ဘယ်ကင်ဆာအမျိုးအစားပဲဖြစ်ဖြစ် အစားအသောက် အနေအထိုင်က အဓိကဖြစ်စေတဲ့ အကြောင်းတရား ဖြစ်ပါတယ်။ နားလည်စွာနဲ့ ဆင်ခြင်မယ် ဆိုရင် ကင်ဆာရောဂါများကို ကာကွယ်ရာရောက်မှာ သေချာ ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပညာရှင် များက နှစ်ပေါင်းများစွာ သုတေသန ရလဒ်များအရ ရေရှည်စားသုံးပေးသွားရင်ဆီးကျိတ်ကင်ဆာကို တကယ် ကာကွယ်နိုင်တဲ့ အစားအသောက်(၄)မျိုးကို အတည်ပြု ထုတ်ပြန်ပေးလိုက်ပါတယ်။
(၁)ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတွေရဲ့ အရောင်ကိုပေးတဲ့ ရောင်ခြယ်ပစ္စည်းတွေထဲက တစ်မျိုးဖြစ်တဲ့လိုင်ကိုပင်း (Lycopene) ဟာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး ဆီးကျိတ်ကင်ဆာ အပါအ၀င် ကင်ဆာအားလုံးကို ကာကွယ်ပေးနိုင် တယ်လို့တွေ့ရှိခဲ့တာ ကြာပြီဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာ ကင်ဆာကာကွယ်နိုင်တဲ့ အခြားသောဗိုက်တာမင်နဲ့ သတ္တုဓာတ်များလဲ ပါဝင်လို့ တကယ် နေ့စဉ် စားပေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဆီနဲ့အတူတူ စားရင် ခန္ဓာကိုယ်က လိုင်ကိုပင်းစုပ်ယူမှုကို ပိုမိုအားကောင်းစေလို့ စားသမျှအကျိုးရှိစေမယ်လို့ဆိုပါတယ်
(၂)ပန်းဂေါ်ဖီစိမ်း
Sulforaphane ဆိုတဲ့ ကင်ဆာကာကွယ်ပေးနိုင်တဲ့ ဓာတုဒြပ်ပေါင်းဟာ အသီးအရွက်တွေ တော်တော်များများမှာ ပါပါတယ်။ ဒါပေမယ့် ပန်းဂေါ်ဖီအစိမ်းထဲမှာ ကျတော့ ပမာဏပိုမိုများပြားစွာ ပါဝင်ပြီး အခြား အသီးအရွက်တွေမှာ ပါတာတွေထက် ပိုလဲအစွမ်းထက်ကြောင်း သိရပါတယ်။ Sulforaphane ဟာ ကင်ဆာ တိုက်ဖျက်နိုင်တဲ့ ပစ္စည်းတွေထဲမှာ အစွမ်းဆုံးတွေထဲကတစ်ခုလို့ ပညာရှင်များ အသိအမှတ်ပြုပါတယ်။ စားတာကတော့ ရေစင်အောင်ဆေးပြီး အစိမ်းသုတ်ပဲစားစား၊ ကြော်ချက်ပဲစားစား အကျိုးရှိတယ်လို့ဆိုပါတယ်။ အရမ်း အပူချိန်မြင့်မြင့်မှာ ကြာကြာ နူးအိသွားအောင် မချက်မိဖို့တော့ သတိပြုရပါမယ်။
(၃)ပဲပိစပ်(ပဲနို့)
ပဲပိစပ်ဟာ အသားဓာတ်အကြွယ်ဝဆုံး ပဲအမျိုးအစားဖြစ်ပါတယ်။ သူ့အထဲမှာပါဝင်တဲ့ isoflavones ဆိုတဲ့ လူသားတွေ ကိုယ်ထဲကအီစထရိုဂျင်ဟော်မုန်းနဲ့ တူတဲ့ ဓာတုဒြပ်ပေါင်းဟာ အမျိုးသားတွေရဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားလာခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသားတွေအတွက်သာမက
အမျိုးသမီး များအတွက်လည်း အကျိုးပြု အီစထရိုဂျင်ပါတာမို့ သွေးဆုံးဝေဒနာတွေကို သက်သာစေပြီး အသက် အရွယ် မရွေးနဲ့သင့်တော်ပါတယ်။
(၄)လျှော်ပင်မှရသော အစေ့
လျှော်ပင်ဆိုတာ အမျှင်ရရှိတဲ့ သက်တမ်းတိုအပင်မျိုးဖြစ်ပြီး သူ့ရဲ့အစေ့ဟာ အညိုရောင်နဲ့ ရွှေဝါရောင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ သူ့ရဲ့အစေ့မှာ အိုမီဂါသရီးအဆီများ ကြွယ်ဝစွာပါဝင်ပြီး သွေးတွင်းကို လက်စထရော မြင့်တက်မှု ကြောင့် ဖြစ်ရတဲ့ ကင်ဆာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိပါတဲ့ အပင်ထွက် အီစထရိုဂျင်တစ်မျိုးလဲ ပါဝင်တာမို့ ကင်ဆာကာကွယ်နိုင်တယ်လို့ ၁၉၅၀ပြည့်နှစ်များ လောက်ကတည်းက သိရှိခဲ့ကြတာဖြစ်ပါတယ်။ (ဒီဆောင်းပါးကို အမျိုးသားများကျန်းမာရေး အတွက်ဘာသာပြန်ပြီး ရေးတင်လိုက်ရပေမယ့် ကျွန်တော်ကိုယ်တိုင် ပိုက်ဆံလျှော်စေ့ကို ဘယ်လိုစားရမလဲ မသိသေးပါဘူး၊ မြင်တောင်မမြင်ဖူးသေးတာပါ။ ခရမ်းချဉ်သီးနည်းတူဆီးကျိတ်ရောဂါကို တကယ်ကာကွယ်နိုင်တဲ့ အသီးတစ်မျိုးကတော့ စတော်ဘယ်ရီသီးလို့ သိရပါတယ်)

Last Updated at 2010-01-20 on 00:04:41 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com
0 comments:
Post a Comment