January 8, 2010

ရွှေလက်တွဲလို့ မြဲစေချင် (၂)

နှစ်ကိုယ့်တစ်စိတ်

သို့သော် လောကီသားတို့ ဖြစ်ကြသည့်အလျောက် မျက်စိမှိတ်၍ ဘ၀နှစ်ခုကို တစ်ခုတည်းဖြစ်အောင်၊ နှစ်ကိုယ်တစ်စိတ် အဖြစ် ဖန်တီးလိုက်ကြသည်။ အမှန်တကယ် နှစ်ကိုယ့်တစ်စိတ် ဖြစ်ဖို့ ဆိုသည်မှာ မလွယ်ကူ။ ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ်၊ တစ်ကိုယ် တစ်စိတ်ဘ၀မှာတောင် အဝေမတည့်ချင်။ နှစ်ကို နှစ်ဘ၀ကို တစ်စိတ်တစ်ဝမ်း၊ တသားတည်းဖြစ်အောင်၊ နှစ်ကိုယ့်တစ်စိတ် စွယ်တော်ရွက်လေးလို ဖြစ်အောင် လုပ်ဆောင်ဖို့အတွက် အချိန်လေးတော့ လိုမည်ထင်သည်။ ချက်ချင်းကြီးတော့ မဖြစ်နိုင်ပေ။

ယုံကြည်ဖို့

သံသယများနှင့် နေရသောဘ၀သည် အလွန်ပင် ပူလောင်လှ၏။ မိမိ၏ မိဘပင် ဖြစ်လင့်ကစား ကိုယ့်အပေါ်မှာ မိဘက မယုံကြည်၊ သံသယစိတ်နှင့် ဆက်ဆံနေလျင် သားသမီးတို့ဘ၀သည် မအေးချမ်းနိုင်။ ယုံကြည်မှု ကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ မိတ်ဆွေအပေါင်းအသင်း၊ အလုပ်ရှင်နှင့် အလုပ်သမား စသော မည်သည့် အဖွဲ့အစည်းမဆို ဘယ်လုံဘယ်ပုံ လက်တွဲ နေနိုင်ကြမည်နည်း။ တဦးနှင့်တဦး ယုံကြည်ဖို့တော့ လိုမည်ထင်ပါသည်။

တဦးတယောက်ကို ယုံဖို့ဆိုသည်မှာလဲ အကြောင်းသိ၊ အတွင်း၊ အဆင်းသိ၊ အရည်အချင်းသိမှ ယုံနိုင်မည်။ ယုံမိပြီ ဆိုပါက အရာရာတိုင်းသည် ကြည်လင်တောက်ပလာတော့၏။ ယုံကြည်မှုက စိတ်ချမ်းသာမှုအဖြစ်သို့ မရောက် ရောက်အောင် ပို့ဆောင်ပေးတော့၏။ ယုံကြည်မှု ရှိလာသည်နှင့်တပြိုင်နက် နေထိုင်ရသည့် လက်ရှိဘ၀အတွက် ပျော်ရွှင်လာတော့၏။ တစ်ဦးကို တစ်ဦး သဘောတူ ကြည်ဖြူ၊ နှစ်သက် လက်ခံလာတော့သည်။ တစ်ဘ၀နှင့်တစ်ဘ၀၊ တစ်ဦးနှင့်တစ်ဦး၊ နှစ်ကိုယ့်တစ်စိတ် ပေါင်းသင်းဆက်ဆံဖို့ဆိုသည်မှာ ထက်သလောက် မခဲယဉ်းတော့။ ဤသည်မှာ ယုံကြည်မှုကိုအခြေခံထားခြင့် ဖြစ်သည်။

အရည်အချင်း ရှိဖို့တော့ လို

တစ်ဦးနှင့်တစ်ဦး ယုံကြည်ဖို့ ဆိုသည်မှာ အရည်အချင်းရှိဖို့တော့ လိုမည်ထင်သည်။ အရည်အချင်း ဆိုသည်မှာလည်း လုပ်ဆောင်ရမည့် တာဝန် ၀တ္တရားများကို ဆိုလိုပါသည်။
ဥပမာ - မိဘနှင့် သားသမီး။ မိဘကို သားသမီးက ယုံကြည်ဖို့အတွက် မိဘတို့မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ ရှိဖို့ လိုအပ်ပေလိမ့်မည်။ မကောင်းတာတွေ လုပ်နေတာကို တိုက်တွန်းအားပေး၊ လမ်းကောင်းလမ်းမှန်ကို မညွှန်ပြ၊ ပညာသင်ချိန်မှာ ပညာသင်ပေးဖို့ ခွင့်မပြု၊ မတိုက်တွန်း၊ လမ်းမပြ၊ အရွယ်ရောက်လို့ သားသမီးအတွက် သင့်တင့်တဲ့ အိမ်ထောင်ရေးကို မဝေဖန် အကြံမပေး၊ မတိုက်တွန်းတတ်တဲ့ မိဘမျိုး။
သားသမီးများ အိမ်ထောင် ရက်သား ကျပြန်တော့ မိဘတို့ ဆောင်ရွက်ပေးရမယ့် ၀တ္တရားတွေ ပျက်ကွက်တတ်တဲ့ မိဘမျိုး၊ အဲဒီလို မိဘတွေကို ဘယ်သားသမီးတွေက ယုံကြည်ကြမည်နည်း။ သားသမီး မယုံကြည်သော မိဘတွေအတွက် ကြည်ကြည်လင်လင် ရက်ရက်ရောရော ကျွေးမွေး ပြုစု စောင့်ရှောက်မှုများ ရှိလာတော့မည် မဟုတ်။ ဒီတော့ အိုဇာတာ မကောင်းဟု ဆိုကြပြန်သည်။

ရှင်လည်း မကွေ သေလည်း မကွာ

မိဘနှင့် သားသမီး၊ မယားနှင့်လင်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဘုန်ကြီးနှင့်ဒကာ၊ ဆရာနှင့်တပည့်၊ မိတ်ဆွေ အချင်းချင်း ကြည်ကြည်ဖြူဖြူ ချမ်းချမ်းသာသာဖြင့် နေထိုင်ပေါင်းသင်း ဆက်ဆံနိုင်ဖို့ ဆိုသည်မှာ ကိုယ်လုပ်ရမည့် တာဝန် ၀တ္တရားများ မပျက်မကွက် ပြုလုပ်ကြပြီး၊ ကိုယ့်တာဝန် ကိုယ်ကျေပွန်ကြမှ သာလျင် ဒီဘ၀မှာ ပေါင်းသင်း ဆက်ဆံနိုင်ရုံသာမက ရှင်လည်းမကွေ သေလည်းမကွာ ဒီဘ၀မှာသာ မက နောင်ဘ၀ပေါင်းများစွာ (သစ္စာတရား မသိသေးသမျှ) တဦးအပေါ် တဦး နားလည်ကြည်ဖြူ ခွင့်လွှတ်လျက် တွေ့ကြ ဆုံကြ ပေါင်းသင်းဆက်ဆံကြဦးမှာ အမှန်ပင် ဖြစ်၏။

မင်္ဂလာဆောင်

မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသော အလေ့အထမှာ အတူမနေရသေးသော ချစ်သူ ရည်းစားဘ၀တွင် တဦးကိုတဦး အကဲခတ်ခြင်း၊ မိမိသဘောထားနှင့် သူ့သဘောထား တိုက်ဆိုင်မှု ရှိ မရှိ စုံစမ်းခြင်း စသည်တို့ကို ပြုလုပ်လေ့ ရှိကြ၏။ အခုတွေ့ အခုကြိုက်၊ အခုလိုက်၊ အခုကွဲ အိမ်ထောင်ရေးမျိုး မဟုတ်ချေ။
အိမ်ထောင်ပြု (အတူနေ) အတူနေဖို့အတွက် ရှေးဦးစွာ နှစ်ဦးသားချင်း တိုင်ပင်၊ ပြီးတော့ မိဘ၊ ဆွေမျိုး၊ ညီအကို မောင်နှမ၊ သူငယ်ချင်းများနှင့်တိုင်ပင်ကာ မင်္ဂလာဆောင်ဖို့ စီစဉ်ကြရ၊ လုံးပမ်းကြတော့သည်။
မင်္ဂလာဆောင် ဟု ဆိုသည့်အတိုင်း ကျက်သရေ မင်္ဂလာအဖြဖြာ ဆောင်ကျဉ်း သယ်ယူနိုင်ဖို့၊ တဘ၀လုံး ငြိမ်းချမ်း ပျော်ရွင်စွာ နေထိုင်နိုင်ဖို့အတွက် မိဘ၊ ဆွေမျိုး၊ ညီအကိုမောင်နှမ၊ သူငယ်ချင်းများက ၀ိုင်းဝန်းလက်ဖွဲ့ အကူအညီ ပေးကြ၏။

ယနေ့မှ စ၍ အနှစ်တရာတိုင်

နှစ်ကိုယ့်တစ်စိတ် ဘ၀ကို တည်ထောင်ကြတော့မည် မင်္ဂလာဦး မောင်မယ်များအတွက်၊ မိမိတို့ အိမ်ထောင်ရေး ခိုင်မြဲဖို့၊ သာယာငြိမ်းချမ်းသည့် မိသားစုဘ၀ တည်ထောင်နိုင်ဖို့အတွက် သတို့သားရော သတို့သမီးမှာပါ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ ရှိဖို့ လိုအပ်ပေလိမ့်မည်။ အရည်အချင်းများနှင့် ပြည့်စုံပြီဆိုလျင် ယနေ့မှ စ၍ အနှစ်တရာတိုင်မက ခိုင်ကြည်သော သစ္စာတရားတို့နှင့် မပြိုပျက်နိုင်သော မိသားစုဘ၀ အိမ်ထောင့်သုခ အ၀၀ကို ရရှိ ခံစား စံစားကြရမည်မှာ အမှန်ပင် ဖြစ်သည်။

ဆက်ရန် -

မျိုးဇာနည် (မန်းတက္ကသိုလ်)

0 comments:

 

blogger templates | Make Money Online