ဆက်လက် လျှောက်လှမ်းရပေအုံးမည်
ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားရင်းဖြင့် ဘာသာရပ်ကြီး (၁၂)ခုတွင် တခုအပါအ၀င်ဖြစ်သည့် Technique of Higher Education ဘာသာရပ်ကို သင်ယူခွင့်ရခဲ့၏။
သင်ကြားသူကား ထိုင်းနိုင်ငံမှ ဆရာမလေး (Miss Doungkamon Tongkanaraksa)။ (ဆရာမလေးဆိုသည်မှာလည်း မိမိအသက်နှင့် နှိုင်းယှဉ်၍ ခေါ်ဝေါ်ခြင်းမျှသာ) အသက်က ခန့်မှန်းချေ (၃၅)၊ အိမ်ထောင် မရှိသေးသည့် အပျိုကြီး။ စကော့တလန်တွင် ဘွဲ့လွန်များ ထပ်တက်ခဲ့၊ ထပ်ယူလာခဲ့သည်ဟု သိခွင့်ရခဲ့၏။
တနေ့တွင် စာရေးသူတို့ ကျောင်းသားများအတွက် Assignment ရေးဖို့နှင့် Presentation လုပ်ဖို့ တာဝန်ကျလာ၏။ ခေါင်းစဉ်က My Goal (ကျနော့် ရည်မှန်းချက်ပန်းတိုင်)။
ထိုခေါင်းစဉ်အောက်တွင် အဆင့်သုံးဆင့် ချပေးထား၏။
၁။ ယခု ဘ၀ရည်းမှန်းချက်ပန်းတိုင်၊
၂။ နောင် ဘ၀ရည်မှန်းချက်ပန်းတိုင်၊
၃။ သံသရာ ရည်းမှန်းချက်ပန်းတိုင်။
မိမိ အမှန်တကယ် ရည်ရွယ်ရာ ပန်းတိုင်များကိုသာ မိမိကိုယ်တိုင် ရေးဖို့နှင့်ပြောဖို့ တခါတည်း မှာထားလိုက်၏။
မဖြစ်မနေ လုပ်ရတော့မည့် အလုပ်အတွက် ပြောဖို့ထက်ရေးဖို့ကို အရင်စဉ်းစားရ၏။ ရေးဖို့ထက် အရင်တွေးဖို့ စဉ်းစားရပြန်၏။ ယခုဘ၀အတွက် မိမိရည်မှန်းချက်ပန်းတိုင်က ဘာလဲ? ဆိုသည်ကို မေးလိုက်တော့ (မိမိကိုယ်မိမိ) အဖြေက မသေချာ မရေရာ။ မိမိ ဖြစ်ချင်သည်များကို အဓိက ထားပြီး စဉ်းစားမိ၏။
လောလောဆယ် မိမိ ဖြစ်ချင်နေသည်က စာရေးချင်သည်။ စာဖတ်ချင်သည်။ စာသင်ချင်သည်။ မိမိ လိုချင်သည့် ဗဟုသုတများကို ရှာဖွေ ချင်သည်။ ကိုယ်သိသမျှ တတ်သမျှကို ပြန်လည် မျှဝေချင်သည်။ ဒီလောက်ပင်။
ဒီအထဲမှာမှ စာဖတ်ရသည်ကို ပို၍ ၀ါသနာပါသည်။
၁၇ နှစ် မှ ၂၄ နှစ် ၀န်းကျင် အချိန်ထိ ဖတ်သမျှ စာပေများကို ဆွေးနွေးချင်သည်။ တိုင်ပင်ချင်သည်။ ဖြစ်သင့်သည်များကို သုံးသပ် ဝေဖန်ချင်သည်။ ဆွေးနွေးခဲ့၊ တိုင်ပင်ခဲ့၊ ဝေဖန်ခဲ့ဖူးသည်။ အဲဒါတွေက ရည်ရွယ်ပန်းတိုင်လား။ ၂၄ နှစ် ကျော်လာပြန်တော့ ပရဟိတလုပ်ငန်းဖြစ်သည့် သူငယ်တန်းမှ အစပြုကာ တက္ကသိုလ်ဝင်တန်းများ၊ တက္ကသိုလ်ကျောင်းသားများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းမှ ဆရာ ဆရာမများကို စာပေပညာရပ်များ၊ ကွန်ပျူတာသင်တန်းများ၊ ဗုဒ္ဓယဉ်ကျေးမှု သင်တန်းများ မိမိ စေတနာ ၀ါသနာနှင့် ရည်ရွယ်ချက်ပန်းတိုင်များအလျောက် သင်ကြားပေးခဲ့ရပြန်ပါသည်။
ခုချိန်များရောက်ပြန်တော့ စာများကိုတော့ ပို၍ ဖတ်ဖြစ်သည်။ သို့သော် မဆွေးနွေးချင်၊ မတိုင်ပင်ချင်၊ မဝေဖန်ချင်တော့။ မိမိသိနေသည့် အသိအပေါ်မှာသာ တွေးတော စဉ်းစားနေမိသည်။ ဒါတွေကရော ရည်ရွယ်ချက်ပါလား။ မသေချာ မရေရာ။
ဤသို့ တွေးရင်း ငေးရင်း ရေးရင်းဖြင့် Assignment တင်ရမည့်အချိန်နှင့် Presentation လုပ်ရမည့် အချိန်ကို ရောက်လာခဲ့၏။ မိမိကား အဆင့်သုံးဆင့်တွင် တဆင့်မျှကိုတောင် ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်။ မရေးသားနိုင်ခဲ့။
သို့သော် . . .
ဒီဘ၀ ရည်မှန်းချက် ပန်းတိုင်အတွက် လက်ရှိဘ၀မှာပင် ရည်မှန်းချက် ပန်းတိုင်တွေက အသက်အရွယ်အလိုက် အမျိုးမျိုးပြောင်းနေရကြောင်း၊ ငယ်ငယ်က ဖြစ်ချင်သည့်အရာများ ခုချိန်များမှာ မဖြစ်ချင်တော့ကြောင်း၊ ဒီဘ၀ရည်မှန်းချက်တွင် ငြိမ်းချမ်းစွာ စာဖတ်ခြင်း၊ စာရေးခြင်း၊ စာသင်ခြင်းတို့နှင့်သာ ဘ၀ကိုကုန်ဆုံးချင်ပြီး သေချာသည်ကတော့ အပါယ်လေးပါးမှ အပြီးတိုင် ငြိမ်းချင်သည်က အဓိကရည်ရွယ်ချက် ပန်းတိုင်ဖြစ်ပါကြောင်း ပြေပြေလည်လည် ပြောကြားခဲ့ရ၏။
Presentation လုပ်သည့်အချိန်တွင်လည်း အဆင့် (၂) နှင့် (၃) မပါဝင်ခဲ့။ ဤအချိန်တွင် ဆရာမလေးနှင့် ကွိုင်တော့၏။ ဆရာမလေးက နောင်ဘ၀ ရည်းမှန်းချက် ပန်းတိုင်ကို တဆက်တည်း ပြောခိုင်းသည်။ မိမိ မပြောနိုင်ခဲ့။
နောင်ဘ၀ ရည်းမှန်းချက်ပန်းတိုင်အတွက် ဆရာမလေး၏ မေခွန်းကို ဖြေဆိုနိုင်စွမ်းမရှိခဲ့။ အဖြေမရှိကြောင်း ပြောခဲ့သော်လည်း အနောက်နိုင်ငံတွင် စာသင်ခဲ့သူများပီပီ အကြောင်းပြချက်ကို မဖြစ်မနေ တောင်းခံခဲ့၏။
ဆရာမလေးကို ဖြေရှင်းချက်တော့ ပေးမှ ရပေတော့မည်။
သည်လိုဆိုပြန်တော့လည်း အဖြေကိုရှာကြည့်သည်။ နောင်ဘ၀ရည်မှန်းချက် ပန်းတိုင်က ဘာလဲ။ မသိ။ မိမိ ဘာမှ မသိ။ ဘာမှ မရှိ။ မသိ မရှိတာကို အကြောင်းပြချက် တောင်းပြန်သည်။
ခက်လိုက်သည် ဖြစ်ခြင်း။ လောလောဆယ်တော့ သူ့တပည့် ဖြစ်နေရသည်က တကြောင်း၊ နိုင်ငံစုံ ကျောင်းသား အများရှေ့မှာ ဖြစ်ပြန်တော့လည်း ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်ဆရာကို သိက္ခာ မကျစေချင်သည့် ရည်ရွယ်ချက်ကြောင့် အဖြေပေးခဲ့မိပါသည်။
မြတ်ဗုဒ္ဓဟောကြားသည့် တရားတော်များတွင် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ အခိုင်အမာ ရှိပြီးသားဖြစ်၏။ မြတ်ဗုဒ္ဓ၏ ပိဋကတ် သုံးသွယ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကလည်း မျက်မြင်ထင်ရှားရှိနေသည်ပင်။ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်၏ ဂုဏ်သတ္တိထူးတွင် အကာလိကော ဆိုသည့် ပါဠိက ဓမ္မ၏ ခိုင်မာကြောင်း၊ နောင်ဘ၀ ရည်မှန်းချက်ပန်းတိုင် ရှိ မရှိ ဆိုသည်ကို သေချာစေကြောင်း ရှင်းပြရ၏။
အကာလိကော ဆိုသည်မှာ အချိန်အခါ မရွေး အကျိုးပေးသည့် မြတ်ဗုဒ္ဓတရားတော်၏ ဂုဏ်သတ္တိထူးဖြစ်၏။ မိမိ၏ ပါရမီကို စိတ်၊ ဆန္ဒ၊ ၀ီရိယ၊ ပညာတို့နှင့် ပေါင်းစပ်လိုက်ပါက ချက်ချင်းလည်း တရားထူးရနိုင်သလို၊ တစ်ရက်၊ နှစ်ရက်၊ ခုနစ်ရက်၊ ဘယ်အချိန်အတွင်းမှာ မဆို တရားနိုင်ကြောင်း အတိအလင်း မြတ်ဗုဒ္ဓက ဟောကြား ထားပြီးသားဖြစ်သည့် အတွက် နောင်ဘ၀ နှင့် သံသရာရည်ရွယ်ချက်ပန်းတိုင်တို့ အဓိကအားဖြင့် မထားရှိပါကြောင်း ဖြေကြားခဲ့ရသည်။
သို့သော်လည်း ဆရာမလေးက သူမ ချမှတ်ထားသည့် စည်းကမ်းကို မလိုက်နာသည့်အတွက်ကြောင့် မကျေနပ်နိုင်သော်လည်း သူမကိုယ်တိုင် ထေရ၀ါဒ ဗုဒ္ဓဘာသာဖြစ်နေသည့် အတွက်ကြောင့် လက်ခံထားလိုက်၏။
မိမိ ရေးသားခဲ့သော အထက်ပါအကြောင်းအရာများကို ပြန်လည် ကောက်ချက်ချရပါလျှင် မြန်မာနိုင်ငံမှာ ရှိစဉ်တုန်းက စာအုပ်ဆိုင်သို့သွား ပိုက်ဆံပေး၍ စာအုပ်ငှါး။ စာကြည့်တိုက်သို့သွား မနိုင်တနိုင် စာအုပ်များကို ငှါးခဲ့ရ သယ်ခဲ့ရ၏။ စာဖတ်၊ စာရေး၊ စာသင်ခဲ့ရ၏။ အင်တာနက်မှ စာပေ ရေးသားခြင်း၊ စာဖတ်ခြင်းများ မပါဝင်ခဲ့။ ယခု ထိုင်းနိုင်ငံတွင် အင်တာနက်ကို စိတ်ရှိတိုင်း သုံးခွင့်ရသောအခါ ဘာကိုပဲ လိုချင်လိုချင် အချိန်မရွေး ရှာ၍ ဖတ်နိုင်သည်။ မီးမပျက်သည့်အတွက် အချိန်မရွေး စာရေး၍ ရနိုင်သည်။ မိမိရေးသည့် စာများကို အချိန်မရွေး နိုင်ငံတကာရှိ စာဖတ်ပရိသတ်များသို့ တင်ပြ ပေးပို့နိုင်သည်။
နိုင်ငံတကာရှိ စာပေပညာရှင်များနှင့် ဆုံဆည်းခွင့်ရပြန်သည်။ မိမိရေးသားထားသည့် စာများကို စုစည်း၍ ဘလော့ဂ်လုပ်ထားနိုင်သည် ဆိုပြန်တော့လည်း ပျော်လို့ ရွှင်လို့မဆုံး။ ဒီဘ၀ရည်မှန်းချက်က ပိုမို ခိုင်မာလာသလိုပင်။ ထို့အတွက်လည်း ဘလော့လုပ်ပေးသူ ညီမတော် မယမင်း၊ ပြင်ဆင်ပေးသူ သူငယ်ချင်း အရှင်နန္ဒောဘာသ (မဟာချူလာ)၊ ဥယျာဉ်မှူး (အမည်မသိ)၊ စာပေရေးသားရန် အခွင့်အလမ်း ပေးခဲ့သော ကိုဝိမုတ္တိ၊ ညီငယ် မောင်ဖိုးသား (ပြည့်စုံအောင်)၊ တို့အား အမှတ်တရ ကျေးဇူးတင်ရပြန်သည်။
အင်တာနက်ဆိုသည်ကို ကိုင်ဖူးသည်က တနှစ်မပြည့်သေး။ ဒီလိုအချိန်မှာ အင်တာနက် ဗဟုသုတ ဘာမှ မရှိ ။ သို့သော် စိန်နားကပ်ရောင်ကြောင့် အထိုက်အလျောက်တော့ ပါးပြောင်ပေအုံးတော့မည်။ မိမိတင်ထားသည်က ဘလော့ဂ်စပေါ့။ သို့သော် မိခင်နိုင်ငံက ဖတ်ခွင့် သိခွင့် မရရှာ။ အမှန်အတိုင်း ပြောရလျင် သိခွင့် ဖတ်ခွင့် ရဖို့လည်း မကြိုးစားမိ။ ကြိုးစားနိုင်လောက်သည့် အရည်အသွေးလည်း မိမိမှာ မရှိ။ ဘလော့ဂ်စပေါ့နှင့်ပင် ပျော်မဆုံး ရွှင်မဆုံး တပြုံးပြုံး။
(၂၈၊ ၁၊ ၂၀၁၀) ည ၁၁းနာရီ ၄၈ မိနစ် တွင် အွန်လိုင်းမိတ်ဆွေ နော်ဝေနိုင်ငံမှ (မ) မြကြေးမုံ က မည်သူ့ပယောဂမှ မပါဘဲ သူမစေတနာ သက်သက်ဖြင့် ဆိုင်းမဆင့်ဗုံမဆင့် ကကြိုးတွေနှင့် တခါတည်း အပြီး ပြင်ဆင်ခဲ့ပြီး ဒိုမိန်း လှူဒါန်းလိုကြောင်း ပြောကြားခဲ့၏။ ပြီးလျှင် (၂၉၊ ၁၊ ၂၀၁၀) ည ၁၂ နာရီ မိနစ်တွင် တခါတည်း လုပ်ဆောင်ပေးခဲ၏။ ယနေ့ တော့ နံနက် လေးနာရီ မိနစ်သုံးဆယ် အထိ အရုဏ်မိုးသောက် အလင်းပေါက်သွားခဲ့ရပြန်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် ဘ၀တွင် အခြေအနေ အချိန်အခါနှင့် ပတ်သက်ပြီး ရည်မှန်းချက် ပန်းတိုင်များ အမျိုးမျိုး ပြောင်းလဲနေတတ်ကြ၏။ လယ်တီဆရာတော်ဘုရားကြီး၏ ငယ်ငယ်က သင်ခဲ့ရသည့် မိုက်မလင်းနိုင်ဘု ကဗျာတွင် ပါဝင်သည့် စာသားများလိုပင် အခွင့်အခါကောင်းကို ကောင်းကောင်း အသုံးချဖို့သာ အရေးကြီးပါသည်။ ဘယ်ဘ၀နှင့် နေသည်ပင်ဖြစ်စေ မိမိဘ၀ အခြေအနေမှန်ကို သုံးသပ်ပြီး သဘာဝသဘောတရားအတိုင်း ဒီဘ၀ကိုတော့ဖြင့် မဖြစ်မနေ ဆက်လက်လျှောက်လှမ်းရပေအုံးမည် . . . .
0 comments:
Post a Comment