January 27, 2010

တစ်ခုခုတော့ လုပ်စေချင်


မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်၊ ရတက် မပွေပြီ။ ကံပေါ် ကံဆင့် ကံကိုမြှင့်၊ ဘ၀ တင့်လှသည်။
ကံခိုင် ကံလှ၊ ဒီဘ၀၊ မုချအေးငြိမ်းမည်။

မွေးနေ့အထိမ်းအမှတ်အဖြစ် လူသားတော်တော်များများ လုပ်ဆောင်လေ့ရှိကြတယ်။ ရည်ရွယ်ချက်တော့ တဦးနှင့်တဦး မတူညီနိုင်ကြမယ် မထင်ဘူး။ အမှန်တကယ်တော့ မွေးနေ့ကုသိုလ် ပြုလုပ်ခြင်းဟာ ဗုဒ္ဓဘာသာရှုထောင့်မှ ကြည့်ရင် ကုသိုလ်ဆက်ခြင်းဖြစ်တယ်။ အတိတ်ဘ၀က လုပ်ခဲ့တဲ့ ကုသိုလ်တွေနဲ့ ဒီဘ၀က လုပ်ဆဲ ကုသိုလ်တွေကို ဆက်ပေးလိုက်တဲ့သဘောပါ။

ကုသိုလ်ဆက်ခြင်းအားဖြင့် စိတ်ကြည်လင်အေးချမ်းသွားတယ်။ ကုသိုလ်အပေါ်မှာ ပျော်မွေနေတော့ စိတ်ချမ်းသာ သွားတယ်။ စိတ်ချမ်းသာတော့ ကိုယ်ကျန်းမာတယ်။ ပူပင်သောက စိုးရိမ်ရမှုတွေ ကင်းစင်ပြီး ရတက်မပွေ စိတ်မလေပဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရတယ်။

မွေးနေ့ကုသိုလ် လုပ်တယ်ဆိုတာဟာ ကံဆက်တာပါပဲ။
ရှေးအတိတ်ကုသိုလ်ကံနဲ့ ပစ္စုပ္ပန်ကံကို ဆက်ပေးလိုက်တာပါပဲ။
ကုသိုလ်ကံတွေကို ပေါ်ပေါက်လာအောင် ဖော်ပေးလိုက်တာပါပဲ။

အဲဒီလိုဖော်လိုက်တော့ အတိတ်က ကုသိုလ်ကံတွေ ပေါ်လာတယ်။ အဲဒီအတိတ် ကုသိုလ်ကံကို ပစ္စုပ္ပန်ကံက ထပ်ဆင့်ပြီး မြှင့်တင်ပေးလိုက်တော့ ကုသိုလ်ကံတွေ တစ်ဆင့်ထက်တစ်ဆင့်၊ ရင့်သထက်ရင့်၊ မြင့်သထက် မြင့် မြင့်ပြီးလာတော့တာပဲ။ ကုသိုလ်ကံတွေ မြင့်လာတာနဲ့ မိမိနေထိုင်ရတဲ့ လူ့လောက လူ့ဘ၀ကြီးက တင့်တယ်စရာ ကျေနပ်စရာတွေ ပြည့်နက်လို့ နေတော့တာပဲ။

မွေးနေ့တိုင်းမှာ ကုသိုလ်ဆက်နေတော့ အဲဒီကုသိုလ်တွေ ခိုင်လာပြီပေါ့။ ကုသိုလ်တွေ ခိုင်လာ၊ များလာတာနဲ့ နှစ်သက်ရွှင်လန်းပြီး တည်တည်ကြည်ကြည် ငြိမ်းငြိမ်းချမ်းချမ်း ရှိတော့တာပဲ။ အဲဒီတည်ငြိမ် ငြိမ်းချမ်းမှုရဲ့ နောက်မှာ ထပ်ချက်မကွာ လိုက်ပါလာတဲ့ အမှန်ကို အမှန်အတိုင်း သိမြင်နိုင်တဲ့ အသိထူး အမြင်ထူးတွေ ပေါ်ပေါက်လာနိုင်တယ်။ အသိထူး အမြင်ထူးတွေ ပေါ်ပေါက်လာတာနဲ့ ဒီဘ၀အတွက်သာမက သံသရာအတွက်ပါ ပူပင်ကြောင့်ကျ ဗျာပါရတွေ ကင်းစင်ပြီး ငြိမ်းချမ်းအေးငြိမ်းသွားတော့တာပါပဲ။

မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်က၊ အသက်ခန္ဓာ၊ လွန်ကျန်းမာ၍၊ ဥစ္စာ တန်ခိုး၊ ဖွံ့ဖွံ့ ဖြိုးသည်၊ မွေးနေ့ကုသိုလ်အကျိုးတည်း။

အဲဒီကဗျာကလေးက ငယ်ငယ်ကတည်းက ကြားဖူးနေ၊ ရဖူးနေတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတာလဲ မမှတ်မိတော့ဘူး။ အဲဒီကဗျာလေးကို အမှတ်ရပြီး အထက်က ကဗျာလေးကို ပြန်လည်ခံစားမျှဝေလိုက်တာပါ။
ဒါနဲ့ မွေးနေ့ရှင်အတွက် ရည်းစူးပြီး မြတ်ဗုဒ္ဓ ၀ိသာခါ ဒကာမကြီးကိုဟောတဲ့ တရားလေးကို မွေးနေ့ ဓမ္မလက်ဆောင်ပေးချင်တယ်။

ပါဠိ -

ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။ ဧ၀ံ ဇာတေန မစ္စေန ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

မြန်မာ-

ပန်းစု ပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံး ပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည် ဥစ္စာသဒ္ဓါ တည်းဟူသော အစုအပုံအတွင်းမှ မြောက်များစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။

အနက်ရှာ-

ပုပ္ဖရာသိမှာ-အမျိုးမျိုးအဖုံဖုံ ပန်းပေါင်းစုံသည့် ပန်းပုံကြီးထဲမှ၊ ဗဟူ-ရေတွက် သင်္ချာ၊ လွန်များစွာကုန်သော၊ မာလာဂုဏေ- ကြည့်၍ မဆုံး လိုတိုင်းသုံးဖို့၊ ပန်းကုံးတို့ကို၊ ကယိရာယထာ- နှစ်သက်ကြည်စွာ၊ ပြုလုပ်ရာကုန်သကဲ့သို့။ ဧ၀ံ-ပမာထားယူ ထို့အတူပဲ၊ ဇာတေန-ရှေးကံအလျောက် လူ့ထံရောက်အောင် ပေါ်ပေါက်ဖွားမြင်လာသော၊ မစ္စေန - မချွတ်ဧကန် အမှန်သေရမည့် သတ္တ၀ါသည်၊ ကုသလံ- ခုနောင် ဘ၀၊ နိဗ္ဗာန်ကျအောင် သုခကောင်းကျိုး လွန်ပွားတိုးသည့် ကုသိုလ်မျိုးကို၊ ကတ္တဗ္ဗံ-မလွဲမသွေ၊ ပြုသင့်ပေ၏။

လိပ်မှာမူရင်းက၊

Even as one may make many kinds of wreaths from a heap of flowers, so by a mortal in this life there is much good work to be done ( with wealth, faith and generosity).

ရှေးအတိတ်ကံ-

အမှန်တကယ်တော့ လူတိုင်းလူတိုင်း လူ့ဘ၀ လူ့ဌာနကို ရရှိ ရောက်ရှိလာကြခြင်းဟာ ရှေးအတိတ်ကုသိုလ်ကံကြောင့် ဖြစ်တယ်။ ရှေးအတိတ်ကုသိုလ်ကံများကို အမှတ်တမဲ့ သုံးစွဲမိလို့ ကုန်ဆုံးသွားကြရင်ဖြင့် နောင်ဖြစ်လာမည့် ဘ၀က မသေချာ။

“ကံမခိုင် သံတိုင် အိမ်ဆောက်တော့ ကံမှောက်လျင် ကျိုး”ဆိုသလို ကုသိုလ်ကံက အခြေမခိုင်လျင် ဘာလုပ်လုပ် အဆင်မပြေနိုင်တော့။ သံတိုင် သံကွန်ကရစ်များနှင့် ဆောက်လုပ်ထားသည့် အိမ်တောင်မှ ကုသိုလ်ကံ မရှိတော့သည်နှင့် ပျက်စီးဆုံးရှုံးရနိုင်၏။ ကုသိုလ်ကောင်းမှု ကုန်ဆုံးသွားသည်နှင့် တပြိုင်နက် သတ္တ၀ါအားလုံး မည်သူမဆို ပျက်စီးကြရတော့တာပါပဲ။ မပျက်စီးတဲ့သူ ဘယ်သူမှ မရှိနိုင်ဘူး။ ဒါဟာ ဓမ္မနိယာမပဲ။


သေမည်မှန်-

လူရယ်လို့ ဖြစ်လာပြန်ရင်လည်း လူတိုင်း အမှန်အကန် သေရဦးမှပါပဲ။ ဒီနေ့ သေမလား မနက်ဖြန်သေမလား။ အခုချက်ချင်းပဲသေမလား စသည်ဖြင့် လားပေါင်းများစွာနဲ့ပဲ စောင်းဆိုင်းနေရတာပါ။ သေခြင်းတရားဟာ လာဘ်ပေးလို့လည်း မရနိုင်၊ ရင်းနှီးလို့ နေပါဦး တားလို့လဲ မရနိုင်၊ ပစ္စည်းဥစ္စာ ဂုဏ်အရှိန်အ၀ါ သြဇာအာဏာတွေနဲ့ တားလို့လည်း မရနိုင်၊ အနုမြူလက်နက်အင်းအားတွေ ပိုင်ဆိုင်လို့ ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ယူလို့လည်း မရနိုင်ပါဘူး။ ဆိုလိုတာက မွေးဖွားလာတဲ့ ဘယ်သူမဆို အမှန်တကယ် သေကြရအုံးမယ်ဆိုတာကို သတိထားဖို့ပါ။

လေးတန်သေမျိုးပြ၊

အဘိဓမ္မာမှာ သေခြင်းလေးမျိုး ပြောပြထားတယ်။
၁။ သက်တမ်းကုန်လို့ သေခြင်းမျိုးက လူ့ဘ၀မှာ ခေတ်အခြေအနေ အချိန်အခါအရ ကန့်သတ်ထားတဲ့ အပိုင်းအခြားမျိုး။ ၇၅-နှစ်ဆို ၇၅-နှစ်ပေါ့။ အဲဒီလို သက်တမ်းပြည့်လို့၊ ကုန်လို့ သေတာကို ဆိုလိုတာ။
၂။ ကံကုန်လို့ သေခြင်းဆိုတာ ၁၅-နှစ်နဲ့လည်း သေချင်သေမယ်၊ မွေးပြီးကာစလည်း သေချင်သေမယ်။ ကံပါသလောက်ပဲ အသက်ရှင်ခွင့် နေခွင့်ရခြင်းမျိုးကို ဆိုလိုတယ်။
၃။ သက်တမ်းရယ် ကံရယ် နှစ်မျိုးကုန်လို့ သေခြင်း-ဆိုတာက သက်တမ်းကလည်း ကျော်လွန်သွားပြီ၊ ကံကလည်း ကုန်ပြီ၊ ခုခေတ်ဆို အသက်၈၀-အရွယ်၊ ၉၀-အရွယ်တွေကို ဆိုလိုတာပေါ့။
၎။ ရုတ်တရက် သေခြင်း (ဥပစ္ဆေဒက+ accideint)မျိုးကတော့ ရေနစ်တာတို့၊ ကားတိုက်ခံရတာတို့၊ သူများသတ်လို့ သေတာတို့ စသည်ဖြင့် ရုတ်တရက် သေဆုံးရတာတွေကို ပြောတာပါ။ တချို့များ အဲဒီကံ(ဥပစ္ဆေဒကကံ)မပါလာလို့ကတော့ သူများက ကိုယ့်ကို ဘယ်လိုပင် လုပ်ကြံလုပ်ကြံ၊ ဖျက်ဆီးဖျက်ဆီး မပျက်စီးနိုင် မသေနိုင်ဘူး။ ဒါက သတိထားစရာလေးတွေကို ပြောတာပါ။

ကုသိုလ်ရွေးချယ်-

မတည်မြဲတဲ့ အရာတွေနဲ့ နှိပ်စက် ၀န်းရံနေလို့ လူတိုင်းဟာ သေကြရဦးမှာ။ ဘယ်နေ့ သေမှာမှန်း မသိရလို့လဲ သတ္တ၀ါတိုင်း လူသားတိုင်းဟာ ကောင်းမှု ကုသိုလ်တရားတွေကို လုပ်သင့်တာပါပဲ။ တချို့က ငါမသေနိုင်ဘူး အမှတ်မျိုးနဲ့ ကုသိုလ်တွေကို မေ့လျော့ ပေါ့ဆပြီး မလုပ်ဘဲ နေတတ်၊ နေရဲ လိုက်ကြတာ။ ကြောက်စရာကြီး။ ကုသိုလ် လုပ်တဲ့နေရာမှာ ခုဘ၀ရော နောင် ဘ၀ပါ အကျိုးများစေမဲ့ ကုသိုလ်မျိုးတွေကို ရွေးချယ်ပြီး လုပ်သင့်တယ်။

လုပ်ကြကွယ်-

ဒီလိုမှ မဟုတ်ဘဲ ပါတီလုပ် ၀ိုင်းဖွဲ့ပြီး အရက်ဒကာခံတာမျိုး၊ ကိုယ့်ဘော်ဒါတွေ နိုက်ကလာပ်သွားဖို့ ပိုက်ဆံပေးလိုက်တာမျိုး တွေဟာ ခုဘ၀ရော နောင်ဘ၀ပါ အကျိုစီးပွား ဖြစ်ထွန်းစေမဲ့ ကိစ္စမျိုး မဟုတ်ဘူး။ သက်ရောက်မှုက ဆိုးကျိုးဖက်ကို ဦးတည်သွားစေတယ်။
ပြောချင်တာက သူများဆီက မျှော်လင့်ချက်မထားဘဲ၊ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတာမျိုး မဟုတ်ဘဲ ဖြူစင်တဲ့ စေတနာမျိုးနဲ့ ကုသိုလ်ကောင်းမှုကို လုပ်သင့်တယ်။ သူက ငါ့ကို ရေတိုက်လိုက်လို့ ငါက သူ့ကို ပြန်ပြီး ထမင်းစားဖိတ်ကျွေးလိုက်တဲ့ ကုသိုလ်မျိုးက စစ်မှန်တဲ့ ကုသိုလ်မျိုး မဟုတ်သလို၊ သူက ငါ့ကို ကူညီလို့ ထမင်းဖိတ်ကျွေးတာ၊ သူကချမ်းသာလို့၊ သူ့ကို ခိုင်းလို့ရလို့ သူ့ဆီက ရမဲ့ အကူအညီကို မျှောင်လင့်တောင့်တပြီး လုပ်တဲ့ကုသိုလ်မျိုးကလည်း စစ်မှန်တဲ့ ကုသိုလ်မျိုး မဖြစ်နိုင်ဘူး။

မြတ်ဗုဒ္ဓ ဟောထားသလို (တတြာနန္ဒ တိရစ္ဆာနဂတေ ဒါနံ ဒတွာ သတဂုဏာ ပါဋိကင်္ခိ တဗ္ဗာ)မျိုး ကိုယ့်အိမ်မှာ မွေးထားတဲ့ ကြောင်လေးကို ကြွက်ခုတ်လို့ အစာကျွေးတာမျိုး မဟုတ်ပဲ စေတနာသန့်သန့်လေးနဲ့ ကျွေးမွေးလိုက်ရင် အဆတစ်ရာ၊ ဘ၀တစ်ရာ အကျိုးပေးနိုင်တယ်တဲ့။
စေတနာစစ်မှနော်။ စစ်မှန်မှ ခုဘ၀ရော နောင်ဘ၀ပါသာမက နိဗ္ဗာန်ထိအောင် အကျိုးပေးများနိုင်တယ်။ အဲဒီလို ကုသိုလ်မျိုးတွေ ရွေးချယ်ပြီးလုပ်သင့်တယ်။

သုံးသွယ်-

ကုသိုလ် မလုပ်မီ အရင်ဖြစ်တဲ စေတနာ၊ လုပ်နေဆဲ စေတနာ၊ လုပ်ပြီးနောက် ၀မ်းသာနေတဲ့ စေတနာ။ အဲဒီ စေတနာ သုံးမျိုးဟာ ဘ၀အတွက် သိပ်အရေးပါတယ်။
ကုသိုလ်မလုပ်မီ သြော် ငါဖြင့် ဘယ်နေ့၊ ဘယ်ရက်၊ အဘယ်အချိန်၊ ဘယ်နာရီမှာဖြင့် ကုသိုလ်လုပ်အုံးမှပဲ။ အဲဒီလို လုပ်ရမဲ့ ကုသိုလ်တွေကို တွေးပြီး ၀မ်းသာကြည်နူး နေခြင်းဟာ အရမ်းကို အကျိုးကျေးဇူးများနေပါပြီ။

ကုသိုလ်လုပ်နေဆဲ အချိန်ကိုတော့ မပြောလိုတော့ပါဘူး သူက သိပ်သိသာနေတာကိုး။ သတိထားသင့်တာက ကုသိုလ်လုပ်ပြီးနောက် ကိုယ့်လုပ်ထားခဲ့တဲ့ ကုသိုလ်တွေကို ပြန်ပြီး ၀မ်းသာကြည်နူးနေမယ်။ အောက်မေ့သတိရနေမယ်။ သို့မဟုတ် တည်မြဲခြင်းမရှိတာတွေကို ပြန်လှန် သုံးသပ်မယ်ဆို အဲဒီ ကုသိုလ်တွေဟာ ပွားပြီးရင်းပွား တားမနိုင် ဆီးမရဖြစ်နေတဲ့ ကုသိုလ်မျိုး၊ ခုဘ၀ နောင်ဘ၀ အကျိုးများမဲ့၊ နိဗ္ဗာန်ထိအောင် အကျိုးများမဲ့ ကုသိုလ်မျိုးတွေပါပဲ။

တန်ဖိုးလှ။

သိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ့ပိုက်ဆံကို တန်ဖိုးထားရုံ (ကပ်စေးနည်းဟုမသုံးပါ) သာမက၊ သူလုပ်ထားတဲ့ ကုသိုလ်တွေကိုလည်း အရမ်းတန်ဖိုးထားပါတယ်။ နောက်ပြီး တရားတွေ တော်တော်သိနေလို့လားမသိ သူလုပ်ထားတဲ့ ကုသိုလ်တွေကို (ကြွားတာမျိုးမဟုတ်ဘဲ) ၀မ်းမြောက်ဝမ်းသာပြောတတ်၊ သူများကိုလည်း သာဓုခေါ်စေတတ်ပါတယ်။

မှတ်မှတ်ရရ တခါတုန်းက သူများက သူမကို အအေး(အိတ်နဲ့ထည့်ပေပြီး)တိုက်လိုက်ပါတယ်။ အဲဒီအအေးကို သူမက မသောက်ချင်ဘူး(မတည့်တာလည်း ပါမယ်)ပေါ့။ ပေးတဲ့သူရဲ့ ရှေ့မှာ လွှင့်ပစ်ဖို့ကလည်း မကောင်းတာမို့ လွှင့်ပစ်ရမယ့် နေရာကို ရွေးချယ်ရင်း ဒီအတိုင်း လက်ထဲမှာ ပါလာခဲ့တယ်။ အဲဒီနောက် လမ်းဘေးက အလှူခံတစ်ယောက်က (သူတောင်းစားဟု မသုံးပါ) သူမ လက်ထဲက အအေးထုတ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြည့်နေလို့ သူမက ၀မ်းသာကြည်နူးစွာနဲ့ (အမှိုက်ပုံးထဲ ထည့်မယ့်အထုပ်ကို) ငါ့လက်ကလွတ် ပြီးရော သဘောမျိုးမဟုတ်ဘဲ ကြည်ကြည်နူးနူး ၀မ်းမြောက်ဝမ်းသာနဲ့ ပေးလှူခဲ့ပြီး။

သူမ လှူခဲ့တဲ့ အလှူကို ဧရာမ အလှူကြီးတစ်ခုအလား သဘောထားကို သူတပါး(မိမိ)အား သာဓုခေါ်စေ၊ ၀မ်းမြောက်စေခဲ့ပါတယ်။ အဲဒီအမျိုးသမီး ချမ်းသာပါတယ်။ ပစ္စည်းဥစ္စာရော ကုသိုလ်ရောပေါ့။ တန်ဖိုးထားတတ်ပုံကို ပြောတာပဲ။ တန်ဖိုးထားတာနဲ့ အမျှ ကုသိုလ်တွေ ပိုပြီး ပေါများတတ်ပုံကို ပြောတာပါ။ တန်ဖိုးထားတာနဲ့အမျှ တန်ဖိုး ရှိတော့ တာပါပဲ။

ပန်းကိုပုံပြု

ကုသိုလ်လုပ်တဲ့ အခါမှာ ပန်းတွေကို ဥပမာထားပြီး ကုသိုလ်လုပ်ရမယ်လို့ မြတ်ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။ ဥပမာအားဖြင့် စပါယ်ပန်းတို့၊ ခရေပန်းတို့ကို တော်တော်များများ မြင်ဖူးကြပါလိမ့်မယ်။

အဲဒီပန်းလေးတွေဟာ တစ်ပွင့်တည်း ရှိနေရင် တန်ဖိုးမဲ့နေတတ်ကြပေမဲ့ သီကြိုးနဲ့ သီကုံးလိုက်တဲ့ အချိန်မှာတော့ အရမ်းတန်ဖိုး မြင့်တက်သွားပါပြီ၊ အရာရာဟာ အမြင်တင့် အဆင်တင့် အသွင်တင့်သွားပါပြီ။

ပိုက်ဆံဟာ တစ်ကျပ်ထဲဆို တန်ဖိုး သိပ်မရှိတတ်ပေမယ့် ရာတို့ ထောင်တို့ သောင်းတို့ သိန်းတို့ဆိုရင် လိုချင်တာတွေကို ၀ယ်လို့ရပါပြီ။ အဲဒီလိုပါပဲ ကုသိုလ်ဟာ နည်းနေသေးရင် မသိသာသေးပေမယ့် ကုသိုလ်တွေ များလာတာနဲ့ တပြိုင်နက် လူ့ဘ၀၊ နတ်ဘ၀၊ အဆင့်မြင့်ဘ၀တွေကို ၀ယ်လို့ရပါပြီ။ နိဗ္ဗာန်ကို ၀ယ်ဖို့ အထောက်အပံ့ ပေးနိုင်ပါပြီ။ ဆိုလိုတာက ပန်းပွင့်တွေကို ဥပမာထားပြီး ကုသိုလ်လုပ်တဲ့အခါ နေ့စဉ်နေ့စဉ် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လုပ်နိုင်သလောက် လုပ်သွားကြဖို့ပါ။

ကုသိုလ်စု

တစ်စက္ကန့်ဟာ တန်ဖိုးမရှိတတ်ပေမယ့် စက္ကန်ပေါင်းများစွာရှိလာရင်၊ တစ်မိနစ်ကို သတိမထားတတ်ကြပေမယ့် မိနစ်ပေါင်းများစွာ ရှိလာရင်၊ တစ်နေ့တစ်လေဟာ မသိသာပေမယ့် နေ့ပေါင်းများစွာကြာလာရင် သိပ်ကို ထူးထူးခြားခြား ဖြစ်တတ် ရှိလာတတ်ပါတယ်။
ကုသိုလ်လုပ်တဲ့ အခါမှာလည်း ဒီအတိုင်းပါပဲ တစ်စက္ကန့်လောက် လုပ်လိုက်တဲ့ ကုသိုလ်၊ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်လောက် လုပ်လိုက်တဲ့ ကုသိုလ်တွေဟာ မသိသာပေမဲ့ စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ၊ နေ့တွေထပ်လာ ဆက်လာရင်၊ ကုသိုလ်တွေ စုနိုင်လာတာနဲ့ တပြိုင်နက် အဲဒီကုသိုလ်ရဲ့ အကျိုးတရားတွေကို လိုသလို အသုံးချလို့ ရနိုင်တော့တာပါပဲ။

တစ်ခုခုတော့

ကုသိုလ်လုပ်တယ်ဆိုတာ ပိုက်ဆံရှိမှ လုပ်လို့ ရတာမဟုတ်ပါဘူး။ မရှိလည်း လုပ်လို့ ရတာပါပဲ။ နံနက် ညနေ ဘုရားရှိခိုးတာတို့၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် ပွားများတာတို့၊ ရွတ်ဆိုတာတို့။ မေတ္တာပို့တာတို့၊ သူများအကျိုးစီးပွားကို လိုလားတာတို့၊ သူများ အဆင်ပြေနေတာတွေ့ရင် ၀မ်းမြောက်ဝမ်းသာ ရှိတာတို့၊ သူများ မကောင်း မပြောတာတို့၊ ကူညီနိုင်တာတွေ့ရင် ကာယအား၊ ဥာဏအားဖြင့် ကူညီတာတို့ စတာတွေဟာ ပိုက်ဆံမကုန်ဘဲ ရတတ်တဲ့ ကုသိုလ်တွေပါ။

ပိုက်ဆံ မကုန်တဲ့ တန်ဖိုးအကြီးဆုံး ကုသိုလ်ကတော့ နေ့စဉ်နေ့တိုင်း မိမိ ရှုနေ ထုတ်နေတဲ့ ၀င်လေ၊ ထွက်လေကို သတိထား စောင်းကြည့်နေရင်၊ ဒါမှာ မိမိလုပ်နေတဲ အရာတွေကို မျက်ခြေမပြတ် သတိနဲ့ စောင့်ကြည့်နေ၊ မိမိရဲ့ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်၊ မိမိစိတ်ရဲ့ ပြောင်းလဲတတ်တဲ့ ဖြစ်စဉ်တွေကို စောင့်ကြည့်နေနိုင်မယ်ဆိုရင် တန်ဖိုး ဖြတ်လို့ မရနိုင်တဲ့ ကုသိုလ်တွေပါပဲ။ တစ်ခုခုကိုတော့ မျက်ခြေမပျက် သတိနဲ့ မှတ်နေဖို့ပါပဲ။

လုပ်ရမှ။

အလုပ်ကတော့ နေ့စဉ်လုပ်နေရတာပါပဲ။ ဆင်းရဲသူလည်း ဆင်းရဲတဲ့အလျောက်၊ ချမ်းသာသူလဲ ချမ်းသာတဲ့အလျောက် လုပ်နေကြရတာပါပဲ။ အလုပ်မလုပ်တဲ့သူရယ်လို့တော့ တစ်ဦးမှ ရှိမယ်မထင်ပါဘူ၊ တန်ဖိုးရှိတဲ့ အလုပ်၊ တန်ဖိုးမဲ့တဲ့ အလုပ် ဒါတွေပဲ ကွာခြားသွားကြလိမ့်မယ်လို့ ထင်ပါတယ်။

ကုသိုလ် ပညာ၊ ဥစ္စာ ရှာမှု၊ တစ်ခုခု၊ မရသူမှာ အရှုံးသာ- စသည်ဖြင့်
ဆုံးမစကားတွေ ရှိပါတယ်။ ဒါပေမယ့် ဘ၀အတွက် အဓိပ္ပါယ်ရှိဖို့ ဘ၀မရှုံးဖို့ကတော့ နေ့စဉ်နေ့စဉ် ကုသိုလ်လုပ်ရမှ ဖြစ်မယ်။
အိပ်ခါနီ နဖူးပေါ်လက်တင် စဉ်းစားကြည့်လိုက် ဒီနေ့ ငါ ဘာကုသိုလ်တွေ လုပ်ပြီးပြီလဲ။
တကယ်လို့ ဘာမှ မလုပ်ရသေးရင်၊ မလုပ်ဖြစ်ခဲ့ရင် -

အရှုံးတော့ မခံပါနဲ့ နှာသီးဖျားက ၀င်လေထွက်လေကို သတိထားလို့ ဖြစ်စေ၊ ၀မ်းဗိုက်ပေါ် လက်တင်ပြီး ဖောင်းတာ ပိန်တာကို သတိထားလို့ဖြစ်စေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတို့ရဲ့ ဂုဏ်တော်တွေကို ပွားလို့ပဲဖြစ်စေ၊ မေတ္တာပွားလို့ပဲဖြစ်စေ တနေ့တာအတွက် ဘ၀မရှုံးအောင်လုပ်ဖို့တော့ လိုအပ်ပေလိမ့်မယ်။ ဆိုလိုရင်းကတော့ နေ့စဉ် နေ့စဉ် လုပ်နိုင်သလောက် ကုသိုလ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင်နေမယ်ဆိုရင် နေ့ပေါင်းများစွား ကြာမြင့်လာသောအခါကာလအတွက်တော့၊ တခုခုတော့ လုပ်စေချင် . . .


အထက်က ရေးလိုက်တဲ့ စာတွေကို နိဂုံးချုပ်လိုက်တော့

အချုပ်

ပါဠိမြန်မာ၊ အနက်ရှာ၊ လိပ်မှာ မူရင်းက။
ရှေးအတိတ်ကံ၊ သေမည်မှန်၊ လေးတန်သေမျိုးပြ။
ကုသိုလ်ရွေးချယ် လုပ်ကြကွယ်၊ သုံးသွယ် တန်ဖိုးလှ။
ပန်းကို ပုံပြု ကုသိုလ်စု တစ်ခုခုတော့ လုပ်ရမှ . . . ။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

0 comments:

 

blogger templates | Make Money Online