January 7, 2010

စစ်စစ်လေးများ ဖြစ်စေချင်

သရဏဂုံ

ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့အတွက် သရဏဂုံသည် အရေးကြီး၏။ သရဏဂုံတည်လျင် သောတာပန်အလား အပါယ်မသွားနိုင်။ ဘုရား တရား သံဃာ အကြောင်း ဘာမှ မသိဘဲနှင့်လဲ သရဏဂုံမတည်နိုင်။ မတည်လျင် အပါယ်ဘေးမှ ကင်းဝေးဖို့အတွက် အာမခံချက် မရှိနိုင်။ ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ် ရွတ်ဆို နေကြသည့် သရဏဂုံတို့သည် အလွန်တရာမှ အကျိုးကျေးဇူး များလှ၏။ မြန်မာ့ဆိုရိုးစကား တစ်ခုရှိသည် “မသိသူ ကျော်သွား၊ သိသူ ဖော်စား” ဆိုသည်ပင်။ မသိသူများက လေ့လာရကောင်းမှန်းမသိ။ ဖော်ထုတ်၍ သုံးဆောင် ခံစားရမှန်းမသိ။

မိသားစု ဘ၀ သာယာ ချမ်းမြေ့ရေး၊ အိမ်ထောင်တည်မြဲ ငြိမ်းချမ်းရေး၊ လောကကြီး သာယာစိုပြေရေး စသည့် အရေးပေါင်းများစွာတို့အတွက် မြတ်ဗုဒ္ဓ၏ တရားတော်များတွင် ဖြေရှင်းဟောကြားထားရုံမျှမက တစ်ဘ၀လုံး ငြိမ်းအေးစေဖို့အတွက်သာမဟုတ် သံသရာလည်ပတ်ခြင်းမှ လွတ်မြောက်စေနိုင်သေည့် နည်းလမ်းများ အများ အပြား ရှိနေကြောင်း လေ့လားသူတိုင်း သိရှိနားလည်ကြ၏။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဗုဒ္ဓ ဗုဒ္ဓ၊ မြတ် ဗုဒ္ဓ၊ ကရုဏာရှင် မြတ် ဗုဒ္ဓ။
မြတ်စွာ ဗုဒ္ဓ ဆိုသည်မှာ၊ သတ္တ၀ါမျာ ကျိုးတွက်တာ။
ဆယ်ဖြာ ပါရမီ ဖြည့်ဆည်း ပူး၊ လမ်းကောင်း ညွှန်တဲ့ ပုဂ္ဂိုလ်ထူး။
ပုဂ္ဂိုလ်ထူးမို့၊ ဦးညွှတ်ကာ၊ ဘုရားဂုဏ်များ ရည်စူးတာ၊
လေးမြတ်လှစွာ ရှိခိုး၏၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ (လေးအိမ်တန်းဆရာတော်)

မြတ်ဗုဒ္ဓသည် မိမိတစ်ဦးတည်းအတွက် ဆိုလျှင် လွန်ခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကျော် ကာကတုန်း ကတည်းက နိဗ္ဗာန်သို့ကြွသွားခဲ့ပြီဖြစ်၏။ သတ္တ၀ါအားလုံးတို့ အကျိုးစီးပွားအတွက် မိမိ ကိုယ်ပိုင် ပစ္စည်း ဥစ္စာများ၊ သားသမီး ဇနီး ကြင်ယာ၊ ထီးနန်းစည်းစိမ်များ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၊ မိမိအသက်ကိုပင် ရယူလိုသူ ရှိပါက သတ္တ၀ါတို့ အကျိုးစီးပွားအတွက် မငဲ့မကွက် ပေးအပ်လှူဒါန်းခဲ့သည်မှာ ဘုရားမဖြစ်ခင်ကတည်းက ကြည်ညိုစရာ ကောင်းနေပါတော့သည်။

ဘုရားဖြစ်၍ ကိလေသာအားလုံး ကုန်ဆုံးပြီးနောက် သတ္တ၀ါတို့ အကျိုးစီးပွားအတွက် လမ်းကောင်း လမ်းမှန်များကို ညွှန်ကြားပြသခဲ့သော လောကတွင် တုနှိုင်းမရနိုင်သည့် မြတ်ဗုဒ္ဓဖြစ်သည့်အတွက် ကြည်ညို ကိုးကွယ်ရာစစ် အမှန်ပင် ဖြစ်နေပါတော့သည်။

လောကတွင် ပညာတတ်လျင် ပညာရှိသူကို ပေါင်းသင်းရ၏။ ထို့အတူ ချမ်းသာလိုလျင် ချမ်းသာသူနှင့် ပေါင်းသင်းရ၏။ ရာထူးပါဝါ အာဏာရှိလိုလျှင် အရင်ဆုံး ထိုသူတို့နှင့် ပေါင်းသင်းနိုင်အောင် ကြိုးစားရ၏။ ထို့နောက် သူတို့၏ ကြိုးကြိုးစားစား လုပ်ကိုင်ပုံ၊ နေထိုင်သွားလာ စားသောက်ပုံ စသည်တို့ကို အတုယူကာ မိမိလည်း ထိုနည်းအတူ လုပ်ဆောင်ပါက ထိုသူတို့ကဲ့သို့ အလုံးစုံ မဖြစ်နိုင်စေကာမူ ယခင်အခြေအနေထက် ပို၍ပို၍ တိုးတက် ဖြစ်ထွန်းလာမှာ အမှန် မုချပင်။

ဘုရားကိုကွယ် တန်ခိုးကြွယ် အပါယ်မကျ ချမ်းသားရ။

မြတ်ဗုဒ္ဓကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် မြတ်ဗုဒ္ဓ၏ လမ်းညွှန်မှု၊ ဟောပြ ပြသ ဆိုဆုံးမမှုများမှနေ တဆင့်ပြီး တဆင့် သိရှိပြီးနောက် တန်ခိုးသြဇာ အာဏာကြီးမားခြင်း စသည့် အကျိုးများစွာကို ရရှိနိုင်၏။
အဘယ်ကြောင့်ပါနည်း?။ မြတ်ဗုဒ္ဓသည် ကိုယ်တွင်းဖြစ်သည့် လောဘစသည့် ကိလေသာရန်သူများ၊ ကိုယ်ပ ဖြစ်သည့် ဒေ၀ဒတ် မာရ်နတ် စသော ရန်သူများကို ပါရမီလက်နက် မေတ္တာတော်ဓာတ်တို့ဖြင့် အောင်နိုင်ခဲ့ပေပြီ။ မြတ်ဗုဒ္ဓတွင် ရန်သူ ဟူသမျှတို့ ကင်းရှင်းနေ၏။ ပညာတရားတို့ဖြင့် ပြည့်လျှမ်းနေ၏။ ပူပင် ကြောင့်ကြမှုတို့ ဆိတ်သုဉ်း ပျောက်ကွယ်နေ၏။ ကိုယ်ကျိုးအတွက် မငဲ့မကွက် အများအကျိုးစီးပွားအတွက် နေ့ရော ညပါ အလုပ်လုပ်နေခဲ့၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ထူးမျိုးကို မိမိတို့ ကိုးကွယ် ဆည်းကပ်ခြင်းကြောင်း မိမိတို့အတွက် ခုရောင် နောင်ပါ မည်မျှသော အကျိုးစီးပွားများ ဖြစ်ထွန်းနိုင်မည်ကို မှန်းဆ၍ပင် မရနိုင်တော့ချေ။

ဓမ္မံ သရဏံ ဂစ္ဆာမိ

ဓမ္မ ဓမ္မ မြတ် ဓမ္မ၊ ဗုဒ္ဓဟောကြား မြတ်ဓမ္မ။
ဓမ္မတရား ဆိုသည်မှာ ဒုက္ခပင်လယ်ကြီးထဲမှာ။
နစ်မြုပ် မျောပါ သတ္တ၀ါများ၊ ကယ်တင်တတ်လို့ မြတ်တရား။
မြတ်တရားမို့ စိတ်ညွှတ်ကာ၊ တရားဂုဏ်များ ရည်စူးတာ။
လေးမြတ်လှစွာ ရှိခိုး၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ။ (လေးအိမ်တန်းဆရာတော်)

မြတ်ဗုဒ္ဓ သစ္စာလေးပါးတရားတော်ကို အပိုင်းအခြားမရှိ သိရှိပြီးနောက် နေ့မအား၊ ညမနား ဟောကြားခဲ့သော တရာတော်များသည် ကျင့်သုံး လိုက်နာသူ မည်သည့် ပုဂ္ဂိုလ်ကိုမဆို ပူပန်ရမှု၊ စိတ်ဆင်းရဲရမှု စသည့် ကိလေသာတို့မှ ကင်းဝေး စေ၏။ ထိုတရားတော်များကို ကိုယ်တိုင်ကျင့်ပါက ကိုယ်တိုင်သိရှိနိုင်ပြီး ယုံတမ်း ပုံပြင်များ မဟုတ်ချေ။
လက်တွေ့ကျင့် လက်တွေ့ အကျိုးထူးကို ခံစားရ၏။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် မည်သည့်ပုဂ္ဂိုလ်ကို မဆို၊ အချိန်မရွေး၊ နေရာဒေသမရွေး၊ မှန်ကန်ကြောင်း အစမ်းသပ်ခံနိုင်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ တရားတော်များကို လူမျိုးမရွေး ပုဂ္ဂိုလ်မရွေး မည်သူမဆို အတုယူ ကျင့်ကြံကြလျှင် ကိုယ်တိုင် ကိုယ်ကျ တရားတော်၏ အေးငြိမ်းသော အရသာများကို ခံစားရမည်မှာ အမှန် မုချပင်။
မြတ်ဗုဒ္ဓ၏ တရားတော်များသည် ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး ခွဲခြားမှု နည်းနည်းမှ မရှိ၊ ကျင့်ကြံ လိုက်နာကြသော မည်သည့် လူသားကိုမဆို ဒုက္ခဆင်းရဲအပေါင်းမှ ကယ်တင်ပေး၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ မြတ်တရားကို လူသားအားလုံး လေ့လာ ဆည်းပူးသင့်ကြပြီး၊ ထိုတရားတော်များကို မိမိတို့၏ အားကိုးရာအဖြစ် ယုံကြည်ထားသင့်၏။

တရားကိုးကွယ် ပညာကြွယ် အပါယ်မကျ ချမ်းသာရ။

မြတ်ဗုဒ္ဓ၏ တရားတော်များတွင် လောကီပညာ၊ လောကုတ္တရာပညာ-ဟု နှစ်မျိုးရှိ၏။
လောကီပညာတွင် လူမှု ဆက်ဆံရေး များ၊ စီးပွားရှာသူတို့ ထားရှိသင့်သည့် စိတ်ဓာတ်များ၊ ဆရာနှင့် တပည့်၊ မိဘနှင့် သားသမီး၊ သခင်နှင့် ကျွန်၊ လင်နှင့် မယား၊ ဆရာနှင့် ဒကာ၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်များ၊ လောကကြီး အေးချမ်း သာယာနိုင်စေမည့် နည်းလမ်းများ၊ လောကရေးရာ၊ အကြောင်းများစွာတို့ ပါရှိပြီး၊ ဟောကြားပြီးဖြစ်၏။
လောကုတ္တရာပညာတွင် မည်သူမဆို မြတ်ဗုဒ္ဓဟောကြားထားသည့် တရားတော်အတိုင်း ကျင့်ကြံနေထိုင်ပါက ဆင်းရဲခပ်သိမ်း၊ ကင်းငြိမ်းနိုင်သည့် နည်းလမ်းတို့ ရှိပြီးဖြစ်ရာ ထိုပညာတရားတို့ကို ကိုးကွယ်ဆည်းကပ်ကာ လေ့လာ ကျင့်ကြံနေထိုင်ကြသူတို့အတွက် ပညာရပ် မှန်သမျှုတို့ကို သိရှိ နားလည်နိုင်ပြီး ဆင်းရဲခပ်သိမ်း ကင်းငြိမ်းနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်လာကြမည်မှာ အမှန်မုချပင်။

သံဃံ သရဏံ ဂစ္ဆာမိ။

သံဃ သံဃ၊ မြတ်သံဃ၊ ဗုဒ္ဓသာဝက မြတ်သံဃ။
သံဃာ ရဟန်းဆိုသည်မှာ ဗုဒ္ဓ ဓမ္မ အဖြာဖြာ။
သင်ယူ ကျင့်ကာ တာဝန်ထမ်း သာသနာပြုလို့ မြတ်ရဟန်း။
မြတ်ရဟန်းမို့ စိတ်ညွတ်ကာ သံဃာ့ဂုဏ်များ ရည်စူးတာ။
လေးမြတ်လှစွာ ရှိခိုး၏၊သံဃံ သရဏံ ဂစ္ဆာမိ။ (လေးအိမ်တန်း ဆရာတော်)

မြတ်ဗုဒ္ဓ၏ တပည့်သာဝက သံဃာတော်တို့သည် မြတ်စွာဘုရားဟောကြားထားသည့် တရားတော်များကို မပျောက်ပျက်စေဖို့၊ အရှည်ခံ့ တည်တံ့ ပြန့်ပွားစေဖို့အတွက် သင်ယူခြင်း၊ သင်ပေးခြင်း၊ စည်းရုံးခြင်း၊ ကျင့်ကြံခြင်း၊ ဟောပြောခြင်း၊ ရေးသားခြင်း-စသည့် အလုပ်များစွာတို့ကို လုပ်ဆောင်ရ၏။ စိတ်ပိုင်ဆိုင်ရာ အလွန်ပင်ပန်း နွမ်းစရာကောင်းသော အလုပ်ပိုင်ရှင်များဖြစ်ကြ၏။

လောကစည်းစိမ်တို့ကို လစ်လျူရှု ဥပေက္ခာပြုလျက် မြတ်ဗုဒ္ဓ၏ လမ်းစဉ်အတိုင်း လောကသားတို့ အေးငြိမ်းချမ်းသာစေဖို့၊ အတ္တလောဘများ နည်းနိုင်သမျှ နည်းပါးစေဖို့၊ အမုန်းတရား အာဃာတများ မထားရှိဖို့။ အရာရာတွင် မိမိကိုယ်ကို အားကိုးနိုင်လောက်သည့် စွမ်းရည် သတ္တိထူးများ ရရှိစေဖို့ မိမိအတွက် ရှေ့တန်းမတင်ဘဲ လုပ်ဆောင်ရ၏။
မိမိအတွက်၊ ဆွေမျိုးအတွက် မဟုတ်ဘဲ လောကသားတို့ အကျိုးစီးပွားအတွက် ရည်ရွယ်၍ လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်ထူးများ ဖြစ်ကြ၏။ ထိုသို့သော ပုဂ္ဂိုလ်တို့အား ထောက်ပံ့ခြင်း၊ ကူညီခြင်း၊ အားပေးခြင်း၊ ပူဇော်ခြင်း၊ ကြည်ညိုခြင်း၊ ကိုးကွယ်အားထားခြင်း၊ ဆည်းကပ်မေးမြန်းခြင်းတို့ကြောင့် -

သံဃာကိုးကွယ် စည်းစိမ်ကြွယ် အပါယ်မကျ ချမ်းသာရ

မိမိတို့ စည်းစိမ်ဥစ္စာများ တိုးပွားလာခြင်း၊ မိမိအတ္တလောဘကို ရှေ့တန်းမတင်တော့ခြင်း၊ မိမိတို့ မိသားစုဘ၀ သာယာစိုပြေလာခြင်း၊ အိမ်ထောင်ရေးများ တည်ငြိမ်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး မကောင်းမမြင်တော့ခြင်း၊ ရန်ငြှိုးမဖွဲ့တော့ခြင်း၊ အမြင်ကျယ်လာခြင်း၊ လူကြီးနှင့်လူငယ်၊ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် မျှမျှ တတ ဆက်ဆံတတ်လာခြင်း၊ တစ်ရွာမှ တစ်ရွာ၊ တစ်မြို့မှ တစ်မြို့၊ တစ်တိုင်းမှ တစ်တိုင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံ၊ တစ်ကမ္ဘာမှ တစ်ကမ္ဘာ ငြိမ်းချမ်းစွား အတူ လက်တွဲနေနိုင်ခြင်း၊ သံသရာမှ လွတ်မြောက်စေနိုင်သည့် နည်းလမ်းများစွာ သိရှိလာခြင်း၊ ထိုနည်းလမ်းတို့ကို လက်တွေ့ အသုံးချလျက် နိဗ္ဗာန်ကမ်းသို့ ကူးမြောက်နိုင်ခြင်း စသည် အကျိုးပေါင်း များစွားတို့ကို ရရှိနိုင်၏။

သရဏဂုံတည်ခြင်း ကျိုးကျေးဇူး

ရတနာမြတ်သုံးပါး၌ သက်ဝင်ယုံကြည် ဆည်းကပ်ကြသည့် သရဏဂုံ တည်သူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရာကာယ်-ဟု ခေါ်ဆိုအပ်သော အပါယ်လေးဘုံသို့ မရောက်နိုင်ကြ။ ဘ၀ကောင်း ဘ၀မွန် ဘ၀မှန်များ၊ စည်းစိမ်ဥစ္စာ ပြည့်စုံခြင်းများမှ အစပြု၍ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းနိုင်သည်အထိ ကောင်းကျိုးချမ်းသာများကို ရရှိ ခံစားနိုင်ကြ၏။

သရဏဂုံ ပျက်စီးခြင်းနှင့် အပြစ်

ရတနာ မြတ်သုံးပါးမှ တစ်ပါး အခြားဘာသာကို ယုံကြည် ကိုးကွယ်ခြင်း၊ သေဆုံးခြင်းတည်းဟူသော အကြောင်း နှစ်ရပ်တို့ကြောင့် သရဏဂုံ ပျက်စီး၏။
ယင်းသို့ ပျက်စီးခြင်းကြောင့် သေဆုံးသူမှာ မည်သည့် အပြစ်မှ မဖြစ်နိုင်သော်လည်း အယူဝါဒပြောင်း၍ ကိုးကွယ် ဆည်းကပ်သူတို့သည် အယူမှားသဖြင့် ကိလေသာတရားများ ပို၍ တိုးပွားလာနိုင်သောကြောင့် အပြစ်များလှ၏။

သရဏဂုံတည်ဖို့

မိမိကိုယ်ကို ရတနာမြတ်သုံးပါးအပေါ် စွန့်လွှတ် အနစ်နာခံမှု၊ ရတနာ မြတ်သုံးပါးသည်သာ မိမိ၏ ဘ၀အတွက် တစ်ခုတည်းသော အားကိုးရာအဖြစ် သတ်မှတ်မှု၊ တပည့်ရင်း အဖြစ် ခံယူထားရှိမှု၊ ရတနာမြတ်သုံးပါးအပေါ် ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း၊ စသည်ဖြင့် သူတပါး တိုက်တွန်း၍ မဟုတ်ဘဲ မိမိ၏ အသိစိတ်မှ သက်ဝင်ယုံကြည်မှု။
အထက်ပါ အကြောင်းအရာများတွင် တစ်မျိုးမျိုးဖြင့် အားကိုး အားထားအဖြစ် အသိအမှတ်ပြု ကိုးကွယ်ဆည်းကပ်လျှင် သရဏဂုံ တည်သူပင်ဖြစ်ကြောင်း သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ စာမျက်နှာ ၂၀၆-၇ တို့တွင် မိန့်ဆိုထား၏။

သရဏဂုံ ဖြစ် မဖြစ်၊ ပျက် မပျက်

ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း၊ ကြောက်၍ ရှိခိုးခြင်း။ ဆရာဖြစ်၍ ရှိခိုးခြင်း တို့သည် သရဏဂုံ မဖြစ်။ ယုံကြည် ဆည်းကပ်မှု မဟုတ်၊ မြတ်ဗုဒ္ဓကိုပင်သော်မှ ဆွေမျိုးအမှတ်ဖြင့် ရှိခိုးလျှင် သရဏဂုံတည်သူ မဖြစ်နိုင်ပေ။ သီလ သမာဓိ ပညာ၊ အကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ်အမှတ်ဖြင့် ရှိခိုးမှသာ သရဏဂုံဖြစ်သည်။
ရတနာမြတ်သုံးပါးကို သက်ဝင် ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်တို့သည် အခြားဘုရားများ၊ သင်းအုပ် ဘုန်းကြီးများ ကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းတို့ကြောင့် ရှိခိုးသော် သရဏဂုံ မပျက်နိုင်။ ထိုသူတို့အား မြင့်မြတ်သော ပုဂ္ဂိုလ်အမှတ်ဖြင့် ရှိခိုးမှသာ သရဏဂုံ ပျက်စီးတော့၏။

စစ်စစ်လေးများ ဖြစ်စေချင်

အချုပ်အားဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မိမိတို့ ဘာသာတရားအပေါ် အလေးအနက် တန်ဖိုးထား ကိုးကွယ်သင့်ကြ၏။ လွယ်လွယ်ကူကူ ရရှိခြင်းကြောင့် တန်ဖိုး ပေါ့လျော့စွာဖြင့် ပေါ့ပေါ့ ဆဆ မတွေးအပ်၊ မတွေးသင့်။ မိမိတို့ ကိုးကွယ်နေသော ဘာသာတရားကို အခြားဘာသာတို့နှင့် နှိုင်းယှဉ်၍ ရတနာမြတ်သုံးပါး ဖြစ်ပေါ်လာဖို့ မလွယ်ကူကြောင်း၊ တည်တံ့ ပြန့်ပွားဖို့ ခက်ခဲ နက်နဲကြောင်း သိရှိကြလျှက် ဗုဒ္ဓအစစ် ပွင့်သည့်ခေတ်၊ တရားတော်အစစ် နားကြားရသည့်ခေတ်၊ သံဃာတော် အစစ် ဖူးတွေ့ရသည့် ခေတ်တွင် သရဏဂုံတည်သူ ဗုဒ္ဓဘာသာဝင် စစ်စစ်လေးများ ဖြစ်နိုင်ကြပါစေ။


မောင်ပညာ (မန်းတက္ကသိုလ်)
pinyar08@gmail.com

0 comments:

 

blogger templates | Make Money Online