကြောင့် ဘာသာတရားများကို အသိဉာဏ်ရှိသော လူသားတို့ ရှာဖွေ ဆည်းကပ် ကိုးကွယ်ကြခြင်း ဖြစ်ပေမည်။

စဉ်စားစရာများ

သို့သော် မိမိတို့ ကိုးကွယ်နေသည့် ဘာသာတရားက စိတ်၏ ပျော်ရွှင်ငြိမ်းချမ်းမှုများ အမှန်တကယ် ပေးနိုင်၊ မပေးနိုင် ဆိုသည်ကိုတော့ အသိဉာဏ်ရှိသော လူသားတို့ အသေအချာ စိစစ် စဉ်းစားရာ၏။
ဘာသာတရားများသည် ကိုးကွယ်သူ လူသားများအား ကောင်းကျိုးချမ်းသာများကို ပေးစွမ်းနိုင်ကြသလို၊ ဆိုကျိုးများကို ပေးစွမ်းနိုင်ကြပါသလော?၊ ဘာသာတရား ကိုးကွယ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးအပြစ်တို့ကိုလည်း သတိချပ်သင့်လှ၏။
လူ့ဘ၀သည် တန်ဖိုး အလွန်ကြီးမားလှ၏။ တန်ဖိုးကြီးမားသော လူ့ဘ၀ကို ရရှိသော လူသားတို့အဖို့ မိမိကိုယ်ကို မိမိ ဂုဏ်ယူသင့်၏။ လူသားသည် အသိဉာဏ်ပညာရှိ၏။ စဉ်းစားတွေးခေါ်တတ်၏။ အကောင်းအဆိုးကို သိ၏။ ဆင်းရဲမျိုးစုံကို ခံစားကြရသည့်အခါ ပူပန်မှု သောကတွေက တသီတတန်း။ ချမ်းသာသုခကို ခံစားကြရသည့်အခါ ပျော်မဆုံး ရွှင်မဆုံး တပြုံးပြုံး။ ပြုံးတစ်လှည့် မဲ့တစ်ခါ လူ့ဘ၀ လူ့အရသာများကို ခံစားကြ၏။
ချမ်းသာသုခကို ခံစားကြရသည့်အခါ လူ့ဘ၀ လူ့လောကကြီးကို မေ့လျော့ နေတတ်ကြသော်လည်း ဆင်းရဲဒုက္ခကို ခံစားကြရသည့်အခါ အားကိုးရာကို အလျင်အမြန် ရှာဖွေကြတော့၏။ အချို့လူသားက မိဘတွေကို အားကို၏။ အချို့က ဆွေမျိုး၊ အချို့က ညီအစ်ကို မောင်နှမ၊ အချို့က အာဏာပိုင် အဖွဲ့အစည်း၊ အချို့က ဗေဒင်ဆရာ၊ အချို့က ဘိုးတော်၊ နတ်ကတော်၊ အချို့ ရိုးရာနတ်များ စသည်ဖြင့် အားကိုရာကို အသီးသီး ရှာဖွေကြ၏။
မိမိတို့ ရှာဖွေကြသော အားကိုးရာများသည် အမှန်တကယ်ပင် အားကိုးထိုက်ပါသလော?။ ဆင်းရဲဒုက္ခ သောကဝေဒနာမီးများကို ဆုံးခန်းထိအောင် ဖယ်ရှားပေးနိုင်သည့် စွမ်းရည်သတ္တိထူးများ ရှိပါသလော။ စဉ်းစား ဆင်ခြင် သုံးသပ်၍ ဘာသာတရား ကိုးကွယ်မှုအတွက အသေအချာ စဉ်းစား ဆုံးဖြတ်ကြရာ၏။

စစ်ကြော ဝေဖန်သင့်

လူသားတို့ အမိဝမ်းကြာတိုက်၌ ကိန်းအောင်း (ပဋိသန္ဓေ) နေခဲ့ချိန်မှ စ၍ ဆင်းရဲမျိုးစုံ အဖုံဖုံကို ခံစားခဲ့ကြရ၏။ မိခင်၏ အသွားအလာ အစားအသောက် အနေအထိုင် မဆင်ခြင်မှုတို့ကြောင့် ရင်သွေးများ ဆင်းရဲမျိုးစုံ အဖုံဖုံကို ပို၍ပို၍ ခံစားကြရန်၏။
တဏှာ လောဘစသည့် ကိလေသာတရားများ ဖုံးလွှမ်း ဖိစီး နှိပ်စက်မှုတို့ကြောင့် ကြီးပြင်းလာသောအခါ ကိုယ်ဝန်ရှိစဉ်က ခံစားခဲ့ရသော ဆင်းရဲမှုများကို လူသားတို့ အမှတ်မရ သတိမရကြတော့ချေ။
များသောအားဖြင့် အမိဝမ်းကြာတိုက်မှ မွေးဖွားလာကြသည့် လူသားအားလုံးလိုလို “ငိုခြင်းသဘော”ဖြင့် လူ့လောကထဲ ၀င်ရောက်လာကြခဲ့၏။ လူ့လောက လူ့ဇာတ်ခုံပေါ်သို့ ကန့်လန့်ကာဖွင့် ၀င်ရောက်လာကြသော ဥမမယ်အရွယ် ကလေးငယ်တို့၏ ငိုခြင်းသဘောကိုလည်း အသိဉာဏ်ရှိသော လူသားတို့ စဉ်းစားတွေးခေါ် စစ်ကြော ဝေဖန်သင့်လှ၏။

ကုန်ဆုံးသွားချိန်များ

လူသားတို့ မွေဖွားလာခဲ့ချိန်မှ စတင်၍ စကားပြောတတ်ရန် ၅-နှစ်သား အရွယ်လောက်အထိ အမိအဖတို့၏ သွန်သင် ဆုံးမမှုများအောက်တွင် နေကြရ၏။ ထို့နောက် အတတ်ပညာ ရှာဖွေခြင်းစသည်ဖြင့် အနှစ် ၂၀-ခန့် အချိန်ကုန်ဆုံးကြရပြန်၏ ဘွဲ့ရ၍ အတတ်ပညာ၊ အသိပညာများ သင်ကြားချိန် ပြီးဆုံးသွားပြန်တော့လည်း အနားမနေရ၊ လူ့လောက လူ့ပတ်ဝန်းကျင်တွင် လူတန်းစေ့ နေထိုင်နိုင်ရေးအတွက် စီးပွားဥစ္စာများ ရှာဖွေကြရပြန်၏။
လူတန်းစေ့ နေထိုင်နိုင်ပြီဟု ယူဆကြသော်လည်း လူ့အသုံးအဆောင် ဇိမ်ခံပစ္စည်းများက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် နေ့စဉ်နေ့တိုင်းလို သစ်လွင် ပေါ်ထွက်နေ့သည့်အတွက် ခေတ်နှင့် ရင်ဘောင်တန်းရင်း (သို့) အမီလိုက်ရင်း၊ သားရေး သမီးရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေးစသည်ဖြင့် အရေးကိစ္စ မြောက်များစွာတို့၏ လွှမ်းမိုးမှုအောက်တွင် ခေတ်ရေစီးကြောင်းအတိုင်း မျောပါသွားကြရင်း အချိန်တွေ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးသွားကြရတော့၏။
အချိန်တွေ ကြာလာသည်နှင့်အမျှ အသက်အရွယ်တွေ ကြီးရင့်လာကြ၏။ နောက်ဆုံး ဘ၀၏ သဘောတရားများ၊ ဘ၀၏ အဓိပ္ပါယ်နှင့်တန်ဖိုး၊ ဘ၀၏အမှန်တရားများ၊ အသက်ရှင်နေထိုင်ခြင်း၏ အကျိုးသက်ရောက်မှုများကို မရှာဖွေမိကြတော့ဘဲ သက်တမ်းချိန်များ ကုန်ဆုံးသွားကြရပြန်တော့၏။

အဆင့်အတန်း

ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း၊ ပညာတတ်ခြင်းနှင့် ပညာမတတ်ခြင်း၊ ရာထူးအာဏာ ပါဝါရှိခြင်းနှင့် မရှိခြင်း၊ ရုပ်ချောခြင်းနှင့် ရုပ်ဆိုးခြင်း-စသည်ဖြင့် အဆင့်အတန်းခွဲခြားကြ၊ ကွဲပြားကြသော လူသားတို့အတွက် အဆင့်အတန်း ခွဲခြား၍ မရနိုင်သည်ကား “မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း”ပင် ဖြစ်တော့၏။ ထိုအရာကို ပညာရှင်ကြီးတို့က ဘ၀၏ တူမြဲတရား သုံးပါးဟု ကင်ပွန်းတပ်ခဲ့ကြ၏။
လူဘ၀ရောက်လာသူ လူသားအားလုံး အရင်းမရှုံးဖို့ အရေးကြီး၏။ အမြတ်မရနိုင်စေကာမူ အရင်းအတိုင်း ပုံမှန်လေးတော့ လည်ပတ်စေချင်၏။ နောင်ဘ၀ဆိုသည်မှာ မသေချာသော်လည်း ဒီဘ၀လေးမှာတော့ ငြိမ်းချမ်း ပျော်ရွှင် စေချင်ပါ၏။
လူ့ဘ၀တွင် စီးပွားဥစ္စာ ရှာဖွေခြင်းနှင့် ပတ်သက်၍ အရင်းရှုံးသွားလျင် ယုတ်စွအဆုံး တစ်တ၀စာအတွက် နလန်မထူနိုင်ခြင်း ဖြစ်နိုင်သော်လည်း လူ့ဘ၀အရင်းအနှီးကြီး ဆုံးရှုံးသွားပါက တစ်သံသရာလုံး နလန်မထူဘဲ ရှိချေတော့မည်။

အရေးပါလှ ကလေးဘဝ

ပြောင်းလဲလာသော ခေတ် စနစ်တို့အရ အရာအားလုံးတို့သည် ထိန်းချုပ်၍ မရ၊ ဖြစ် ပျက် ပြောင်းလဲမှုတို့က မြန်ဆန်လွန်းလှ၏။ အရာအားလုံးတို့ တိုးတက်ဖြစ်ထွန်းလာ၏။ အရာအားလုံးတို့ ဆုတ်ယုတ်ပျက်စီးသွားပြန်၏။ တိုးတက်ဖြစ်ထွန်းလာသည်ကား ရုပ်ဒြဗ် ပစ္စည်းဝတ္ထုများ၊ ဆုတ်ယုတ် ပျက်စီးသွားသည်ကား စိတ်ဓာတ် ယဉ်ကျေးမှုများ၊ စဉ်းစားဖို့တို့တော့ လိုမည်ထင်ပါ၏။
ရုပ်ဒြဗ်ပစ္စည်းတို့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပေါ်ထွက်လျက် ရှိကြ၏။ တစ်ခုကို သုံးလို့မှ အားမရသေးခင် အခြားတစ်ခုက အဆင်သင့် အစားထိုး ၀င်ရောက် နေရာယူနှင့်နေပေပြီ။ ရုပ်ဒြဗ် ပစ္စည်းဝတ္ထုများ တိုးတက်ဖွံ့ဖြိုးလာသလို စိတ်ဓာတ်ယဉ်ကျေးမှုများလည်း တိုးတက်ဖွံ့ဖြိုးလာလျှင် သိပ်ကောင်းမှာ-ဟု တွေးနေမိ၏။ ထိုအတွေး၏ နောက်ကွယ်တွင် အရေးပါလှသော ကလေးတို့၏ ဘ၀ကို စဉ်းစားမိလာ၏။

တာဝန်ကျေကြဖို့

ယနေ့တော့ ကလေးဘ၀၊ နောင်သော်လူကြီး၊ ယနေ့တော့ တပည့်၊ နောင်သော် ဆရာ၊ ယနေ့ သားသမီး၊ နောင်သော် မိဘ စသည်ဖြင့် ပြောင်းလဲနေရသည်က ဓမ္မတာ။ လူတိုင်းတွင် တာဝန်ကိုယ်စီ ရှိကြ၏။ ထိုတာဝန်း ၀တ္တရာများကိုလည်း မြတ်ဗုဒ္ဓက အသီးအသီး ညွှန်ကြားထားရှိပြီးဖြစ်၏။ ကိုယ့်တာဝန် ကိုယ်ကျေဖို့တော့ လိုမည်ထင်ပါသည်။

အရင်းလေးတော့ မဆုံးစေချင်

အချုပ်အားဖြင့် လူသားတို့ အားကိုးရာကို ရှာဖွေကြရာတွင် လမ်းဖြောင့် လမ်းမှန်ရောက်ဖို့ အရေးကြီးလှ၏။ ကိုယ်မလုပ်ဆောင်နိုင်သည်နှင့် အမှားများ၊ အသုံးမ၀င်၊ အသုံးမကျသည့် အရာများဟု မဝေဖန်သင့်။ မထင်မြင် မယူဆသင့်၊ လုပ်ဆောင်နိုင်သည်များကို ရွေးချယ် စုစည်း၍ လုပ်ဆောင်သွားကြရပေအုံးမည်။
ကိုယ်ရရှိထားသည့် ဘ၀၊ စည်းစိမ်အပေါ် သာယာ ယဇ်မူး၍ ဇိမ်ခံကာ အလုပ် ဆက်မလုပ်လျှင် စည်းစိမ်ဥစ္စာများ တစ်နေ့တစ်ခြား ပျက်စီး ဆုတ်ယုတ်နိုင်သည်ကို သတိမူသင့်သလို။ အတိတ်ဘ၀က ရရှိထားသည် ကုသိုလ်ကံအပေါ် ရောင့်ရဲတင်းတိမ်၍ ကောင်းမှု ကုသိုလ်များကို ထပ်မံ မပြုလုပ်တော့လျှင် ကောင်းမှုကံ ကုန်ဆုံး ပျက်သုဉ်း၍ မကောင်းသည့် ဘုံဘ၀များသို့ ပြန်လည် ရောက်ရှိသွားနိုင်ကြောင်းကိုလည်း သတိမူသင့်၏။ ယခုလက်ရှိ ရထားသည် ဘ၀မျိုးလေး ပြန်မရနိုင်ကြလျှင် ဘ၀အရင်းပါ ဆုံးရှုံးသွားနိုင်ကြောင်း အသိပေးရင်းဖြင့်။ အရင်းလေးတော့ မဆုံးစေချင်...။

မောင်ပညာ (မန်းတက္ကသိုလ်)

တစ်ခုခုတော့ လုပ်စေချင်


မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်၊ ရတက် မပွေပြီ။ ကံပေါ် ကံဆင့် ကံကိုမြှင့်၊ ဘ၀ တင့်လှသည်။
ကံခိုင် ကံလှ၊ ဒီဘ၀၊ မုချအေးငြိမ်းမည်။

မွေးနေ့အထိမ်းအမှတ်အဖြစ် လူသားတော်တော်များများ လုပ်ဆောင်လေ့ရှိကြတယ်။ ရည်ရွယ်ချက်တော့ တဦးနှင့်တဦး မတူညီနိုင်ကြမယ် မထင်ဘူး။ အမှန်တကယ်တော့ မွေးနေ့ကုသိုလ် ပြုလုပ်ခြင်းဟာ ဗုဒ္ဓဘာသာရှုထောင့်မှ ကြည့်ရင် ကုသိုလ်ဆက်ခြင်းဖြစ်တယ်။ အတိတ်ဘ၀က လုပ်ခဲ့တဲ့ ကုသိုလ်တွေနဲ့ ဒီဘ၀က လုပ်ဆဲ ကုသိုလ်တွေကို ဆက်ပေးလိုက်တဲ့သဘောပါ။

ကုသိုလ်ဆက်ခြင်းအားဖြင့် စိတ်ကြည်လင်အေးချမ်းသွားတယ်။ ကုသိုလ်အပေါ်မှာ ပျော်မွေနေတော့ စိတ်ချမ်းသာ သွားတယ်။ စိတ်ချမ်းသာတော့ ကိုယ်ကျန်းမာတယ်။ ပူပင်သောက စိုးရိမ်ရမှုတွေ ကင်းစင်ပြီး ရတက်မပွေ စိတ်မလေပဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရတယ်။

မွေးနေ့ကုသိုလ် လုပ်တယ်ဆိုတာဟာ ကံဆက်တာပါပဲ။
ရှေးအတိတ်ကုသိုလ်ကံနဲ့ ပစ္စုပ္ပန်ကံကို ဆက်ပေးလိုက်တာပါပဲ။
ကုသိုလ်ကံတွေကို ပေါ်ပေါက်လာအောင် ဖော်ပေးလိုက်တာပါပဲ။

အဲဒီလိုဖော်လိုက်တော့ အတိတ်က ကုသိုလ်ကံတွေ ပေါ်လာတယ်။ အဲဒီအတိတ် ကုသိုလ်ကံကို ပစ္စုပ္ပန်ကံက ထပ်ဆင့်ပြီး မြှင့်တင်ပေးလိုက်တော့ ကုသိုလ်ကံတွေ တစ်ဆင့်ထက်တစ်ဆင့်၊ ရင့်သထက်ရင့်၊ မြင့်သထက် မြင့် မြင့်ပြီးလာတော့တာပဲ။ ကုသိုလ်ကံတွေ မြင့်လာတာနဲ့ မိမိနေထိုင်ရတဲ့ လူ့လောက လူ့ဘ၀ကြီးက တင့်တယ်စရာ ကျေနပ်စရာတွေ ပြည့်နက်လို့ နေတော့တာပဲ။

မွေးနေ့တိုင်းမှာ ကုသိုလ်ဆက်နေတော့ အဲဒီကုသိုလ်တွေ ခိုင်လာပြီပေါ့။ ကုသိုလ်တွေ ခိုင်လာ၊ များလာတာနဲ့ နှစ်သက်ရွှင်လန်းပြီး တည်တည်ကြည်ကြည် ငြိမ်းငြိမ်းချမ်းချမ်း ရှိတော့တာပဲ။ အဲဒီတည်ငြိမ် ငြိမ်းချမ်းမှုရဲ့ နောက်မှာ ထပ်ချက်မကွာ လိုက်ပါလာတဲ့ အမှန်ကို အမှန်အတိုင်း သိမြင်နိုင်တဲ့ အသိထူး အမြင်ထူးတွေ ပေါ်ပေါက်လာနိုင်တယ်။ အသိထူး အမြင်ထူးတွေ ပေါ်ပေါက်လာတာနဲ့ ဒီဘ၀အတွက်သာမက သံသရာအတွက်ပါ ပူပင်ကြောင့်ကျ ဗျာပါရတွေ ကင်းစင်ပြီး ငြိမ်းချမ်းအေးငြိမ်းသွားတော့တာပါပဲ။

မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်က၊ အသက်ခန္ဓာ၊ လွန်ကျန်းမာ၍၊ ဥစ္စာ တန်ခိုး၊ ဖွံ့ဖွံ့ ဖြိုးသည်၊ မွေးနေ့ကုသိုလ်အကျိုးတည်း။

အဲဒီကဗျာကလေးက ငယ်ငယ်ကတည်းက ကြားဖူးနေ၊ ရဖူးနေတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတာလဲ မမှတ်မိတော့ဘူး။ အဲဒီကဗျာလေးကို အမှတ်ရပြီး အထက်က ကဗျာလေးကို ပြန်လည်ခံစားမျှဝေလိုက်တာပါ။
ဒါနဲ့ မွေးနေ့ရှင်အတွက် ရည်းစူးပြီး မြတ်ဗုဒ္ဓ ၀ိသာခါ ဒကာမကြီးကိုဟောတဲ့ တရားလေးကို မွေးနေ့ ဓမ္မလက်ဆောင်ပေးချင်တယ်။

ပါဠိ -

ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။ ဧ၀ံ ဇာတေန မစ္စေန ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

မြန်မာ-

ပန်းစု ပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံး ပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည် ဥစ္စာသဒ္ဓါ တည်းဟူသော အစုအပုံအတွင်းမှ မြောက်များစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။

အနက်ရှာ-

ပုပ္ဖရာသိမှာ-အမျိုးမျိုးအဖုံဖုံ ပန်းပေါင်းစုံသည့် ပန်းပုံကြီးထဲမှ၊ ဗဟူ-ရေတွက် သင်္ချာ၊ လွန်များစွာကုန်သော၊ မာလာဂုဏေ- ကြည့်၍ မဆုံး လိုတိုင်းသုံးဖို့၊ ပန်းကုံးတို့ကို၊ ကယိရာယထာ- နှစ်သက်ကြည်စွာ၊ ပြုလုပ်ရာကုန်သကဲ့သို့။ ဧ၀ံ-ပမာထားယူ ထို့အတူပဲ၊ ဇာတေန-ရှေးကံအလျောက် လူ့ထံရောက်အောင် ပေါ်ပေါက်ဖွားမြင်လာသော၊ မစ္စေန - မချွတ်ဧကန် အမှန်သေရမည့် သတ္တ၀ါသည်၊ ကုသလံ- ခုနောင် ဘ၀၊ နိဗ္ဗာန်ကျအောင် သုခကောင်းကျိုး လွန်ပွားတိုးသည့် ကုသိုလ်မျိုးကို၊ ကတ္တဗ္ဗံ-မလွဲမသွေ၊ ပြုသင့်ပေ၏။

လိပ်မှာမူရင်းက၊

Even as one may make many kinds of wreaths from a heap of flowers, so by a mortal in this life there is much good work to be done ( with wealth, faith and generosity).

ရှေးအတိတ်ကံ-

အမှန်တကယ်တော့ လူတိုင်းလူတိုင်း လူ့ဘ၀ လူ့ဌာနကို ရရှိ ရောက်ရှိလာကြခြင်းဟာ ရှေးအတိတ်ကုသိုလ်ကံကြောင့် ဖြစ်တယ်။ ရှေးအတိတ်ကုသိုလ်ကံများကို အမှတ်တမဲ့ သုံးစွဲမိလို့ ကုန်ဆုံးသွားကြရင်ဖြင့် နောင်ဖြစ်လာမည့် ဘ၀က မသေချာ။

“ကံမခိုင် သံတိုင် အိမ်ဆောက်တော့ ကံမှောက်လျင် ကျိုး”ဆိုသလို ကုသိုလ်ကံက အခြေမခိုင်လျင် ဘာလုပ်လုပ် အဆင်မပြေနိုင်တော့။ သံတိုင် သံကွန်ကရစ်များနှင့် ဆောက်လုပ်ထားသည့် အိမ်တောင်မှ ကုသိုလ်ကံ မရှိတော့သည်နှင့် ပျက်စီးဆုံးရှုံးရနိုင်၏။ ကုသိုလ်ကောင်းမှု ကုန်ဆုံးသွားသည်နှင့် တပြိုင်နက် သတ္တ၀ါအားလုံး မည်သူမဆို ပျက်စီးကြရတော့တာပါပဲ။ မပျက်စီးတဲ့သူ ဘယ်သူမှ မရှိနိုင်ဘူး။ ဒါဟာ ဓမ္မနိယာမပဲ။


သေမည်မှန်-

လူရယ်လို့ ဖြစ်လာပြန်ရင်လည်း လူတိုင်း အမှန်အကန် သေရဦးမှပါပဲ။ ဒီနေ့ သေမလား မနက်ဖြန်သေမလား။ အခုချက်ချင်းပဲသေမလား စသည်ဖြင့် လားပေါင်းများစွာနဲ့ပဲ စောင်းဆိုင်းနေရတာပါ။ သေခြင်းတရားဟာ လာဘ်ပေးလို့လည်း မရနိုင်၊ ရင်းနှီးလို့ နေပါဦး တားလို့လဲ မရနိုင်၊ ပစ္စည်းဥစ္စာ ဂုဏ်အရှိန်အ၀ါ သြဇာအာဏာတွေနဲ့ တားလို့လည်း မရနိုင်၊ အနုမြူလက်နက်အင်းအားတွေ ပိုင်ဆိုင်လို့ ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ယူလို့လည်း မရနိုင်ပါဘူး။ ဆိုလိုတာက မွေးဖွားလာတဲ့ ဘယ်သူမဆို အမှန်တကယ် သေကြရအုံးမယ်ဆိုတာကို သတိထားဖို့ပါ။

လေးတန်သေမျိုးပြ၊

အဘိဓမ္မာမှာ သေခြင်းလေးမျိုး ပြောပြထားတယ်။
၁။ သက်တမ်းကုန်လို့ သေခြင်းမျိုးက လူ့ဘ၀မှာ ခေတ်အခြေအနေ အချိန်အခါအရ ကန့်သတ်ထားတဲ့ အပိုင်းအခြားမျိုး။ ၇၅-နှစ်ဆို ၇၅-နှစ်ပေါ့။ အဲဒီလို သက်တမ်းပြည့်လို့၊ ကုန်လို့ သေတာကို ဆိုလိုတာ။
၂။ ကံကုန်လို့ သေခြင်းဆိုတာ ၁၅-နှစ်နဲ့လည်း သေချင်သေမယ်၊ မွေးပြီးကာစလည်း သေချင်သေမယ်။ ကံပါသလောက်ပဲ အသက်ရှင်ခွင့် နေခွင့်ရခြင်းမျိုးကို ဆိုလိုတယ်။
၃။ သက်တမ်းရယ် ကံရယ် နှစ်မျိုးကုန်လို့ သေခြင်း-ဆိုတာက သက်တမ်းကလည်း ကျော်လွန်သွားပြီ၊ ကံကလည်း ကုန်ပြီ၊ ခုခေတ်ဆို အသက်၈၀-အရွယ်၊ ၉၀-အရွယ်တွေကို ဆိုလိုတာပေါ့။
၎။ ရုတ်တရက် သေခြင်း (ဥပစ္ဆေဒက+ accideint)မျိုးကတော့ ရေနစ်တာတို့၊ ကားတိုက်ခံရတာတို့၊ သူများသတ်လို့ သေတာတို့ စသည်ဖြင့် ရုတ်တရက် သေဆုံးရတာတွေကို ပြောတာပါ။ တချို့များ အဲဒီကံ(ဥပစ္ဆေဒကကံ)မပါလာလို့ကတော့ သူများက ကိုယ့်ကို ဘယ်လိုပင် လုပ်ကြံလုပ်ကြံ၊ ဖျက်ဆီးဖျက်ဆီး မပျက်စီးနိုင် မသေနိုင်ဘူး။ ဒါက သတိထားစရာလေးတွေကို ပြောတာပါ။

ကုသိုလ်ရွေးချယ်-

မတည်မြဲတဲ့ အရာတွေနဲ့ နှိပ်စက် ၀န်းရံနေလို့ လူတိုင်းဟာ သေကြရဦးမှာ။ ဘယ်နေ့ သေမှာမှန်း မသိရလို့လဲ သတ္တ၀ါတိုင်း လူသားတိုင်းဟာ ကောင်းမှု ကုသိုလ်တရားတွေကို လုပ်သင့်တာပါပဲ။ တချို့က ငါမသေနိုင်ဘူး အမှတ်မျိုးနဲ့ ကုသိုလ်တွေကို မေ့လျော့ ပေါ့ဆပြီး မလုပ်ဘဲ နေတတ်၊ နေရဲ လိုက်ကြတာ။ ကြောက်စရာကြီး။ ကုသိုလ် လုပ်တဲ့နေရာမှာ ခုဘ၀ရော နောင် ဘ၀ပါ အကျိုးများစေမဲ့ ကုသိုလ်မျိုးတွေကို ရွေးချယ်ပြီး လုပ်သင့်တယ်။

လုပ်ကြကွယ်-

ဒီလိုမှ မဟုတ်ဘဲ ပါတီလုပ် ၀ိုင်းဖွဲ့ပြီး အရက်ဒကာခံတာမျိုး၊ ကိုယ့်ဘော်ဒါတွေ နိုက်ကလာပ်သွားဖို့ ပိုက်ဆံပေးလိုက်တာမျိုး တွေဟာ ခုဘ၀ရော နောင်ဘ၀ပါ အကျိုစီးပွား ဖြစ်ထွန်းစေမဲ့ ကိစ္စမျိုး မဟုတ်ဘူး။ သက်ရောက်မှုက ဆိုးကျိုးဖက်ကို ဦးတည်သွားစေတယ်။
ပြောချင်တာက သူများဆီက မျှော်လင့်ချက်မထားဘဲ၊ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတာမျိုး မဟုတ်ဘဲ ဖြူစင်တဲ့ စေတနာမျိုးနဲ့ ကုသိုလ်ကောင်းမှုကို လုပ်သင့်တယ်။ သူက ငါ့ကို ရေတိုက်လိုက်လို့ ငါက သူ့ကို ပြန်ပြီး ထမင်းစားဖိတ်ကျွေးလိုက်တဲ့ ကုသိုလ်မျိုးက စစ်မှန်တဲ့ ကုသိုလ်မျိုး မဟုတ်သလို၊ သူက ငါ့ကို ကူညီလို့ ထမင်းဖိတ်ကျွေးတာ၊ သူကချမ်းသာလို့၊ သူ့ကို ခိုင်းလို့ရလို့ သူ့ဆီက ရမဲ့ အကူအညီကို မျှောင်လင့်တောင့်တပြီး လုပ်တဲ့ကုသိုလ်မျိုးကလည်း စစ်မှန်တဲ့ ကုသိုလ်မျိုး မဖြစ်နိုင်ဘူး။

မြတ်ဗုဒ္ဓ ဟောထားသလို (တတြာနန္ဒ တိရစ္ဆာနဂတေ ဒါနံ ဒတွာ သတဂုဏာ ပါဋိကင်္ခိ တဗ္ဗာ)မျိုး ကိုယ့်အိမ်မှာ မွေးထားတဲ့ ကြောင်လေးကို ကြွက်ခုတ်လို့ အစာကျွေးတာမျိုး မဟုတ်ပဲ စေတနာသန့်သန့်လေးနဲ့ ကျွေးမွေးလိုက်ရင် အဆတစ်ရာ၊ ဘ၀တစ်ရာ အကျိုးပေးနိုင်တယ်တဲ့။
စေတနာစစ်မှနော်။ စစ်မှန်မှ ခုဘ၀ရော နောင်ဘ၀ပါသာမက နိဗ္ဗာန်ထိအောင် အကျိုးပေးများနိုင်တယ်။ အဲဒီလို ကုသိုလ်မျိုးတွေ ရွေးချယ်ပြီးလုပ်သင့်တယ်။

သုံးသွယ်-

ကုသိုလ် မလုပ်မီ အရင်ဖြစ်တဲ စေတနာ၊ လုပ်နေဆဲ စေတနာ၊ လုပ်ပြီးနောက် ၀မ်းသာနေတဲ့ စေတနာ။ အဲဒီ စေတနာ သုံးမျိုးဟာ ဘ၀အတွက် သိပ်အရေးပါတယ်။
ကုသိုလ်မလုပ်မီ သြော် ငါဖြင့် ဘယ်နေ့၊ ဘယ်ရက်၊ အဘယ်အချိန်၊ ဘယ်နာရီမှာဖြင့် ကုသိုလ်လုပ်အုံးမှပဲ။ အဲဒီလို လုပ်ရမဲ့ ကုသိုလ်တွေကို တွေးပြီး ၀မ်းသာကြည်နူး နေခြင်းဟာ အရမ်းကို အကျိုးကျေးဇူးများနေပါပြီ။

ကုသိုလ်လုပ်နေဆဲ အချိန်ကိုတော့ မပြောလိုတော့ပါဘူး သူက သိပ်သိသာနေတာကိုး။ သတိထားသင့်တာက ကုသိုလ်လုပ်ပြီးနောက် ကိုယ့်လုပ်ထားခဲ့တဲ့ ကုသိုလ်တွေကို ပြန်ပြီး ၀မ်းသာကြည်နူးနေမယ်။ အောက်မေ့သတိရနေမယ်။ သို့မဟုတ် တည်မြဲခြင်းမရှိတာတွေကို ပြန်လှန် သုံးသပ်မယ်ဆို အဲဒီ ကုသိုလ်တွေဟာ ပွားပြီးရင်းပွား တားမနိုင် ဆီးမရဖြစ်နေတဲ့ ကုသိုလ်မျိုး၊ ခုဘ၀ နောင်ဘ၀ အကျိုးများမဲ့၊ နိဗ္ဗာန်ထိအောင် အကျိုးများမဲ့ ကုသိုလ်မျိုးတွေပါပဲ။

တန်ဖိုးလှ။

သိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ့ပိုက်ဆံကို တန်ဖိုးထားရုံ (ကပ်စေးနည်းဟုမသုံးပါ) သာမက၊ သူလုပ်ထားတဲ့ ကုသိုလ်တွေကိုလည်း အရမ်းတန်ဖိုးထားပါတယ်။ နောက်ပြီး တရားတွေ တော်တော်သိနေလို့လားမသိ သူလုပ်ထားတဲ့ ကုသိုလ်တွေကို (ကြွားတာမျိုးမဟုတ်ဘဲ) ၀မ်းမြောက်ဝမ်းသာပြောတတ်၊ သူများကိုလည်း သာဓုခေါ်စေတတ်ပါတယ်။

မှတ်မှတ်ရရ တခါတုန်းက သူများက သူမကို အအေး(အိတ်နဲ့ထည့်ပေပြီး)တိုက်လိုက်ပါတယ်။ အဲဒီအအေးကို သူမက မသောက်ချင်ဘူး(မတည့်တာလည်း ပါမယ်)ပေါ့။ ပေးတဲ့သူရဲ့ ရှေ့မှာ လွှင့်ပစ်ဖို့ကလည်း မကောင်းတာမို့ လွှင့်ပစ်ရမယ့် နေရာကို ရွေးချယ်ရင်း ဒီအတိုင်း လက်ထဲမှာ ပါလာခဲ့တယ်။ အဲဒီနောက် လမ်းဘေးက အလှူခံတစ်ယောက်က (သူတောင်းစားဟု မသုံးပါ) သူမ လက်ထဲက အအေးထုတ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြည့်နေလို့ သူမက ၀မ်းသာကြည်နူးစွာနဲ့ (အမှိုက်ပုံးထဲ ထည့်မယ့်အထုပ်ကို) ငါ့လက်ကလွတ် ပြီးရော သဘောမျိုးမဟုတ်ဘဲ ကြည်ကြည်နူးနူး ၀မ်းမြောက်ဝမ်းသာနဲ့ ပေးလှူခဲ့ပြီး။

သူမ လှူခဲ့တဲ့ အလှူကို ဧရာမ အလှူကြီးတစ်ခုအလား သဘောထားကို သူတပါး(မိမိ)အား သာဓုခေါ်စေ၊ ၀မ်းမြောက်စေခဲ့ပါတယ်။ အဲဒီအမျိုးသမီး ချမ်းသာပါတယ်။ ပစ္စည်းဥစ္စာရော ကုသိုလ်ရောပေါ့။ တန်ဖိုးထားတတ်ပုံကို ပြောတာပဲ။ တန်ဖိုးထားတာနဲ့ အမျှ ကုသိုလ်တွေ ပိုပြီး ပေါများတတ်ပုံကို ပြောတာပါ။ တန်ဖိုးထားတာနဲ့အမျှ တန်ဖိုး ရှိတော့ တာပါပဲ။

ပန်းကိုပုံပြု

ကုသိုလ်လုပ်တဲ့ အခါမှာ ပန်းတွေကို ဥပမာထားပြီး ကုသိုလ်လုပ်ရမယ်လို့ မြတ်ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။ ဥပမာအားဖြင့် စပါယ်ပန်းတို့၊ ခရေပန်းတို့ကို တော်တော်များများ မြင်ဖူးကြပါလိမ့်မယ်။

အဲဒီပန်းလေးတွေဟာ တစ်ပွင့်တည်း ရှိနေရင် တန်ဖိုးမဲ့နေတတ်ကြပေမဲ့ သီကြိုးနဲ့ သီကုံးလိုက်တဲ့ အချိန်မှာတော့ အရမ်းတန်ဖိုး မြင့်တက်သွားပါပြီ၊ အရာရာဟာ အမြင်တင့် အဆင်တင့် အသွင်တင့်သွားပါပြီ။

ပိုက်ဆံဟာ တစ်ကျပ်ထဲဆို တန်ဖိုး သိပ်မရှိတတ်ပေမယ့် ရာတို့ ထောင်တို့ သောင်းတို့ သိန်းတို့ဆိုရင် လိုချင်တာတွေကို ၀ယ်လို့ရပါပြီ။ အဲဒီလိုပါပဲ ကုသိုလ်ဟာ နည်းနေသေးရင် မသိသာသေးပေမယ့် ကုသိုလ်တွေ များလာတာနဲ့ တပြိုင်နက် လူ့ဘ၀၊ နတ်ဘ၀၊ အဆင့်မြင့်ဘ၀တွေကို ၀ယ်လို့ရပါပြီ။ နိဗ္ဗာန်ကို ၀ယ်ဖို့ အထောက်အပံ့ ပေးနိုင်ပါပြီ။ ဆိုလိုတာက ပန်းပွင့်တွေကို ဥပမာထားပြီး ကုသိုလ်လုပ်တဲ့အခါ နေ့စဉ်နေ့စဉ် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လုပ်နိုင်သလောက် လုပ်သွားကြဖို့ပါ။

ကုသိုလ်စု

တစ်စက္ကန့်ဟာ တန်ဖိုးမရှိတတ်ပေမယ့် စက္ကန်ပေါင်းများစွာရှိလာရင်၊ တစ်မိနစ်ကို သတိမထားတတ်ကြပေမယ့် မိနစ်ပေါင်းများစွာ ရှိလာရင်၊ တစ်နေ့တစ်လေဟာ မသိသာပေမယ့် နေ့ပေါင်းများစွာကြာလာရင် သိပ်ကို ထူးထူးခြားခြား ဖြစ်တတ် ရှိလာတတ်ပါတယ်။
ကုသိုလ်လုပ်တဲ့ အခါမှာလည်း ဒီအတိုင်းပါပဲ တစ်စက္ကန့်လောက် လုပ်လိုက်တဲ့ ကုသိုလ်၊ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်လောက် လုပ်လိုက်တဲ့ ကုသိုလ်တွေဟာ မသိသာပေမဲ့ စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ၊ နေ့တွေထပ်လာ ဆက်လာရင်၊ ကုသိုလ်တွေ စုနိုင်လာတာနဲ့ တပြိုင်နက် အဲဒီကုသိုလ်ရဲ့ အကျိုးတရားတွေကို လိုသလို အသုံးချလို့ ရနိုင်တော့တာပါပဲ။

တစ်ခုခုတော့

ကုသိုလ်လုပ်တယ်ဆိုတာ ပိုက်ဆံရှိမှ လုပ်လို့ ရတာမဟုတ်ပါဘူး။ မရှိလည်း လုပ်လို့ ရတာပါပဲ။ နံနက် ညနေ ဘုရားရှိခိုးတာတို့၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် ပွားများတာတို့၊ ရွတ်ဆိုတာတို့။ မေတ္တာပို့တာတို့၊ သူများအကျိုးစီးပွားကို လိုလားတာတို့၊ သူများ အဆင်ပြေနေတာတွေ့ရင် ၀မ်းမြောက်ဝမ်းသာ ရှိတာတို့၊ သူများ မကောင်း မပြောတာတို့၊ ကူညီနိုင်တာတွေ့ရင် ကာယအား၊ ဥာဏအားဖြင့် ကူညီတာတို့ စတာတွေဟာ ပိုက်ဆံမကုန်ဘဲ ရတတ်တဲ့ ကုသိုလ်တွေပါ။

ပိုက်ဆံ မကုန်တဲ့ တန်ဖိုးအကြီးဆုံး ကုသိုလ်ကတော့ နေ့စဉ်နေ့တိုင်း မိမိ ရှုနေ ထုတ်နေတဲ့ ၀င်လေ၊ ထွက်လေကို သတိထား စောင်းကြည့်နေရင်၊ ဒါမှာ မိမိလုပ်နေတဲ အရာတွေကို မျက်ခြေမပြတ် သတိနဲ့ စောင့်ကြည့်နေ၊ မိမိရဲ့ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်၊ မိမိစိတ်ရဲ့ ပြောင်းလဲတတ်တဲ့ ဖြစ်စဉ်တွေကို စောင့်ကြည့်နေနိုင်မယ်ဆိုရင် တန်ဖိုး ဖြတ်လို့ မရနိုင်တဲ့ ကုသိုလ်တွေပါပဲ။ တစ်ခုခုကိုတော့ မျက်ခြေမပျက် သတိနဲ့ မှတ်နေဖို့ပါပဲ။

လုပ်ရမှ။

အလုပ်ကတော့ နေ့စဉ်လုပ်နေရတာပါပဲ။ ဆင်းရဲသူလည်း ဆင်းရဲတဲ့အလျောက်၊ ချမ်းသာသူလဲ ချမ်းသာတဲ့အလျောက် လုပ်နေကြရတာပါပဲ။ အလုပ်မလုပ်တဲ့သူရယ်လို့တော့ တစ်ဦးမှ ရှိမယ်မထင်ပါဘူ၊ တန်ဖိုးရှိတဲ့ အလုပ်၊ တန်ဖိုးမဲ့တဲ့ အလုပ် ဒါတွေပဲ ကွာခြားသွားကြလိမ့်မယ်လို့ ထင်ပါတယ်။

ကုသိုလ် ပညာ၊ ဥစ္စာ ရှာမှု၊ တစ်ခုခု၊ မရသူမှာ အရှုံးသာ- စသည်ဖြင့်
ဆုံးမစကားတွေ ရှိပါတယ်။ ဒါပေမယ့် ဘ၀အတွက် အဓိပ္ပါယ်ရှိဖို့ ဘ၀မရှုံးဖို့ကတော့ နေ့စဉ်နေ့စဉ် ကုသိုလ်လုပ်ရမှ ဖြစ်မယ်။
အိပ်ခါနီ နဖူးပေါ်လက်တင် စဉ်းစားကြည့်လိုက် ဒီနေ့ ငါ ဘာကုသိုလ်တွေ လုပ်ပြီးပြီလဲ။
တကယ်လို့ ဘာမှ မလုပ်ရသေးရင်၊ မလုပ်ဖြစ်ခဲ့ရင် -

အရှုံးတော့ မခံပါနဲ့ နှာသီးဖျားက ၀င်လေထွက်လေကို သတိထားလို့ ဖြစ်စေ၊ ၀မ်းဗိုက်ပေါ် လက်တင်ပြီး ဖောင်းတာ ပိန်တာကို သတိထားလို့ဖြစ်စေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတို့ရဲ့ ဂုဏ်တော်တွေကို ပွားလို့ပဲဖြစ်စေ၊ မေတ္တာပွားလို့ပဲဖြစ်စေ တနေ့တာအတွက် ဘ၀မရှုံးအောင်လုပ်ဖို့တော့ လိုအပ်ပေလိမ့်မယ်။ ဆိုလိုရင်းကတော့ နေ့စဉ် နေ့စဉ် လုပ်နိုင်သလောက် ကုသိုလ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင်နေမယ်ဆိုရင် နေ့ပေါင်းများစွား ကြာမြင့်လာသောအခါကာလအတွက်တော့၊ တခုခုတော့ လုပ်စေချင် . . .


အထက်က ရေးလိုက်တဲ့ စာတွေကို နိဂုံးချုပ်လိုက်တော့

အချုပ်

ပါဠိမြန်မာ၊ အနက်ရှာ၊ လိပ်မှာ မူရင်းက။
ရှေးအတိတ်ကံ၊ သေမည်မှန်၊ လေးတန်သေမျိုးပြ။
ကုသိုလ်ရွေးချယ် လုပ်ကြကွယ်၊ သုံးသွယ် တန်ဖိုးလှ။
ပန်းကို ပုံပြု ကုသိုလ်စု တစ်ခုခုတော့ လုပ်ရမှ . . . ။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

အခြေခံများ ကောင်းစေချင်



ယုံကြည်မှု

လောကတွင် ယုံကြည်မှုသည် အရေးကြီး၏။ မည်သည့်နေရာတွင်မဆို ယုံကြည်မှုနှင့် အလုပ် လုပ်လုပ်ရ၏။ ဆက်ဆံရ၏။ သင်ယူ ရ၏။ ပြောဆို ဆွေးနွေးရ၏။

ယုံကြည်မှုကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ လင်နှင့်မယား၊ ဘုန်းကြီးနှင့် ဒကာ၊ သူငယ်ချင်း အချင်းချင်း မည်သို့မျှ ပေါင်းသင်းဆက်ဆံ၍ မဖြစ်နိုင်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး စသော အရေးပေါင်းများစွာတို့တွင် ယုံကြည်မှု မပါဘဲ မည်သည့်အရာကိုမျှ တည်ဆောက်၍ မရနိုင်။

ယုံကြည်မှု-ဆိုသော စကားလုံး သုံးလုံးတွင် အရေးပါသည်ကား ယုံနှင့်ကြည်ပင်ဖြစ်၏။ ယုံ၏ နောက်တွင် အရည်အချင်းသည် ကပ်လိုက်လာ၏။ ယုံဖို့အတွက် အရည်အချင်းရှိရမည်။ မိဘသည်လဲ မိဘအရည်းအချင်း၊ ဆရာသည်လဲ ဆရာ့ အရည်အချင်း စသည်ဖြင့် ကိုယ်စီကိုယ်စီမှာ အရည်အချင်းရှိဖို့လို အပ်၏။

ယုံမိပြီဆိုလျှင် ကြည်လင်လာတော့၏။ တစ်ဦးကို တစ်ဦး အပြစ်မမြင်။ လောက ဆိုရိုးစကား တစ်ခုလို။ ချစ်တဲ့သူမှာ အပြစ်ရှာ ဘယ်ခါ အပြစ်တွေ့မလဲ ဆိုသည်ပင်။ ဆိုလိုသည်မှာ ယုံကြည်မှု၏ နောက်တွင် ငြိမ်းချမ်းမှု၊ အားကိုလိုမှု၊ တိုင်ပင်လိုမှု စသည်တို့ ယှဉ်တွဲကပ်ပါလျက် ရှိသည်ဟု ဆိုလိုပါ၏။

ယုံကြည်မှုနှင့် ကိုးကွယ်မှု

ယုံကြည်မှု နှင့် ကိုးကွယ်မှုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိကြ၏။ ယုံကြည်မှု မပါဘဲ ကိုးကွယ်မှု မဖြစ်နိုင်။ မိမိတို့ ကိုးကွယ်ထားသော ဘာသာတရားကို မိမိတို့ကိုယ်တိုင်က မယုံကြည်လျှင် ဘာသာတရား၏ အကျိုးပေး စောင့်ရှောက်မှုများကလည်း လျော့ပါးသွားနိုင်၏။

ယုံကြည်မှု သုံးမျိုး

ယုံကြည်မှုကို
၁။ သာမန် ယုံကြည်မှု၊
၂။ အလယ်အလတ် ယုံကြည်မှု၊
၃။ အဆုံးစွန်ထိ ယုံကြည်မှုဟု သုံးမျိုး ခွဲခြားကြည့်နိုင်၏။

သာမန်ယုံကြည်မှု

သာမန်ယုံကြည်မှုသည် မိရိုးဖလာ ယုံကြည်မှုကြောင့် ဖြစ်နိုင်၏။ မိဘနှစ်ပါး (သို့) ဘိုးဘွား အစဉ်အဆက် ကိုးကွယ်သည့် ဘာသာတရားများကို စဉ်းစားဝေဖန်မှု၊ ဆင်ခြင်သုံးသပ်မှု မပါဘဲ၊ ယုံကြည်ခြင်းမျိုးကို သာမန်ယုံကြည်မှုဟုဆိုနိုင်၏။

အလယ်အလတ် ယုံကြည်မှု

အလယ်အလတ် ယုံကြည်မှုများသည် စာပေများကို ဖတ်ရှုပြီး အသိဉာဏ်များ တိုးပွားလာခြင်း ကြောင့်ဖြစ်နိုင်၏။ သာမန် ပုဂ္ဂိုလ်တို့ထက် ပိုမို အဆင့်အတန်းရှိ၏။ အသိဉာဏ်လည်း ပိုမို ရှိ၏။ သက်ဆိုင်ရာ ဘာသာရေးစာပေများကို လေ့လာ ဖတ်ရှုလေ့လာ၏။

သက်ဆိုင်ရာ တရားဓမ္မများကို နည်းမျိုးစုံနှင့် နာကြား၏၊ သိလိုသည်များကို ဘာသာရေး ဆရာများအထံသို့ ချဉ်းကပ် မေးမြန်း၏၊ မိမိကိုယ်တိုင် တရားတော်အတိုင်း မကျင့်ကြံ အားမထုတ်နိုင်သည့်တိုင် နားလည် တတ်ကျွမ်းအောင် လေ့လာထား၏။

တစ်ပါးသူတို့အား မိမိကဲ့သို့ လုပ်ဆောင်နိုင်အောင် တိုက်တွန်း အားပေးခြင်းမျိုး ပြုလုပ်တတ်၏။ အရမ်းကာရော ယုံကြည်သည်မျိုး မဟုတ်ဘဲ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်ဖြင့် အကြောင်း အကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်နိုင်သည့် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အလယ်အလတ် ယုံကြည်သူ ဟု ခေါ်ဆိုနိုင်၏။

အဆုံးစွန်ထိ ယုံကြည်မှု

အဆုံးစွန်ထိ ယုံကြည်မှုဆိုသည်မှာ မိမိကိုးကွယ်သည့် ဘာသာတရားအတွက် အကာအကွယ် ပေးရမည်ဆိုလျှင် မိမိအသက်ကိုပင် စတေးဝံ့၊ စတေးခံနိုင်သည့် ပုဂ္ဂိုလ်မျိုးကို ဆိုလို၏။ အဆုံးစွန်ထိ ယုံကြည်ကြသူများသည် လွယ်လွယ်ကူကူနှင့် ယုံကြည်သူများ မဟုတ်သည်ကတော့ သေချာပါ၏။

ငယ်ရွယ်သည့်အချိန် ကလေးငယ်တို့၏ ဦးနှောက်အသိဉာဏ်ထဲသို့ အတင်းရိုက်သွင်း၍ ဖြစ်စေ၊ အသိဉာဏ်ပညာ မရှိဘဲ မစဉ်းစား မချင့်ချိန်နိုင်၍ ဖြစ်စေ။ ထွက်ပေါက်ပိတ်နေသည့် အတွက်ကြောင့်ဖြစ်စေ၊ စာပေအများအပြားကို ဖတ်ရှုပြီး စာပေများမှ တစ်ဆင့် ဘာသာတရားများ နှိုင်းယှဉ်ဝေဖန်၍ ဖြစ်စေ၊ အသိထူး အကျင့်ထူးများကြောင့်ဖြစ်စေ၊ စသည့်အကြောင့်များကြောင့် အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်သွားကြသော ပုဂ္ဂိုလ်များဖြစ်နိုင်၏။

စတေးဝံ့သူများ

အဆုံးစွန်ထိ ယုံကြည်မှုဆိုသည်မှာ မိမိ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားအတွက် အကာအကွယ် ပေးရမည်ဆိုလျှင် “မိမိ၏ အသက်ကို မနှေး ပေးဆပ် စတေးဝံ့သူများ”ကို ဆိုလိုပါ၏။

ငယ်စဉ်အခါ ကလေးတို့၏ နုနယ်သည့် အသိဉာဏ်များကို အခြေခံလျှက် ဘာသာရေး သဘော တရားများ အတင်းအဓမ္မ သွတ်သွင်းကာ သံမှို ရိုက်စွဲထားသလို ရိုက်စွဲထား၏။ ထိုကလေးတို့သည် မိမိတို့ အသိဉာဏ်အပေါ် သွတ်သွင်းရိုက်နှိပ်ထားသော ဘာသာရေးတို့က သေသည့် တိုင်အောင် မပျောက်ပျက်နိုင်တော့ ။

အထူးသဖြင့် အကြောက်တရားများနှင့် ချိန်းခြောက်လျက် ရိုက်နှိပ်ထားသည့် ဘာသာရေးက ပိုမို စွဲမြဲ ခိုင်မာလှ၏။ ထိုအကြောက်တရားများကပင် စဉ်းစား ဆင်ခြင်မှု နည်းပါးလျှက် ဘာသာရေးကို အဆုံးစွန်ထိ ယုံကြည်မှုသို့ မရောက်ရောက်အောင် တွန်းပို့ပေးလိုက်တော့၏။

ငယ်စဉ်ကတည်းက စွဲမြဲခိုင်မာလာသည့် အကြောက်တရာများက အကြောင်း အကျိုး၊ အကောင်း အဆိုးကို မခွဲခြား မဝေဖန်နိုင်တော့။ ဆင်ခြင် စဉ်းစားဖို့အတွက်လည်း အချိန်မပေးနိုင်၊ ဦးနှောက်အသိဉာဏ် ကလည်း လက်မခံနိုင်တော့။ အကြောက်တရားများက စွဲမြဲခိုင်မာ၍ နေချေပြီ။

အသိဉာဏ်ပညာ နည်းပါးကြသော လူသားတို့အတွက် အဓိပ္ပါယ်ရှိသော လုပ်ရပ်၊ အဓိပ္ပါယ်မဲ့သော လုပ်ရပ်၊ တန်ဖိုးရှိသော လုပ်ရပ်၊ တန်ဖိုးမဲ့သော လုပ်ရပ်၊ မိမိအတွက်၊ မိမိနှင့် ပတ်သက်နေသည့် ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ မိမိနိုင်ငံ၊ လောက၏ ကောင်းကျိုး၊ ဆိုးကျိုး၊ ပတ်ဝန်းကျင်၏ ကောင်းကျိုး၊ ဆိုးကျိုး၊ စသည်တို့ကို နားမလည်၊ စိတ်မ၀င်စား၊ တိုက်တွန်းသူ ရှိလာပါကလည်း ကောင်းသည် ဆိုးသည်ကို နားမလည်၊ မဝေဖန် မပိုင်းခြားနိုင်၊ မိမိလုပ်လိုသော အရာကိုသာ တဇောက်ကန်းလုပ်တတ်ကြသဖြင့် အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်မှန်းမသိ ရောက်သွားကြသော အစွန်းရောက် စတေးဝံ့သူများသာ ဖြစ်တော့၏။

ဘ၀၏ ပန်းတိုင်သို့

ဘာသာရေးစာပေများကို ဖတ်ရှုလေ့လာကြသည့် လူသားတို့အဖို့ ဘာသာတရား အားလုံး၏ သဘောထားကို ခြုံငုံ သုံးသပ်မိကြသဖြင့် ပို၍ တန်ဖိုးရှိသော ဘာသာတရားကို ရှာဖွေတတ်လာ၏။ ဘာသာတစ်ခုနှင့်တစ်ခု၊ အမှန်နှင့်အမှား၊ အဆိုးနှင့်အကောင်းကို နှိုင်းနှိုင်းချိန်ချိန်ဖြင့် ဆင်ခြင်ဆုံးဖြတ် တတ်လာ၏။

ဘာသာရေးအသိဉာဏ်များ ကြွယ်ဝလာသည်နှင့်အမျှ ပို၍ မြင့်မြတ်သည့် ဘာသာတရားကို ကိုးကွယ် ယုံကြည်တတ်လာပြီး၊ မိမိယုံကြည် ကိုးကွယ်သည့် ဘာသာတရားကိုလည်း အသက်တမျှ ယုံကြည်ကိုးစားကာ “အဆုံးစွန်ထိ ယုံကြည်မှုသို့” ရောက်အောင် ပို့ဆောင်ပေးလိုက်တော့၏။ အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်ရှိခြင်းသည် ဘ၀၏ အမှန်တရား၊ ဘ၀၏အဓိပ္ပါယ်၊ ဘ၀၏ အလှသစ္စာတရား၊ ဘ၀၏ အမြင့်မြတ်ဆုံး ပန်းတိုင်သို့ ရောက်ခြင်းပင်ဖြစ်တော့၏။

စဉ်းစားစရားများ

လူသားတို့၏ အဆုံးစွန်ထိ ယုံကြည်မှုများသည် ဘာသာတရားအတွက် ဖြစ်ကြသောကြောင့် ကြည်ညိုလေးစားစရာ ကောင်းလှ၏။ သို့သော် မိမိတို့ စတေးနေသော ဘာသာတရားသည် အမှန်တကယ် စတေးသင့်သော ဘာသာတရားဖြစ်ပါ၏လော? ဆိုသည့် မေးခွန်းကိုတော့ သေသေချာချာ စဉ်စားသင့်ကြ၏။

ဥပမာ ဘာသာတရားက မိမိအတွက် အသက်အန္တရာယ် ပေးမှာကို ကြောက်သဖြင့် မိမိအသက်ကို စတေးဝံ့သည်လော?၊ ထိုသို့မဟုတ် ဘာသာတရားကြောင့် မိမိ၊ မိမိဆွေမျိုး၊ အသိုင်းအ၀ိုင်းစသည်များ ရာထူးအာဏာပါဝါ၊ သြဇာ၊ အင်ပါယာများ တိုးတက်လာမည်။ စည်းစိမ်ဥစ္စာများ တိုးတက်လာမည်။ ပညာရပ်တွေ အတိုင်းအဆ မရှိနိုင်လောက် တတ်မြောက်လာမည်၊ တီထွင် ကြံဆနိုင်လာမည်။ ထို့အတွက်ကြောင့် ယင်းဘာသာကို မိမိနှင့် ဆက်စပ်နေသည့် အတ္တလောကအတွက် ရည်ရွယ်၍ အသက်ကို စတေးဝံ့သည်လော?။

သို့မဟုတ် ယင်းဘာသာတရားက မိမိ၏ ဘ၀လမ်းကြောင်းမှန်ကို ညွှန်ပြပေးသည့်အတွက်၊ မိမိနှင့် ဆက်စပ်နေသည့် ပတ်ဝန်ကျင်ကို ကောင်းကျိုးပြုသည့်အတွက် အသက်ကို မနှေး ပေးဆပ်ဝံ့သည်လော?။
အသက်ကို စတေးဝံ့လောက်သည့်အထိ ပေးဆပ်မှုသည် သာမန်အားဖြင့် မဖြစ်နိုင်၊ မဖြစ်သင့်သည် ကိုတော့ လူသားအားလုံး သတိမူသင့် စဉ်းစားသင့်ကြသည်ဟု ထင်မြင်မိ၏။

ငယ်ရွယ် နုနယ်သည့်အချိန်

လူသားများတွင် ငယ်ရွယ်နုနယ်သည့်အချိန်တွင် အသိပညာ မကြွယ်သေးခြင်း၊ ကလေးတို့၏ မှတ်စိတ် သိစိတ်များသည် အရောင်းမစွန်းထင်းသေးဖြင့် အဖြူထည်သက်သက်နီးပါး ဖြစ်ခြင်းတို့ကြောင့် ဘာသာတရား လူ့ယဉ်ကျေးမှုများကို သက်ဆိုင်ရာ မိဘတို့က သင်ကြားပေးရသည်မှာ လွယ်ကူလှ၏။
ဆရာ ဆရာမတို့ကလည်း စွမ်းနိုင်သည့်အလျော်က် သင်ကြားပေးကြ၏။ မိဘ ဆရာတို့ သင်ကြား ပေးလိုက်သော ဘာသာတရား လူ့ယဉ်ကျေးမှုများကို မှတ်သား နာခံ၍ အချိန်တန် အရွယ်ရောက် လူလား မြောက်သောအခါ မိဘဆရာသမားတို့ သင်ကြားပေးလိုက်သည့်အတိုင်း လူလိမ္မာ လူယဉ်ကျေးများ အများ အပြား ပေါ်ပေါက်လာကြတော့၏။

ထိတ်လန့်စရာ အသွင်တစ်ရပ်

ယခုခေတ်တွင် လူသား အတော်များများသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် အရေးပေါင်းများစွာတို့ဖြင့် လုံးလည်ချာလည် လိုက်နေကြရာ၊ မိဘ ဆရာသမားများက မိမိတို့၏ သားငယ် သမီးငယ် တပည့်ငယ်တို့အား စိတ်ရောကိုယ်ပါ ဘာသာတရား လူ့ယဉ်မှုများကို မသင်ပေးနိုင်ကြတော့ချေ။
ထိုအခါ ငယ်ရွယ်သူ သား သမီး တပည့်တို့အတွက် လူလိမ္မာ လူယဉ်များ ဖြစ်ထွန်း ပေါ်ပေါက်စေ ဖို့မှာ ထိတ်လန့်စရာ အသွင်တစ်ရပ်အဖြစ် တည်ရှိနေတော့သည်။

တာဝန်သိသူမှာ တာဝန်ရှိ

“တာဝန်သိသူမှာ တာဝန်ရှိ၏”ဟု ရှေးပညာရှိကြီးများ မိန့်ဆိုခဲ့ကြ၏။ လူလိမ္မာ လူယဉ်ကျေးများ အသီးသီး ပေါ်ပေါက်၍ ကမ္ဘာလောကကြီး ငြိမ်းချမ်းစေရန်။ လူသားများတွင် အတ္တမာနများ နည်းနိုင်သမျှ နည်းပါးစေရန် တာဝန်သိကြသော လူသားတိုင်းမှာ တာဝန်ရှိကြ၏။ အထူးသဖြင့် မိဘများနှင့် ဘာသာရေးခေါင်းဆောင်တို့မှာ အဓိကအားဖြင့် တာဝန်ရှိလာ၏။

တာဝန်သိရှိသည်ကို တာဝန်သိမှုနှင့် နှို်င်းချိန်၍ မိမိပိုင်ဆိုင် နိုင်းနင်းသည့်အလျောက် ဘာသာရေးနှင့် ဆက်နွယ်နေသည့် လူ့ယဉ်ကျေးမှုများကို တာဝန်ယူ လုပ်ဆောင် ဖြေရှင်း သင်ပေးကြလျှင် ယနေ့လူငယ်လေးများသည် နောင်တစ်ချိန်တွင် လူကြီးလူကောင်းများ၊ သားကောင်း၊ သမီးကောင်းများ၊ နိုင်ငံသားကောင်း၊ သမီးကောင်း၊ ကမ္ဘာ့သားကောင်း သမီးကောင်းများ။ တပည့်ကောင်း တပည့်မြတ် တပည့်မွန်များ အမှန်တကယ် ဖြစ်ထွန်း ပေါ်ပေါက်လာမည်မှာ အမှန်မုချပင်။

ဆိုလိုသည်မှာ လူသားအားလုံး ယဉ်ကျေးလိမ္မာစေဖို့၊ ကိုယ်ချင်းစာတရား ထားရှိနိုင်ဖို့၊ အတ္တမာနများ ကင်းစင်နိုင်သမျှ ကင်းစင်နိုင်ဖို့အတွက် လူသားအားလုံးမှာ တာဝန်ရှိ၏။ ထို့ထက် မိဘ၊ ဆရားသမားတို့မှာ ပို၍တာဝန်ရှိ၏။ တာဝန်အရှိဆုံးမှာ ဘာသာရေးခေါင်းဆောင်တို့ပင် ဖြစ်တော့၏။ တာဝန်ရှိသူများ ကိုယ်တိုင်က ယဉ်ကျေးလိမ္မာ ကိုယ်ချင်းစာတရားမရှိ၊ အတ္တမာနကို ရှေ့တန်းတင်၍ မိမိကိုယ်ကျိုးအတွက်သာ စဉ်းစားနေကြလျှင် သားငယ် သမီးငယ် တပည့်ငယ်တို့ နောင်ရေးမှာ ရင်လေးစရာပင်ဖြစ်တော့၏။

တိရစ္ဆာန်ပင် သင်၍ရ

လူသားတို့က မိမိတို့ ဖြစ်စေချင်သည့်အတိုင်း ငယ်ရွယ်သည့် အိမ်မွေးတိရစ္ဆာန်လေးများကို မိမိတို့ လိုအပ်သည့် ပုံစံအတိုင်း ပုံစံသွင်း သင်ကြားပေးကြ၏။ ထိုက်သင့်သလောက် တတ်မြောက်သည်ကိုလ့ည်း လူတိုင်း သိရှိကြ၏။ ထိုသို့ဆိုလျင် မိဘ၊ ဆရာသမား၊ ဘာသာရေးခေါင်းဆောင်တို့က ကလေးများ အသိပညာ နုနယ်သည့်အချိန်တွင် မိမိတို့ ဖြစ်စေချင်သည့်အတိုင်း လူ့ယဉ်ကျေးမှု တရားများ၊ ကိုယ်ချင်းစာ တရားများကို ပုံစံသွင်း သင်ကြားပေးလိုက်လျှင် ပို၍ အဆင်ပြေနိုင်မည် ထင်ပါ၏။

လူယုတ်မာကြီး

ဗြိတိန် နိုင်ငံက စစ်ဗိုလ်ချုပ်တစ်ဦး ရေးသားထားသော စာတစ်ပိုဒ်ကို သတိရမိ၏။ “ကလေးငယ်များ အား၊ ဘာသာတရား ယဉ်ကျေးမှုမပါဘဲ ပညာရေးသက်သက်ကိုသာ သင်ကြားပေးလိုက်ပါ။ အရွယ်ရောက် လူလားမြောက်သောအခါ ပရိယာယ်ကြွယ်ဝေသော လူယုတ်မာကြီး ဖြစ်သွားပါလိမ့်မည်”ဟု သူက ဆိုခဲ့၏။ စဉ်းစားစရာ တွေးတောစရာပင်။

အရောင်ဆိုးခြင်း

လူသားတို့၏ ယုံကြည်မှုသဘောတွင် အသိမကြွယ် ကလေးငယ်တို့ဘ၀က အလွန်ဖြူစင်၏။ ကလေးတို့၏ ယုံကြည်မှုသည် အလွန်ရိုးသား ဖြောင့်မတ်၏။ ကောက်ကျစ်စဉ်းလဲမှုတို့ မရှိ။ ထိုကလေးငယ်တို့၏ အဖြူရောင် အသိဉာဏ်ပေါ်တွင် ယုံကြည်ခြင်း၊ ယဉ်ကျေးခြင်း၊ စာနာနားလည်ခြင်း၊ အတ္တမာနများ ကင်စင်စေခြင်း၊ စသည့် မြင့်မြတ်သည့် ဘာသာရေး အရောင်များ ဆိုးပေးလိုက်သောအခါ မိဘ၊ ဆရာ၊ ဘာသာရေး ခေါင်းဆောင်တို့ ဆိုးလိုက်သည့် အရောင်အတိုင်း စိတ်ကြိုက်ပုံစံများ အများအားဖြင့် ထွက်ပေါ်လာတော့၏။

ဘာသာရေး၏ အကျိုးရလဒ်

မိမိကိုးကွယ်သည့် ဘာသာတရားကို ယုံကြည်မှုရှိခြင်းကြောင့် လိမ္မာ ယဉ်ကျေးလာခြင်း၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားတတ်လာခြင်း၊ “ငါလိုလူ မရှိ”ဟူသည့် အတ္တမာနများ ကင်းစင်လာခြင်း၊ လောကကောင်းကျိုး ပတ်ဝန်ကျင်ကောင်းကျိုးများ ဆောင်ရွက်တတ်လာခြင်း၊ ချမ်းသာသူကို တွေ့လျှင် မနာလိုမှု ၀န်တိုမှုများ ကင်းစင်လာပြီး ၀မ်းမြောက်သော စိတ်ထားများ ထားတတ်လာခြင်း၊ ဆင်းရဲသူ ကိုယ့်ထက်နိမ့်ပါးသူတို့နှင့် တွေ့သောအခါ မိမိအတ္တကို ရှေ့တန်းမတင် တော့ဘဲ ကိုယ်ချင်းစာတရားများထား တတ်လာခြင်း၊ ရိုင်းပင်း ကူညီလိုသည့် စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာခြင်း၊ စသည့် ကောင်းကျိုးတရားတို့သည် ဘာသာတရားကို ကိုးကွယ်ယုံကြည်ခြင်းကြောင့် ရရှိလာသော အကျိုးရလဒ် အသီးအပွင့်များပင်ဖြစ်တော့၏။

ဘာသာရေးအခြေခံ

ဘာသာတရား စစ်မှန်လျှင် မည်သည့် လူသားကိုမဆို ဆင်းရဲမှု ပူပန်မှု စိုးရိမ်မှု ကြောင့်ကြမှု ပယ်ဖျောက်ပေးနိုင်သည့် နည်းလမ်း အစစ်အမှန်ရှိရ၏။

နည်းလမ်းကောင်းမှ၊ ဘာသာတရား စစ်မှန်မှ လူသားတို့သည် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုများကို ရရှိနိုင်မည်ဖြစ်သည်။

ဘာသာရေးသည် တစ်ဘ၀စာ မဟုတ်သည့်အတွက် လူသားတို့ အခြေခံမှစ၍ သတိထားသင့်၏။ ထို့ကြောင့် မည်သည့်ဘာသာသည် ဘာကြောင့် ပေါ်ပေါက်လာရသနည်း?။ ဘယ်လိုနည်းမျိုးနှင့် ပေါ်လာရသနည်း?။ ကျင့်စဉ်က အဘယ်သို့ ရှိသနည်း?။ ယင်းကျင့်စဉ်သည် မည်သို့ မည်ပုံ အားထုတ်ရသနည်း?။ စသည့် စသည့် မေးခွန်းပေါင်းများစွာကို လူသားတိုင်း လေ့လာစစ်ကြောရပေ လိမ့်မည်။

စစ်မှန်သည့် ဘာသာတရားဖြစ်ဖို့ တည်ထောင်သည့် ဘာသာရေးခေါင်းဆောင်၏ အကျင့်၊ စရိုက်၊ ၀ါသနာ၊ အနစ်နာခံမှု စသည်တို့ကို မည်သည့်ဘာသာဝင် မဆို အခြေခံ ကျကျ လေ့လာ ဆည်းပူးသင့်၏။ အခြေခံမှ စ၍ မလေ့လာ မဆည်းပူးလျင် သာမန်ယုံကြည်မှု (သို့) မိရိုးဖလာ၊ အစဉ်အလာအရ ကိုးကွယ်ကြသူများ ဖြစ်ကြပေတော့မည်။

အခြေခံများ ကောင်းစေချင်

လောကတွင် မည်သည့် ဘာသာရပ်ကိုမဆို သင်ကြားတတ်မြောက်လိုလျှင် အခြေခံမှ၍ ကျနစွာ ဆည်းပူး သင်ယူရ၏။ အခြေခံများ မကောင်းဘဲ ကြီးမားသည့် မည်သည့်အောင်မြင်မှုမျိုးကိုမှ မရနိုင်။

အခြေခံ အုတ်မြစ် မကောင်းသည့် အထပ်ပေါင်းများစွာ မြင့်မားသည့် အဆောက်အဦးကို တည်ဆောက်လျှင် မြင့်မားလေလေ မြန်မြန် ပြိုကျ ပျက်စီးလေလေပင် ဖြစ်တော့၏။

အခြေခံမပါသော ပညာသင်ယူ ဆည်းပူသူတို့သည်လည်း အထက်တန်းရောက်လေ၊ ပညာတတ်သူ၊ အသိဉာဏ်ရှိသူတို့ ရှေ့မှောက်သို့ ရောက်ရှိလေ၊ ခေါင်းမဖော် မျက်နှာ မပြ၀ံ့ဘဲ ပျက်စီး အရှက်ကွဲရလေလေ သာ ဖြစ်တော့၏။ ပညာတတ်၊ ပညာရှိ၊ အသိဉာဏ်ရှိသူ ဖြစ်ချင်လျှင် အခြေခံကောင်းဖို့ လိုသည်မှာ သိသာ ထင်ရှားလှ၏။

ထို့ထက် ပို၍ပို၍ အရေးကြီးသည်မှာ ဘာသာတရားသို့ ချဉ်းကပ်လိုသူ ဘာသာတရား ရှိချင်သူတို့သည် မိမိတို့ ကိုးကွယ် ယုံကြည် ချဉ်းကပ် ဆည်းကပ်လိုသည့် ဘာသာတရား မူရင်း အခြေခံများကို မမေ့ မလျော့ မပေါ့ဆဘဲ အခြေခံမှ စ၍ ကောင်းမွန်စွာ လေ့လာစေလိုပါကြောင်း အသိပေးရင်းဖြင့် . . .။ အခြေခံများ ကောင်းစေချင် . . .

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

January 26, 2010

အမေကျေနပ်ပါပြီ သားရယ် (၁)


အမေကျေနပ်ပါပြီ သားရယ် (၁)

သာသနာနှစ်မျိုး

မြတ်စွာဘုရားသာသနာတော်တွင် ဘိက္ခုသာသနာ၊ ဘိက္ခုနီသာသနာ-ဟု နှစ်မျိုးနှစ်စား ရှိခဲ့ပါတယ်။ အမျိုးသား အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခုသာသနာဟု သုံးနှုံးပြီး၊ အမျိုးသမီး အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခုနီသာသနာဟု သုံးနှုံးခဲ့ပါတယ်။

ဘိက္ခုသာသနာ

မြတ်စွာဘုရားသာသနာတော်တွင် ဘိက္ခုသာသနာ အရင်ပေါ်ထွန်းခဲ့ပါတယ်။ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီးသည့်နောက် ဓမ္မစကြ်ာတရားတော်ကို ဟောတော်မူသည်မှ အစပြု၍ ဘိက္ခုသာသနာ အရင်ပေါ်ထွန်းခဲ့တယ်။ ဘိက္ခုသာသနာသို့ အရင်ဝင်ရောက်လာသူမှာ အရှင်ကောဏ္ဍညမထေရ် ဖြစ်ပြီး၊ သစ္စာလေးပါးကို မြတ်ဗုဒ္ဓသိရှိပြီးနောက် အရင်အဦးဆုံး သိရှိသူလည်းဖြစ်တယ်။

ဘိက္ခုနီသာသနာ

ဘိက္ခုသာသနာ ပေါ်ထွန်းပြီးနောက် မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်းတောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှုတို့ကြောင့် ဘိက္ခုနီသာသနာခေါ် ရဟန်းအမျိုးသမီးသာသနာ ပေါ်ပေါက်လာခဲ့တယ်။ အမျိုးသမီး ရဟန်းမသာသနာသို့ အရင်ဝင်ရောက်လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင် မင်းသမီး ငါးရာတို့ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမသာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။

ဧတဒဂ်

ဧတဒဂ်၏ အဓိပ္ပါယ်မှာ အသာလွန်ဆုံး အထူးချွန်ဆုံး-ဟု အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓမြတ်စွာသာသနာမှာ ဘိက္ခုသာသနာရော ဘိက္ခုနီသာသနာမှာပါ ဧတဒဂ်ဘွဲ့များကို မြတ်ဗုဒ္ဓက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်။

ရတ္တညူဧတဒဂ်

ရတ္တညူဧတဒဂ်ဆိုတာ ဗုဒ္ဓမြတ်စွာသာသနာမှာ ၀ါအကြီးဆုံး၊ သစ္စာလေးပါးကို ဗုဒ္ဓမြတ်စွာက လွဲရင် အရင်ဆုံးသိသူကို မြတ်ဗုဒ္ဓက ချီးမြှင့် ပေးအပ်ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်တယ်။ အဲဒီ ဘွဲ့ထူး ဂုဏ်ထူးကြီးကို အမျိုးသားရဟန်းသာသနာမှာ အရှင်ကောဏ္ဍည မထေရ်က ရရှိပိုင်ဆိုင်ပြီး၊ အမျိုသမီး ရဟန်းမသာသနာမှာ မိထွေးတော်ကြီးက ရရှိပိုင်ဆိုင်ခဲ့တယ်။

သီတင်းသုံးနေထိုင်ရာ

တစ်ချိန်တုန်းက လောကကြီးကို အသိဉာဏ်တွေ ထွန်းလင်းပေးခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ဝေသာလီပြည်ရဲ့အနီး မဟာဝုန်တောကြီးအတွင်း ကူဋာဂါရသာလာကျောင်း (စုလစ်မွန်းချွန်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဇရပ်)မှာ သီတင်းသုံး နေထိုင်တယ်။ အဲဒီအချိန်မှာ မိထွေးတော် ဂေါတမီကြီးကတော့ ဝေသာလီမြို့ထဲမှာ အမျိုးသမီးတို့ ပျော်စံရာ ဘိက္ခုနီမကျောင်းတိုက်တာမှာ သီတင်းသုံးနေထိုင်တယ်။

စဉ်းစားမိပြီ

အဲဒီလို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သီတင်းသုံး နေထိုင်ရင်း တစ်နေ့မတော့ မိထွေးတော်ကြီးရဲ့ စိတ်ထဲမှာ စဉ်းစားမိတယ်။ သြော် . . . သားတော်ဘုရား မြတ်ဗုဒ္ဓ၊ အဂ္ဂသာဝကကြီးများဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်၊ မြေးတော်လေး အရှင်ရာဟုလာ၊ ငါ့ကို ဘိက္ခုနီမသာသနာ တည်ထောင်ခွင့် ရအောင် ကြိုးပမ်းပေးခဲ့တဲ့ အရှင်အာနန္ဒာတို့ ခန္ဓာကိုယ်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို ငါဖူးမြော်ခွင့် ရတော့မဟုတ်ဘူး၊ လို့ ဆုံးဖြတ်ချက်ချ စဉ်းစားမိလိုက်တာနဲ့ မဟာပထ၀ီမြေကြီးက ချက်ချင်းတုန်လှုပ်၊ အင်မတန်မှ ကြည်လင်သန့်ရှင်းနေပြီး မိုးတိမ်၊ မိုးသား၊ မိုးရိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ကြီးကလဲ ချက်ချင်းဆိုသလို ညို့မှောင်တက်လာပြီး မိုးတွေ အရမ်းခြိမ်းလာတယ်။


(ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတာက မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ သက်တော်က ၈၀၊ ယသော်ဓရာ စံတာက ၁၄၆၊ အသက်က ၇၈၊ သားတော်လေးရာဟုလာက မိခင် ယသော်ဓရာထက်စော၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန် တို့က မဟာသက္ကရာဇ် ၁၄၇-ခုနှစ်မှာ အသီးသီး ခန္ဓာ့ဝန်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းခဲ့တယ်။ စကားချပ်။ )

နတ်တွေက ငိုတယ်

မိထွေးတော်ကြီး ဆုံးဖြတ်ချက် ချလိုက်တာကို ပထမဦးဆုံးသိတာ ကျောင်းနားတစ်ဝိုက်မှာ ရှိနေတဲ့ နတ်တွေပဲ၊ သူတို့က သိတော့ ငိုကြတာပေါ့။ ( သူတို့ငိုတာက တို့ ရွှေမြန်မာတွေ ငိုတာနဲ့မတူဘူး။ တို့ရွှေမြန်မာတွေက မဖြစ်နိုင်တာကို တမ်းတပြီးငိုကြတာ။ သေတဲ့ လူကို ကိုင်ပြီး အမလေး၊ ထကြည့်ပါအုံး - စသည်ဖြင့် ငိုကြတယ်။ မျိုးစုံပါပဲ။ သေတဲ့လူက ဘယ်လိုလုပ် ထကြည့်နိုင်မလဲ။ စဉ်းစားစရာတွေ၊ ထိုင်းနိုင်ငံမှာတော့ အတုယူစရာကောင်းတယ် အသံထွက်ပြီး ဘယ်သူမှ မငိုဘူး၊ မျက်ရည်တွေ စီးကြရုံလောက်ပဲ၊ အသုဘအထိမ်းအမှတ်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ကြတယ်။ စကားချပ်။ ) နောက်ပြီး ကောင်းကင်က စတုမဟာရာဇ် အစရှိတဲ့ ရာဂမကင်းနိုင်သေးတဲ့ နတ်တွေမှန်သမျှ ငိုကြတယ်။

နတ်တွေ ရှိစေ သရဲတွေမရှိစေနဲ့

ဒါကတော့ စကားချပ် အနေနဲ့ ပြောချင်တာပါ။ ကောင်းကင်က နတ်တွေဟာ လူ့ပြည်ကို လာရမှာ အရမ်းကြောက်တယ်။ လူ့ပြည်က နံလို့တဲ့။ ဘာတွေ နံသလဲ ဆိုတာတော့ ကိုယ်ဟာကိုယ်ပဲ တွေးကြည့်တော့။ အနံ့ချင်း မတူကြဘူးနော်။ သတိထားကြ။ စာဖတ်သူတို့ သတိထားမိကြမှာပါ။ တို့နိုင်ငံမှာ နေတုန်းက လူတွေရဲ့ အနံ့ ဒီ့ပြင်နိုင်ငံက လူတွေရဲ့ အနံ့၊ တို့နိုင်ငံမှာတောင် လူတန်းစား ပေါင်းစုံတို့ အနံ့ ဒါတွေဟာ ဘယ်လောက်ကွာခြားသလဲဆိုတာ၊ စဉ်းစားမိကြမှာပါ။


ပြောချင်တာက သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖော်မွေ့ ဆိုတာပါပဲ။ လောကကြီးမှာ စိတ်သဘော ထား တူသူအချင်းချင်းသာ ပေါင်းဖော်ယှဉ်တွဲ နေထိုင်ကြတာ။ မတူသူတွေလဲ အထိုက်အလျောက်တော့ ရှိမှာပေါ့လေ။ နတ်နဲ့ သူရဲက မတူဘူးနော်။ စဉ်းစားကြ၊ ကိုးကြီးကျော်တို့၊ ပန်းပဲ မောင်တင့်တယ်တို့ စတာတွေဟာ ဘာတွေလဲ။ ဒါတွေလဲ စဉ်းစားကြ၊ နတ်အစစ်တွေကတော့ သီလ မရှိတဲ့ သူတွေရဲ့ ထံပါးကို ဘယ်တော့မှ မလာဘူး ဆိုတာပဲ၊ နတ်တော့ရှိကြပါစေ။ သရဲတော့ မရှိကြပါစေနဲ့ကွယ်။)

ဝန်ခံချက်
ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေကျေနပ်ပါပြီသားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့အတွက် ပြန်လည်ရေးသားပါသည်။ ထိုင်းနိုင်ငံရောက် မြန်မာကျောင်း ရဟန်းတော်များဆိုဒ် (MSMO)၊ ၀ိမုတ္တိသုခ၊ ၀ိမုတ္တိရသ၊ အဖြူရောင်ဆိုဒ်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

အမေကျေနပ်ပါပြီ သားရယ် (၂)



အမေကျေနပ်ပါပြီ သားရယ် (၂)

အဲဒါ တို့ကြောင့်ပါ

ကျောင်းဝင်း တစ်ဝင်းထဲမှာ အတူရှိနေကြတဲ့ သာကီဝင် ရဟန်းအမျိုးသမီးငါးရာလဲ ဒီလို မမျှော်လင့်တဲ့ ဖြစ်ရပ်ကြီးနဲ့ ရုတ်တရက် ကြုံလိုက်ရတော့ အလွန်ထူးဆန်းသွားတယ်။ ဒါဟာ တစ်ခုခုတော့ ထူးခြားမှာပဲလို့ တွေးကြပြီး မိထွေးတော်ကြီးဆီ စုရုံး ရောက်ရှိလာကြတယ်။

အဲဒီနောက် မိထွေးတော်ကြီးကို ရိုသေစွာ ရှိခိုးပြီး၊ သူမတို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရတဲ့ ကောင်းကင်က မိုးခြိမ်းသံတွေ၊ မြေကြီးတုန်လှုပ်တာတွေကို ကြားရ မြင်ရတော့ ဘာများအကြောင်းထူးလို့ပါလဲဘုရား-လို့ မိထွေးတော်ကြီးကို အဖြစ်အပျက်တွေ လျှောက်ကြတယ်။
“ရှင်မတို့ မိထွေးတော်ကြီးလေ ခန္ဓာ့ဝန် ရုတ်သိမ်းပြီး၊ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာကြောင့် အဲဒီ အဖြစ်အပျက် ဖြစ်လာတာပါ၊ အဲဒါ တို့ကြောင့် ဖြစ်တာပါကွယ်”ဟု မိထွေးတော်ကြီးက ရှင်းပြလိုက်တယ်။

လိုက်ပါရစေ 


မိထွေးတော်ကြီးရဲ့ စကားကို ကြားတယ်ဆိုရင်ပဲ သာကီဝင် ရဟန်းအမျိုးသမီး ငါးရားတို့က “တပည့်တော်မတို့လဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချ ကြံစည်မိကြပါပြီဘုရား”လို့ လျှောက်ထားကြတယ်။

ဆက်လက်ပြီး မိထွေးတော်ကြီးကို “တပည့်တော်မတို့ တတွေဟာ တောထွက်လာကြတုန်းကလဲ အတူတူ၊ မြတ်ဗုဒ္ဓထံမှောက်မှာ ရဟန်းမ ၀တ်ကြတုန်းကလဲ အတူတူ၊ တရားအားထုတ်ကြတော့လဲ အတူတူ၊ တရားထူး ရပြန်တော့လဲ မရှေး မနှောင်းမှာပဲ အတူတူ ရခဲ့ကြပါတယ်။ မိထွေးတော်ကြီး ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို တပည့်တော်မတို့လဲ အတူတူ လိုက်ပါရစေတော့ဘုရား”လို့ လျှောက်ထားတောင်းပန်ကြတယ်။

ခွင့်တောင်းကြဦးစို့

ရှင်မတို့ရယ်. . . တို့ကတော့ကွယ်၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းကြတော့မယ့် ရှင်မတို့အတွက် ဘယ်တားရက်ပါ့မလဲ။ သွားကြတာပေါ့ကွယ်။ ဒါပေမဲ့ တို့သဘောနဲ့တို့ သွားလို့တော့ မဖြစ်သေးဘူး၊ တို့ရဲ့ ကျေးဇူးရှင်ကြီး သားတော်ဘုရားဆီကို သွားပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းဖို့အတွက် ခွင့်တောင်းကြဦးစို့”ဟု သာကီဝင် ရဟန်းမ ငါးရာကို ပန်ကြားလိုက်တယ်။

သည်းခံကြပါကွယ်

အဲဒီလို ပန်ကြားပြီး မကြာခင်မှာ မိထွေးတော် ဂေါတမီကြီးနဲ့ သားကီဝင် ရဟန်းမငါးရာတို့က ကျောင်းကြီးပေါ် က ဆင်း ကျောင်းခြံဝင်းက မထွက်ခင်မှာပဲ ကျောင်းစောင့်နတ်တွေကို



( ဥပဿယေ ယာဓိဝတ္တာ၊ ဒေ၀တာ တာ ခမန္တုမေ။ ဘိက္ခုနီ နိလယေဿဒံ၊ ပစ္ဆိမံ ဒဿနံ မမ။)

တို့တတွေ သီတင်းသုံးရာ ဘိက္ခုနီမ ကျောင်းတိုက်တာကို စောင့်ရှောက် ၀န်းရံနေကြတဲ့ နတ်များအပေါင်းတို့၊ တို့တတွေမှာ အပြစ်များ တစ်စုံများ ရှိခဲ့ရင် သည်းခံကြပါကွယ်”လို့ သည်ခံစေဖို့ ပန်ကြားလိုက်တယ်။
ပြီးတော့ … တို့များဟာ ဒီဘိက္ခုနီမကျောင်းတိုက်တာကြီးကို ကြည့်ရှုခွင့်ရခြင်းဟာ နောက်ဆုံးကြည်ခြင်းပေပဲ - ဟု ပြောဆိုရင်း ဘိက္ခုနီမတို့ ကျောင်းတိုက်ကနေ ထွက်လို့လာခဲ့တယ်။

ကြေရာ ကြေကြောင်း တောင်းပန်ချင်

ဒီနေရာမှာ တို့တတွေ အတုယူသင့်တာက လူတွေမှာ ကံသုံးပါး ရှိတယ်။ ကာယကံ (ခန္ဓာကိုယ်နဲ့ စပ်နေတဲ့ကံ)၊ ၀စီကံ (ပါးစပ်နဲ့ စပ်နေတဲ့ကံ)၊ မနောကံ (စိတ်နဲ့ စပ်တဲ့ကံ)၊ အဲဒီကံသုံးပါးမှာ ရဟန္တာတွေမှာ ပြစ်မှား ကျူးလွန်ခြင်း မရှိကြပေမဲ့ မိထွေးတော်ကြီးကတောင်းပန်တယ်။ အတုယူစရာနော်။


ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး၊ မိဘ၊ ဆရာသမားများ၊ တစ်ဦးတစ်ယောက် မည်သူ့ကို မဆို ကိုယ် နှုတ် စိတ် တစ်ခုခုနဲ့ ပြစ်မှားမှု ရှိခဲ့သည်ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ တစ်နေရာ တစ်ဒေသသို့ ထွက်ခွါတော့မည့် ပုဂ္ဂိုလ်အတွက် သက်ဆိုင်သူတွေကို တောင်းပန်သင့်တယ်။ တစ်ဘ၀လုံးအတွက် ဆိုရင်တော့ ပိုလို့တောင် တောင်းပန်သင့်တာပေါ့။


မြန်မာ့ စကားပုံတွင် “ရန်သူတောင် တောင်းပန်ရင် ကြေအေးရ၏”ဟု ဆိုရိုးစကား ရှိတယ်။ အပြင်းအထန် ရန်ဖြစ်ကြ၊ မခေါ်နိုင် မပြောနိုင်ဖြစ်ကြပြီးမှ မှားသူက မိမိအပြစ်ကို ကြေရာကြေကြောင်း တောင်းပန်ပြီးနောက်၊ ခွင့်လွတ် သီးခံကာ မိတ်ဆွေအဖြစ်၊ အပေါင်းအသင်းအဖြစ်၊ အကြင်လင်မယားအဖြစ်၊ ဆရာတပည့်အဖြစ်၊ အသက်ထက်ဆုံး ဆက်လက် ပေါင်းသင်း နေထိုင် သွားကြသည်မှာ လောကကြီးတွင် ဒုနှင့်ဒေး၊ တောင်းပန်သူနှင့် ခွင့်လွှတ်သူတို့၏ အကျိုးဆက်ဖြစ်တယ်။


တောင်းပန်သူကို မကြေအေး၊ ခွင့်မလွတ် သီးမခံနိုင်ပါက တောင်းပန်ခံရသူသည် လူမိုက်ဖြစ်ကြောင်းနှင့်၊ ခွင့်လွတ် သီးခံနိုင်သူသည် လူလိမ္မာ ဖြစ်ကြောင်း မြတ်ဗုဒ္ဓက အင်္ဂုတ္တရနိကာယ် တိကနိတ်ပါတ်တွင် အတိအကျ မိန့်မှာထားခဲ့ပြီးဖြစ်တယ်။


အမေကိုသတ်သူ၊ အဖေကို သတ်သူ၊ ရဟန္တာကို သတ်သူ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သူ၊ သံဃာတော် အချင်းချင်း မသင့်မတင့်ဖြစ်အောင် သွေးထိုး ကုံးတိုက်သူ ဤငါးဦးတို့ကတော့ ဘယ်လိုပင် တောင်းပန် တောင်းပန်၊ တောင်းပန်ခံရသူက ဘယ်လိုပင်ကြေအေး ကြေအေး လုံးဝ အပြစ် မကြေနိုင်ဘဲ၊ ကျူးလွန်သည့် အပြစ်ဒဏ်တိုင်း မုချ ခံစားရမှာ အမှန်ပင်ဖြစ်တယ်။ )

ဆက်ရန် -

ဝန်ခံချက်
ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေကျေနပ်ပါပြီသားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့အတွက် ပြန်လည်ရေးသားပါသည်။ ထိုင်းနိုင်ငံရောက် မြန်မာကျောင်း ရဟန်းတော်များဆိုဒ် (MSMO)၊ ၀ိမုတ္တိသုခ၊ ၀ိမုတ္တိရသ၊ အဖြူရောင်ဆိုဒ်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း။



မောင်ပညာ (မန်းတက္ကသိုလ်)

အမေကျေနပ်ပါပြီ သားရယ် (၃)

အမေကျေနပ်ပါပြီ သားရယ် (၃)

ပြစ်မှား စိတ်မှာ မရှိရာ

မေတ္တာဝေမျှ၊ ဤလောက၌၊ သတ္တဖ၀ါး၊ အတူသွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏။ ဆယ့်နှစ်လှမ်းသော်၊ အဖော်သဟဲ၊ လခွဲ ညာတိ၊ မည်ဘိ မပျက်၊ ထို့ထက်လွန်စွာ၊ ရက်ကြာ ကာလ၊ ပေါင်းဖက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့်တူ၏၊ အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မရှိရာဘူး။ (မဃဒေ၀)

သံသရာ ခရီသွား လူသားတို့သည် လူ့ပြည်ဌာန လူ့လောကတွင် ကြုံရ ဆုံရသည်မှာ “ရှေးဘ၀က၊ ရေစက်၊ ပန္နက်ဖူးသော၊ သစ္စာတွေကြောင့်” ဒီဘ၀မှာ လာပြီးတော့ ဆုံရ ကြုံကြခြင်း ဖြစ်တယ်။ ဒီဘ၀မှာ အတူတူ နေခွင့်ရဖို့ဆိုတာက အတိတ်က ကုသိုလ်တွေ အတူလုပ်ခဲ့ဖူးသလား။ စိတ်တူ ကိုယ်တူ ရှိခဲ့ဖူးသလား။ ဒီဘ၀မှာရော သူ့အကျိုး ကိုယ့်အကျိုး မျှမျှတတ ဆောင်ရွက်ကြနိုင်ရဲ့လား။ ဒီလိုဆောင်ရွက်နိုင်ပြီ ဆိုရင်တော့ ဘယ်တော့ ခွဲရ ခွါရမှာ မဟုတ်တော့ဘူး။

ကြုံရ ဆုံရသော အခိုက်အတန့် ကာလအတွင်း ခြေထောက် ၇-ဖ၀ါး အတူသွား၊ အတူ လှမ်းမိခဲ့ရင် မိတ်ဆွေစစ် ဖြစ်တယ်၊ ၁၂-ဖ၀ါး အတူ လှမ်းမိခဲ့ရင်တော့ လက်တွဲဖော်၊ ၁၅-ရက်လောက် ပေါင်းသင်းခဲ့မိရင် ဆွေမျိုး၊ ဒီ့ထက် အလွန် ပေါင်းရ သင်းရ၊ တွေ့ကြ ဆုံကြရရင်တော့ မိမိနဲ့ အတူထားပြီး ဆက်ဆံရလိမ့်မယ်။ မည်သို့သော ပုဂ္ဂိုလ်မျိုး လူမျိုးကို မဆို မပြစ်မှားသော စိတ်ထားဖြင့် ဆက်ဆံရမယ်-ဟု မာန်လည်ဆရာတော် ဘုရားကြီးက ဆုံးမခဲ့ဖူးတယ်။

လမ်းမခွဲခင် ဆုံးမစကား

မိထွေးတော်ကြီးနဲ့ သာကီဝင်အမျိုးသမီးရဟန်းမ ငါးရာတို့ တစ်ဦးကို တစ်ဦး သည်းခံ ခွင့်လွှတ်ကြဖို့ နတ်တွေကို ပန်ကြားရင်း တရားတစ်ပုဒ်နဲ့ ဆုံးမပြီး နှုတ်ဆက်လိုက်တယ်။

(န ဇရာ မစ္စုဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော၊ ပိယေဟိ ၀ိယောဂေါတ္ထိ၊ တံ ၀ဇ္ဇိဿံ အသင်္ခတံ။ )

တို့တတွေ အခုသွား ရမှာက နိဗ္ဗာန်ခရီးဖြစ်တယ်၊ အဲဒီနိဗ္ဗာန်မှာ ဆွေးမြေ့ ယိုယွင်း၊ အိုမင်း ရတဲ့ သဘောတွေ၊ ဆံဖြူ ခါးကိုင်း နားထိုင်ပြီးတော့ မရဏလက်တွင်း သက်ဆင်းရတဲ့သဘောတွေ၊ ငိုရာက ကြီး၊ ကြီးရာက အို၊ အိုရာက နာ၊ နာရကသေ၊ အဲဒီ ဆင်းရဲခြင်း သဘောတွေ မရှိပါဘူးကွယ်။ စိတ်ဆင်းရဲစရာ ဖြစ်တဲ့ မချစ်မနှစ်သက်တဲ့သူတွေ့နဲ့ ပေါင်းဖော် ယှဉ်တွဲ နေထိုင်ရပြီး၊ ချစ်ခင် နှစ်သက်တဲ့ သူတွေနဲ့ ကွေကွင်း ခွဲခွါသွားရမယ့် သဘောတွေလည်း မရှိပါဘူးကွယ်၊ အဲဒီအရာဝတ္ထုတွေ မရှိတဲ့ အေးချမ်း ငြိမ်းရာ နိဗ္ဗာန်သာသို့ မိထွေးတော်ကြီးသွားတော့မယ် လို့ တရားဟောရင်း နဲ့ နှုတ်ဆက်လိုက်တယ်။

“ငိုချင်ရက် လက်တို့” ဆိုသလို မိထွေးတော်ကြီး နိဗ္ဗာန်သွားတော့မယ့်အကြောင်း နှုတ်ဆက်လိုက်မှပဲ လမ်းဘေးဝဲယာ တစ်ဖက်တတစ်ချက်မှာ မိထွေးတော်ကြီးအပေါ် သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ပြီး ရာဂမကင်းနိုင်ကြသေး တဲ့ ပရိသတ်တွေကလဲ ငိုကြွေးကြပြန်တယ်။ ဒီတစ်ခါ သူတို့ငိုတဲ့ အသံလေးက မှတ်သားစရာ။

“အဟော နော အပ္ပပုညတာ” တဲ့ မိထွေးတော်ကြီးနဲ့ ငါတို့တတွေ နောက်ထပ်တစ်ဖန် ကြုံခွင့် ဆုံခွင့် မရတော့ တာဟာ ငါတို့တတွေမှာ ဘုန်းကံနဲကြလို့ပဲ-လို့ ပြောပြောပြီး ငိုကြတာ။
ဟုတ်တာပေါ့ မိထွေးတော်ကြီးနဲ့ ရှိနေရင် သူတို့တတွေကို ကောင်းတာတွေ လုပ်ဖို့၊ မကောင်းတာတွေ မလုပ်ဖို့၊ မိမိစိတ်ကလေးကို ဖြူစင်အောင်ထားဖို့ မကြာခဏဆိုသလို ဆုံးမ သြ၀ါဒတွေ ပေးလေ့ရှိတယ်။ အခုတော့ ဆုံးမမယ့်သူ မရှိတော့တဲ့ “အမိမဲ့သား၊ ရေနဲငါး”ဘ၀ကို ရောက်သွားကြပြီ။ အဲဒီလိုနဲ့ သူတို့တတွေဟာ ဖြေမဆည်နိုင် မျက်ရည် တဖြိုင်ဖြိုင်နဲ့ ငိုကြွေးနေကြတာပေါ့။

ငိုကြွေးတယ်ဆိုတာ

အမှန်တကယ်တော့ ငိုတဲ့သူများဟာ ကိလေသာရာဂတွေ များနေလို့၊ သံယောဇဉ် ကိလေသာတွေ သိပ်များနေလို့ ငိုကြတာ။ မိထွေးတော်ကြီးကတော့ အေးအေးဆေးဆေးပဲ။ ရဟန္တာဖြစ်နေပြီလေ၊ ငိုကြွေးစရာ မျက်ရည်မှ မကျန်တော့တာ။ သူတို့တတွေကို တုန်လှုပ်မှု ကင်းမဲ့တဲ့စိတ်နဲ့ကို ထာဝရနှုတ်ဆက်သွားတာ။

နှုတ်မဆက်သင့်ဘူး

ဒါနဲ့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ သူကပြောတော့ နှုတ်မဆက်သင့်ဘူးတဲ့။

တွေ့ပြန်တော့ ခဏကွယ်၊ ချစ်လို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ ချစ်သက်ဦး၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ တို့နှစ်ဦးအတွက် နှုတ်မဆက်သင့်ဘူး။

နှုတ်ဆက်တယ် ဆိုတာ ထာဝရခွဲခွါသွားကြတဲ့ သူတွေသာ နှုတ်ဆက်ကြတာ၊ ထာဝရမခွဲမခွါသေးဘဲ ပြန်လည် ဆုံတွေ့ကြရမှာဖြင့် နှုတ်မဆက်သင့်ဘူးတဲ့။

တောင်တန်းပေါ်မှာ

စာရေးသူတို့ အစိုးရတာဝန်နဲ့ တောင်တန်းပေါ်မှာ ၁၀-တန်းတွေကို အင်္ဂလိပ်စာသင်ပေးရင်း(2000-ခုနှစ်က ထင်ပါတယ်။) တပည့်တွေကို စာသင်ကြားမှုပြီးဆုံးတဲ့နေ့မှာ အဲဒီကဗျာလေးကို စာသားပြောင်းပြီး ရေးပြ ရွတ်ပြဖူးတယ်။

တွေ့ပြန်တော့ ခဏကွယ်၊ သင်လို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ တပည့်များ၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ ဆရာ တပည့်နှစ်ဦးအတွက် နှုတ်မဆက်သင့်ဘူး။ အဲဒီလို ရေးပြ ရွတ်ပြတော့ တပည့်မတွေထဲက ချင်းမလေးတစ်ယောက် ငိုပါလေရော။

ရွတ်ပြရတဲ့ ရည်ရွယ်ချက်

ပလ္လင်ပေါ်မှာလဲ ဒီကဗျာကို တရားဟောရင်းရွတ်ပြဖူးတယ်။

တွေ့ပြန်တော့ ခဏကွယ်၊ ဟောလို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ ပရိတ်သတ်များ၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ ပရိသတ်များအတွက် နှုတ်မဆက်သင့်ဘူး။

အဲဒီလို ရွတ်ပြနေတာဟာ ရွတ်လို့ ကောင်းတာလဲ ပါတယ်။ ခွဲခွါရခြင်းသဘောကြောင့် မတည်မြဲခြင်း အနိစ္စသဘောကို သိစေချင်တာလဲ ပါတယ်။ နောက် ချစ်တဲ့သူတွေနဲ့ ကွေကွင်း ခွဲခွါရတဲ့ (ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော) ဆင်းရဲခြင်းရဲ့ ဒုက္ခသဘောကို သိစေချင်တာလဲပါတယ်။ အဲဒီသဘောတွေ ပြောပြပြီးတော့မှ ရွတ်ပြခဲ့တာပါ။

၂၀၀၂-ခုနှစ်မှာ သတင်းစကားကြားရတာတော့ တောင်ပေါ်မှာ စာသင်ပေးရင်း ကြုံရဆုံရ ငိုခဲ့ရသူ ချင်းမလေး သီလရှင် ၀တ်သွားတယ်လို့ ကြားတယ်၊ အခုစာရေးနေချိန် မှာတော့ ၀တ်နေသေးလား၊ မ၀တ်တော့ဘူးလား ဆိုတာ မသိဘူး။

ဆက်ရန် -

ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေကျေနပ်ပါပြီသားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်း ရဟန်းတော်များဆိုဒ် (MSMO)၊ ၀ိမုတ္တိသုခ၊ ၀ိမုတ္တိရသ၊ အဖြူရောင်ဆိုဒ်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

အမေကျေနပ်ပါပြီ သားရယ် (၄)

အမေကျေနပ်ပါပြီ သားရယ် (၄)

စည်းစိမ်ရှင်မကြီး

မိထွေးတော်ကြီးကတော့ ထာဝရ နှုတ်ဆက်သွားပြီနော်။ အဲဒီလို နှုတ်ဆက်တော့ ရာဂမကင်းသေးတဲ့ သူတွေကတော့ ငိုကြတာပေါ့။ မိထွေးတော်ကြီးနဲ့ ရဟန္တာထေရီမ ငါးရာတို့ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မယ်လို့ တဆင့်စကား တဆင့်နားကြားတော့ သဒ္ဓါတရားသိပ်ကောင်းတဲ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေက မိမိတို့ အိမ်ပေါ်ကနေ ဆင်း၊ မိထွေးတော်ကြီးတို့ သွားရာလမ်းမှာ ဖူးမြှော်ကြ၊ ကန်တော့ကြပြီး လျှောက်ထား တောင်းပန်ကြတယ်။

စည်းစိမ်ရှင်မကြီး စိတ်အေးအေးထားပါဘုရား။ ကိုးကွယ်ရာမဲ့နေတဲ့ တပည့်တော် တပည့်တော်မတို့ကို ခွဲခွါပြီး ခန္ဓာ့ဝန် ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မယ်ဆိုတာက အခွင့်မလျော် မသင့်တော်ပါဘူးဘုရား။ သူတို့က ဒီလိုကို လျှောက်ထား တောင်းပန်ကြတာ။ အဲဒီလို လျှောက်ထားကြသူတွေဟာ သူတို့တတွေရဲ့ သံယောဇဉ် ရာဂတရားတွေက နှိပ်စက်ဖိစီးကြလို့ ငိုကြွေး မြည်တမ်းရင်း လျှောက်ထားတောင်းပန်ကြတာ။

လျှောက်ထားတောင်းပန်သူတွေရဲ့ စကားထဲမှာ စည်းစိမ်ရှင်မကြီး (မဟာဘောဂေ) ဆိုတဲ့စကားပါတယ်။ ဟုတ်တယ် မိထွေးတော်ကြီးရဲ့ဘ၀က စည်းစိမ်တွေနဲ့ ပြည့်နက်နေတဲ့ဘ၀။

လူ့ဘောင်လောကမှာ ရှိစဉ်တုန်းကလဲ ထီးနန်းစည်းစိမ်တွေကို ပြည့်ပြည့်၀၀ ခံစားခဲ့ရတယ်။ လိုအပ်တယ်ဆိုတာ မရှိလောက်အောင်ကို ခံစားခဲ့ရတာ။ ဆင်းရဲဒုက္ခဆိုတာ ချိုနဲ့လား၊ ဘယ်လိုဟာမျိုးလဲလို့ မေးရမလို ဖြစ်နေတယ်။

ရဟန်းမအဖြစ် ပြုပြီးတဲ့ နောက်ပိုင်းမှာ ကိလေသာတွေငြိမ်းလို့ နိဗ္ဗာန်ချမ်းသာကို ပြည့်ပြည့်၀၀ကြီး ခံစားနေရတဲ့ မိထွေတော်ကြီးဖြစ်တယ်။ အဲဒါကြောင့် သူတို့က မိထွေးတော်ကြီးကို စည်းစိမ်ရှင်မကြီးလို့ ခေါ်တာဖြစ်မှာ။

တရားဟောရပြန်

အဲဒီလို ရင်ဘတ်စည်တီး ငိုကြွေးပြီးနေကြတဲ့ ပုဂ္ဂိုလ်တို့အတွက် စိုးရိမ်သောကတွေ၊ ကြောင့်ကြရတာတွေကို ငြိမ်းအေးစေနိုင်ဖို့ အတွက် တရားဟောရပြန်တယ်။

အို . . . သားတော် သမီးတော်တို့ သင်တို့တတွေဟာ အခု အချိန်မှာ ရင်ဘတ်စည်တီး ငိုညီးနေရမယ့် အချိန်မဟုတ်ဘူး၊ ဒီနေ့ဟာ ခန္ဓာ့ဝန်ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော်ကြီးတို့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမဲ့အချိန်အခါ ကာလကြီးပါကွယ်။

အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ မိထွေးတော်ကြီးလေ . သိသင့် သိထိုက်တဲ့ ဆင်းရဲခြင်းတွေရဲ့ သဘောကို ပိုင်းပိုင်းခြားခြား ကောင်းကောင်းမွန်မွန် သိခဲ့ပြီးပြီကွယ့်။ ဆင်းရဲခြင်းရဲ့ လက်သည်ဖြစ်တဲ့ သံယောဇဉ် သမုဒယတဏှာ ကိုလည်း မိထွေးတော်ကြီး သုတ်သင်နှိမ်နင်းပြီးပြီ။ အဲဒီတရားတွေ ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိရောဓ နယ်ပယ်ကိုလဲ မိထွေးတော်ကြီး ရောက်ပြီးပြီ။ နိဗ္ဗာန်ရောက်ရန် လမ်းကြောင်းမှန်တဲ့ မဂ္ဂသစ္စာတွေကိုလဲ သေသေချာချာကို ပွားများပြီးသွားပါပြီကွယ်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန်ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော်ကြီးတို့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမဲ့အချိန်အခါ ကာလကြီးပါကွယ်။

အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ မိထွေးတော်ကြီးလေ . မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကို ကောင်းစွာ လေ့ကျက်ခဲ့ပြီး၊ ရင်ထဲမှာ ထည့်ပြီးပါပြီ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို သင်ယူခြင်း ပရိယတ္တိသာသနာ၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်ခြင်း ပဋိပတ္တိသာသနာ၊ သုံးဆောင်းခံစားခြင်း၊ ဆိုက်ရောက်ခြင်း ပဋိဝေဒသာသနာ၊ အဲဒီသာသနာ သုံးရပ်စလုံးကို မိထွေးတော်ကြီး အကုန်လုံး ပြီးစီးအောင် ဆောင်ရွက်ပြီးပြီ။ အလွန်တရာမှ လေးလံလှတဲ့ ဥပါဒါနက္ခန္ဓာလို့ခေါ်တဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို အကုန်လုံး ပစ်ချပစ်လိုက်ပြီးပြီ။ ဘ၀ကို ဖြစ်စေတတ်တဲ့ လက်သည် သံယောဇဉ် သမုဒယတဏှာကို မိထွေးတော်ကြီးက အမြစ်ပါမကျန်အောင် ပယ်သတ် ခုတ်ထွင် ရှင်းလင်းခဲ့ပြီးပြီကွယ့်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန်ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော်ကြီးတို့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမဲ့အချိန်အခါ ကာလကြီးပါကွယ်။

လိုရာခရီး သွားနိုင်ကြ

လောကကြီးမှာ မိဘတွေဟာ ခရီးထွက်တော့မယ်ဆိုရင် အိမ်မှာ ရှိတဲ့ အလုပ်တွေကို ပြီးစီးအောင်လုပ်။ သားသမီးတွေကို မှာစရာရှိတာ မှာပြီးမှ ခရီးထွက်လေ့ ရှိကြတယ်။ အဲဒီလို လုပ်သင့်လုပ်ထိုက်တာတွေ မှာသင့် မှာထိုက်တာတွေ မှာပြီးတာတောင် မလိမ္မာတဲ့ သားသမီးများ ရှိခဲ့ရင် မိဘတွေဟာ ခရီးသွားရတာ စိတ်မဖြောင့်ဘူး၊ စိတ်ချရတဲ့ နောက်ကြောင်းအေးရတဲ့ သားသမီးမျိုးရှိတဲ့ မိဘတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုရာခရီးကို သွားနိုင်ကြတယ်။

စိတ်ချလို့ နေပါပြီ

အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ မိထွေးတော်ကြီး ပရိနိဗ္ဗာန်စံတော့မယ်ဆိုတာက မိထွေးတော်ကြီးလဲ လုပ်သင့်တာတွေ အကုန်လုံး လုပ်ခဲ့ပြီးပြီ။

နောက်ပိုင်းမှာလဲ စိတ်ချရမယ့် သားတော်ကြီးတွေ ရှိနှင့် နေပြီလေ။ သစ္စာလေးပါးကို ဆရာမရှိဘဲနဲ့ မိမိကိုယ်တိုင် သိတဲ့ သားတော်ဘုရားရယ်၊ သားတော်ဘုရား သိပြီးတဲ့နောက် အရင်ဆုံးသိနှင့်တဲ့ အရှင်ကောဏ္ဍည၊ သားတော်အရင်းအရှင်နန္ဒ၊ သားတော်အဖျား အရှင်အာနန္ဒာ၊ မြေးတော်လေး အရှင်ရာဟုလာတို့ကလဲ ရှိနေပြီကွယ့်။

သာသနာတော်ကို မကြည်ညိုသူ၊ အယူမှားတွေကိုသာ ဟောပြောလေ့ရှိကြသူ တိတ္ထိတို့ရဲ့ အယူဝါဒတွေကို သုတ်သင် ဖြေရှင်းနိုင်တဲ့ ချမ်းချမ်းသာသား ညီညီညွတ်ညွတ် ရှိနေကြတဲ့ သံဃာ့ အစည်းအရုံးကြီးကလဲ ရှိနေပြီလေကွယ် . . .။ မိထွေးတော်ကြီး စိတ်မချစရာ ဘာများရှိသေးလို့တုန်း။

ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန်ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော်ကြီးတို့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမဲ့အချိန်အခါ ကာလကြီးပါကွယ်။

ဆက်ရန် -


ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေကျေနပ်ပါပြီသားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်း ရဟန်းတော်များဆိုဒ် (MSMO)၊ ၀ိမုတ္တိသုခ၊ ၀ိမုတ္တိရသ၊ အဖြူရောင်ဆိုဒ်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

မောင်ပညာ (မန်းတက္ကသိုလ်)

အမေ ကျေနပ်ပါပြီ သားရယ် (၅)

အမေ ကျေနပ်ပါပြီ သားရယ် (၅)

အမေ့ဆုတောင်း

အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ အမေလေ. . . ဒီနေ့ ဒီဘ၀မှာတော့ အမေ့ဆုတောင်းတွေ ပြည့်ခဲ့ပြီသိလား။

အတိတ်ကို ပြန်ကြည့်ရင် ဟို. . .လွန်ခဲ့တဲ့ ဘ၀တစ်သိန်းကာလအထက်မှာပေါ့။ အဲဒီအချိန်မှာ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူတယ်လေ။ အဲဒီဘ၀မှာ တို့အဖေက သူဌေးကြီးဆိုတော့ တို့က သူဌေးသမီးပေါ့။ အဖေက မြတ်စွာဘုရားကို အရမ်း ကြည်ညိုတာသိလား။ မြတ်ဗုဒ္ဓရဲ့ကျောင်းတော်ကို နေ့စဉ်သွားတော့ တို့လဲ စိတ်ပါလက်ပါနဲ့ နေ့တိုင်းကိုလိုက်ခဲ့တာကွယ့်။

အဲ . . . တစ်နေ့တော့ ပဒုမုတ္တရမြတ်စွာဘုရားရှင်က ပရိသတ်လေးပါးရဲ့အလယ်မှာ သူ့ရဲ့ မယ်တော်ကြီးကို “ရတ္တညူဧတဒဂ်ဘွဲ့”ပေးတော့ တို့လေ အရမ်းအားကျတာပဲ သိလား။

ဘာရမလဲ တို့လဲ တို့အဖေကို ပူဆာတာပေါ့။ တို့ ပူဆာတဲ့အတိုင်း အဖေက လိုက်လျောတယ်လေ။ တစ်ဦးတည်းသော သမီးလဲ ဖြစ်ပြန်၊ အဖေကိုယ်တိုင်က ရတနာမြတ်သုံးပါးကို ကြည်ညိုတဲ့သူ ဖြစ်ပြန်ဆိုတော့ နှစ်ခါမတောင်းဆိုရပါဘူးကွယ်။

အဲဒါနဲ့ ပဒုမုတ္တရဘုရားရှင်နဲ့ နောက်ပါ သံဃာတော်အပေါင်းကို ၇-ရက်လုံးလုံး အိမ်မှာ ပင့်ပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကို အားရပါးရကြီးကို လှူဒါန်းပူဇော်ခဲ့တာပေါ့။ နောက်ဆုံးရက်မှ လှူဒါန်းမှု အစုစုရဲ့ အကျိုးကို ဆုတောင်းတော့တာပါပဲ။ အကျိုးလိုလို့ ညောင်ပင်ရေလောင်းတယ်ပြောပြော တို့ကတော့ တို့ဖြစ်ချင်တဲ့ နောင်ပွင့်မယ့် ဘုရားတစ်ဆူဆူရဲ့ မယ်တော်ကြီး ဖြစ်ပါရစေ…ဘုရားလို့ စိတ်ပါလက်ပါကို ဆုတောင်းပစ်လိုက်တာ။

ဗျာဒိတ်စကား ဟောမြွက်ကြား

ပဒုမုတ္တရမြတ်စွာဘုရားကလဲ အရမ်းကာရောကြီး ရော့ အင့်လို့၊ ပေးလိုက်တာ မဟုတ်ကွယ့်။ သူ့ရဲ့ အနာဂတံသဉာဏ်တော်နဲ့ စူးစူးစိုက်စိုက်ကြည့်ပြီးတော့မှ ”နောင် ကမ္ဘာတစ်သိန်း ကာလအထက် ဘဒ္ဒကမ္ဘာမှာ မင်းမျိုး မင်းနွယ်ကနေ ဂေါတမဗုဒ္ဓမြတ်စွာဘုရား ပွင့်လိမ့်မယ်။ ဘုရားမဖြစ်ခင် အဲဒီကလေးကို ပြုစုစောင့်ရှောက်ခွင့်ရပြီး၊ နောင်အခါ ဘုရားသာသနာတော်ထဲ ၀င်ရောက်လာလိမ့်မယ်။ ရဟန္တာ ဘိက္ခုနီမကြီးလဲဖြစ်ပြီး အမျိုးသမီးသာသနာမှာ သစ္စာလေးပါးကို အရင်းဆုံးသိပြီး ရတ္တညူဧတဒဂ်ဘွဲ့ထူးကြီးကိုလဲ ပရိသတ်အလယ်မှာ ပေးအပ်ချီးမြှင့်ခြင်း ခံရလိမ့်မယ်” လို့ ဗျာဒိတ်စကား (ဗျာဒိတ္တ၊ ၀ျာဒိပ္တ၊ နောင်အခါ ဖြစ်ပျက်ခြင်းအကြောင်းကို ရည်ညွှန်း၍ မိန့်မြွက်အပ်သော ဘုရားစကားတော်) မြွက်ကြားခဲ့တယ်လေ။

အမေ့ဆုတောင်းတွေ ပြည့်ပါပြီ

( စိရပ္ပဘုတိ ယံ မယှံ၊ ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ။ အာနန္ဒဘေရိကာလောယံ၊ ကိံ ဝေါ အဿူဟိ ပုတ္တိကာ။)

ဒါနဲ့ မြတ်စွာဘုရားရဲ့ မယ်တော်ကြီး ဖြစ်ခွင့်ရဖို့ ဖြည့်ကျင့်ခဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ ကာလအတိုင်းအတာဟာ သာမန်လူတွေအတွက်တော့ တမျှော်တခေါ်ကြီး ဖြစ်ပေမယ့် ဘုရားအမေသိပ်ဖြစ်ချင်နေတဲ့ တို့အတွက်တော့ နှစ်ရက်နဲ့ တစ်မွန်းတည့်လောက်ပဲ ထင်ခဲ့တာ။

အဲဒီဘ၀ကနေ နတ်ပြည်ရောက်လိုက် လူ့ပြည်ရောက်လိုက်နဲ့ ဘ၀အမျိုးမျိုး ကျင်လည်ခဲ့ရတယ်။ အဲဒီဘ၀တွေမှ ကုသိုလ်လုပ်ခွင့်ရတာနဲ့ ဘုရားမယ်တော်ဖြစ်ဖို့ပဲ ဆုတောင်းလိုက်တာ။ အဲ မှတ်မှတ်ရရ ကုသိုလ်ပြုတာ တွေထဲမှာ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ၅၀၀-ကို ဆွမ်းလုပ်ကြွေးရတဲ့ ကုသိုလ်ထူးလဲပါသေးတယ်။ ဘာရမလဲ အဲဒီ ကုသိုလ်ထူးကိုလဲ ဘုရားအမေဖြစ်ဖို့ပဲ ဆုတောင်းလိုက်တာပေါ့ကွယ်။

အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ အမေလေ. . . ဒီနေ့ ဒီဘ၀မှာတော့ အမေ့ဆုတောင်း ပြည့်ခဲ့ပါပြီကွယ်။ ဒါကြောင့် သောကတွေ လိမ်းကျံနေတဲ့ မျက်ရည်စတွေနဲ့ မငိုကြွေးကြပါနဲ့ကွယ်။ ဆုတောင်ပြည့်ဝတဲ့၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းလို့ ငြိမ်းတော့မယ့် အမေ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါ သားတော်သမီးတော်တို့ရယ်။

အမျိုးသမီးရေးရာ ကိုယ်စား

အို . . . သားတော် သမီးတော်တို့၊ နားထောင်ကြအုံးကွယ်။

သားတော် သမီးတော်အတွက် လောကအလင်းရောင်တွေ ပေးနေတဲ့ သားတော်ဘုရား မြတ်စွာ ဗုဒ္ဓကို ဟို ငယ်ငယ်တုန်းက နို့ချိုတိုက်ကျွေး မွေမြူပြီး၊ အမေက ဘယ်သူမှ နှိုင်းလို့ မရနိုင်လောက်တဲ့ မေတ္တာမျိုးနဲ့ ပြုစုခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ လောကကြီးမှာ အတုမရှိ အတူမရှိတဲ့ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားမဖြစ်ခင် အသက်(၂၉)နှစ်သား အရွယ်ထိ သားတော်ဗုဒ္ဓကို အမေကလေ ကိုယ်အသက့်ထက် ပိုတန်ဖိုးထားပြီးတော့ စောင့်ရှောက်ခဲ့တာ။

ပြီးတော့ ဘိက္ခုနီမ (အမျိုးသမီး)သာသနာတော်ကြီး ပေါ်ပေါက်လာဖို့အတွက် အမေလေ သားတော်အရှင်အာနန္ဒာရဲ အကူအညီနဲ့ အားသွန်ခွန်စိုက် မဆုတ်မနစ် ကြိုးပမ်းခဲ့လို့ အရာရာကို ထောက်ထားငဲ့ပြီး သားတော်ဘုရားက ခွင့်ပြုခဲ့တယ်။ ဘိက္ခုနီမ(အမျိုးသမီး)သာသနာကြီးကို တိုးတက် ပြန့်ပွား စည်ပင်အောင် အမျိုးသမီးလူထုကို ကိုယ်စားပြုပြီး အမေက ဦးစီးဦးဆောင် လမ်းပြခဲ့၊ လမ်းညွှန်ခဲ့တယ်။

အမေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်

သားတော် သမီးတော်တို့ရဲ့ သောကပင်လယ်ကြော၊ ဆင်းရဲဝေဒနာတောထဲကနေ အမေက တတ်နိုင်သလောက် သားတော်သမီးတော်တို့ကို ဆွဲထုတ်ခဲ့တယ်။ အဲဒီကျေးဇူးဂုဏ်တွေကို သားတော်သမီးတို့က ပြန်ပြောင်းသတိရလို့၊ တွေးတောမိခဲ့မယ်။ နောက်ပြီး အဲဒီကျေးဇူးဂုဏ်တွေကို ထောက်ထားပြီး အမေ့ကို ချစ်တယ်၊ သနားတယ်၊ ကြည်ညိုတယ်၊ ကျေးဇူးဆပ်ချင်တယ် ဆိုရင်လေ . . .

(သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊ ကရောထ ၀ီရိယံ ဒဠှံ။)

အမေ မရှိတဲ့နောက် သားတော် သမီးတော်တို့ သိထားပြီးဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ပရိယတ္တိသာသနာ (သင်ယူခြင်း၊ မှတ်သား၊ နားထောင်ခြင်း)။ ပဋိပတ္တိသာသနာ (သင်ထား၊ သိထားတဲ့အတိုင်း လိုက်နာကျင့်ကြံခြင်း)။ ပဋိဝေဓသာသနာ (သိခြင်း၊ ကျင့်ခြင်းတို့ရဲ့ အကျိုးရလဒ်၊ အသီးအပွင့်) ။ အဲဒီသာသနာ သုံးရပ်ကို မြဲမြံခိုင်ခံ့တဲ့ မဆုတ်မနစ်သော ၀ီရိယတွေ၊ သားတော် သမီးတော်တို့ရဲ့ သောကမျက်ရည်တွေကို ရုတ်သိမ်းပြီးတော့ ရွှင်ပြထက်သန်သော စိတ်ဓာတ်တွေနဲ့ တိုးတက်အောင်၊ ပြန့်ပွား စည်ပင်အောင် ကြိုးစားအားထုတ်ရစ်ကြပါ။ အခုအချိန်ဟာ သောကတွေ ပူဆွေးပြီး ငိုကြွေးနေရမဲ့ အချိန်မဟုတ်တော့ပါဘူး။

ငိုချင်စိတ်ပေါက်အောင် ငိုတတ်သူ

ဒါနဲ့ သတိရတုန်း ပြောလိုက်ပါအုံးမယ်။ မိဘတွေ၊ အဖိုးတွေ အဖွားတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ သေသွားကြရင် တို့ရွှေနိုင်ငံမှာ သိပ်ပြီး ငိုကြတာ။ စာရေးသူတွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် တစ်လထဲမှာ မောင်သေ၊ ပြီးတော့ အမေသေ - ဆိုတော့ ငိုလိုက်တဲ့ ဖြစ်ခြင်း၊ သူငိုပြီး ပြောတဲ့စကားတွေကို နားထောင်ပြီး နားထောင်ရတဲ့ သူတွေတောင် သူ့ကို သနားပြီး ငိုချင်စိတ်တွေ ပေါက်လာတယ်။

တကယ့်ကိုမှ အရူးပဲ

ဘယ်သူတွေက ဘယ်လောက်ပဲ ငိုချင်စိတ်တွေ ပေါက်ပေါက် ရှေ့မှာ ရှိတဲ့ ရုပ်အလောင်းကတော့ (အသိအမျိုးသမီး တစ်ယောက် ပြောနေကြ စကားလို) အေးအေးလူလူပဲ။ သူ မသိ၊ သူ မကြား၊ သူ မဟုတ်သလိုပဲ။ ဟုတ်တယ်လေ ဘ၀တွေကခြားသွားပြီ။ တကယ်လို့ သေတဲ့ သူက နတ်ပြည်ရောက်နေရင် လူ့ပြည်ကို သတိမရတော့တာ အမှန်ပဲ။

သတိရတယ် ထားပါအုံး နတ်ပြည်ကို ရောက်တဲ့ အချိန်နဲ့ ကျန်ရစ်သူ ငိုနေတဲ့ အချိန်တို့ဟာ ဘယ်လိုမှ စပ်ဟပ်လို့ မရနိုင်လောက်အောင် ကွာခြားလွန်းတယ်။ နတ်ပြည်က ကြည့်မိတယ်ဆိုတောင်မှ အော် ဒီ ငိုတဲ့ သူနှယ် တော်တော်ရူးတာပဲ။ တကယ့်ကိုမှ အရူးပဲ။ ဒီလောက် ကိုယ့်ရှေ့လူက သေပြနေတာတောင် သတိတရားလေး နည်းနည်းမှ မရဘူးဆိုပြီး လှောင်နေမှာ။ (သေတဲ့သူနဲ့ ပတ်သက်လို့ သေသူက သတိရတာတွေ၊ မရတာတွေ အကြောင်း၊ စပ်မိရင် သီးသန့် တစ်ပုဒ်လောက် ရေးပါဦးမယ်။)

ဆက်ရန် -

ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေကျေနပ်ပါပြီသားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်း ရဟန်းတော်များဆိုဒ် (MSMO)၊ ၀ိမုတ္တိသုခ၊ ၀ိမုတ္တိရသ၊ အဖြူရောင်မေတ္တာဆိုဒ်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

 

blogger templates | Make Money Online